09 Jul 2016
u ko ko htwe

မေး ။   ။ မင်္ဂလာပါဆရာ။ ဆရာ့ရဲ့ အကြောင်းလေးကို မိတ်ဆက်ပေးပါဦး။

ဖြေ ။   ။ ဟုတ်ကဲ့ မင်္ဂလာပါ။ ကျွန်တော်က တော်ဝင်မိသားစု ကုမ္မဏီရဲ့ ဥက္ကဋ္ဌ ဦးကိုကိုထွေးပါ။ တော်ဝင်မိသားစု ကုမ္မဏီကို စတင်တည်ထောင်လာခဲ့သူ ဖြစ်ပါတယ်။ ကျွန်တော့်ရဲ့ အဓိကလုပ်ငန်းကတော့ construction ကို အဓိကထားပြီး လုပ်ဆောင်ပါတယ်။ construction ကို ဆောင်ရွက်ဖို့ အထောက်အကူပြုဖို့အတွက် furniture factory ကိုလည်း တည်ထောင်ထားပါတယ်။ နောက်တစ်ခါ တော်ဝင်စင်တာနဲ့ တော်ဝင်ဂါးဒင်းဟော်တယ်ကိုလည်း ဆက်လက်ပြီးတော့ ဆောင်ရွက်နေပါတယ်။ construction အနေနဲ့တော့ အဓိက ကတော့ အဆောက်အဦးတွေ တည်ဆောက်ပါတယ်။ အဆောက်အဦးဆောက်တဲ့လုပ်ငန်းကိုပဲ အဓိကဆောင်ရွက်ပါတယ်။ ကျွန်တော့်ရဲ့တော်ဝင်ဂါးဒင်းဟော်တယ်နှင့် တော်ဝင်စင်တာကိုလည်း ကိုယ်တိုင်တည်ဆောက်သလို ကိုယ်တိုင်ဒီဇိုင်းရေးဆွဲခဲ့ပါတယ်။ construction ရဲ့ အဓိကအများဆုံးတည်ဆောက်ဖို့ရည်ရွယ်ထားခဲ့တာတွေကတော့ တန်ဖိုးနည်းအိမ်ရာတွေ တည်ဆောက်ဖို့ပဲဖြစ်တယ်။ တန်ဖိုးနည်းအိမ်ရာတွေကတော့ ၁၉၉၅ ခုနှစ်ကနေပြီးတော့ အခုချိန်ထိ ဆောင်ရွက်ခဲ့တာဖြစ်ပါတယ်။ မန္တလေးမှာ (၃၅) လမ်းနဲ့ (၇၆) လမ်းမှာ သီရိရိပ်သာ (၁) ဆြို့ပီးတော့ တန်ဖိုးနည်းအိမ်တွေ တည်ဆောက်ပါတယ်။ တန်ဖိုးနည်းဆိုတဲ့အတိုင်းပဲ ပေ ၃၀× ၆၀ ပေါ့။ နှစ်ထပ်တိုက်ကို အဲဒီအချိန် အဲဒီကာလမှာ (၂၄) သိန်းနဲ့ ရောင်းချပေးခဲ့ပါတယ်။ နောက်တစ်ခါ တော်ဝင်အိမ်ရာနဲ့ မဟာမြိုင်အိမ်ရာဆိုပြီးတော့ မြောက်ဒဂုံမှာ တည်ဆောက်ပါတယ်။ တော်ဝင်အိမ်ရာကိုတည်ဆောက်တုန်းကတော့ (၁) ခန်းကို (၃) သိန်းလောက်နဲ့ တည်ဆောက်ပေးပါတယ်။ square feet 600 လောက်ရှိပါတယ်။ အိပ်ခန်းနှစ်ခန်းပါ ပါတယ်။ ဒါကတော့ အဓိက ကတော့ ကုန်သွယ်ရေး ၀န်ကြီးဖြစ်တဲ့ ဗိုလ်ချုပ်ထွန်းကြည်ကနေပြီးတော့ သူ့ရဲ့ ၀န်ထမ်းတွေကို ဆောင်ရွက်ပေးပါဆိုလို့ သူ့ရဲ့ ၀န်ထမ်းတွေကို အဓိကထားပြီးတော့ ဆောင်ရွက်ပေးတာဖြစ်ပါတယ်။ ဒီဘက်မှာ ကျန်ခဲ့တဲ့ မြေ ၈ ဧက ပေါ်ထပ်ပြီးတော့ အခန်း (၁၄၀၀) လောက်ကို ၀န်ကြီးဌာနပေါင်းစုံအတွက်ဆိုပြီးတည်ဆောက်ပြီးတော့ တစ်ခန်းကို (၁၂) သိန်း ခွဲလောက်နဲ့ ရောင်းချပေးခဲ့ပါတယ်။ အဲဒါတွေက တန်ဖိုးနည်းအိမ်ရာတွေ တည်ဆောက်တဲ့လုပ်ငန်းစဉ်မှာ ပထမစလာခဲ့တာပါ။

မေး ။   ။ ဟုတ်ကဲ့ပါ။ ဆရာ တန်ဖိုးနည်းအိမ်ရာ ခန့်မှန်းခြေ ဘယ်နှစ်ခုလောက် ဆောက်ပြီးသွားပြီလဲဆရာ။

ဖြေ ။   ။ အခု သီရိရိပ်သာမှာ (၇၈) လုံး၊ လုံးချင်းအိမ် (၇၈) လုံးတည်ဆောက်ပြီးခဲ့ပြီးပါပြီ။  နောက်ပြီးတော့ မြောက်ဒဂုံမှာ မဟာမြိုင်အိမ်ရာနဲ့ တော်ဝင်အိမ်ရာကို အခန်း (၂၃၀၀) ကျော်တည်ဆောက်ခဲ့ပါတယ်။ မုဒိတာအိမ်ရာ (၁) နဲ့ (၂) ကို အခန်းပေါင်း (၃၅၀၀) လောက် တည်ဆောက်ပေးပါတယ်။ ဒါကြောင့် အခန်းအရေအတွက်အားဖြင့် တွက်မယ်ဆိုရင် အခန်း (၅၀၀၀) ကျော် တည်ဆောက်ပေးပြီး လုံးချင်းအိမ်ရာ (၇၆) လုံးရယ်၊ ရန်ကုန်မှာ မြေနဲ့ လုံးချင်းအိမ်ရာလေးတွေ အနည်းငယ်စီ တည်ဆောက်ပေးပြီးတော့ ရောင်းခဲ့ပေးပါတယ်။ အဲဒီတုန်းက မြောက်ဒဂုံမှာ အုတ်တံတိုင်းခတ်ပြီးတော့ ကွန်ကရစ်လမ်းတွေ၊ facility တွေလုပ်ပေးပြီး ပေ (၁၀၀) ပတ်လည်ကို သိန်း (၄၀) နဲ့ ရောင်းချပေးခဲ့ပါတယ်။ ဒါတွေဟာ တန်ဖိုးနည်းဆိုတာက အဲဒီ့ သူ့ခေတ်သူ့ကာလမှာ သိန်း (၁၀၀) ပေါက်ရင် သိန်း (၅၀) နဲ့ ရောင်းမယ်။ သိန်း (၅၀) ပေါက်ရင် သိန်း (၂၀) သိန်း (၂၅) နဲ့ ရောင်းမယ်ဆိုတဲ့ ဒီလိုရည်ရွယ်ချက်နဲ့ ရောင်းမယ်ကို ပြောတာပါ။ တန်ဖိုးနည်းဆိုတာက အရည်အသွေးတွေ ကျပြီးတော့ အဆင့်အတန်းမရှိတဲ့ အိမ်ခန်းတွေတည်ဆောက်ပြီးရောင်းတာ တန်ဖိုးနည်းမဟုတ်ပါဘူး။ တန်ဖိုးနည်းဆိုတာက တကယ် သူ့ကာလပေါက်ဈေးနဲ့ အများကြီးနည်းပြီးလျော့ရောင်းတဲ့အတွက် တန်ဖိုးနည်းလို့ပြောတာပါ။ ဒါကြောင့်မို့လို့ တန်ဖိုးနည်းအိမ်ရာလို့ ပြောတဲ့နေရာမှာ တကယ်ရောင်းနိုင်တဲ့ ဥပမာအားဖြင့်ပြောရရင် ဒီ မုဒိတာအိမ်ရာတွေမှာ မြေညီထပ်ကို ကျွန်တော်ရောင်းတာက (၁၆၅) သိန်း သူတို့ရောင်းတာ သိန်း (၅၀၀) နဲ့ သိန်း (၈၀၀) ကြားထဲမှာ ဖြန့်ပြီးတော့ ရောင်းချသွားကြတာ၊ ကျွန်တော် (၁၆၅) သိန်းကနေ (၃၃၀) ရောင်းမယ်ဆိုရင်လည်း ကျွန်တော် ရောင်းလို့ရတယ်။ အခန်းပေါင်းမြောက်များစွာ ရောင်းတဲ့အတွက် ကျွန်တော် တစ်ခန်းကို  သိန်း (၂၀၀) လောက် အမြတ်တင်ရောင်းမယ်ဆိုရင် ၀ယ်တဲ့သူတွေအနေနဲ့ တန်ဖိုးနည်းတော့ မဖြစ်တော့ဘူး။ ပြီးတော့လည်း ကျွန်တော်အနေနဲ့ကလည်း အခန်း (၃၅၀၀) ကို သိန်း (၂၀၀) တင်ရောင်းမယ်ဆိုရင် သိန်းပေါင်း (၇) သိန်းလောက် အကျိုးအမြတ်ရမှာ ဖြစ်ပါတယ်။ အဲဒီ အကျိုးအမြတ်တွေကို စွန့်လွှတ်ပြီးတော့ ကျွန်တော် တကယ့်တန်ဖိုးနည်းကို ဆောင်ရွက်တဲ့အတွက် ဒီဟာကို တကယ့်တန်ဖိုးနည်းလို့ ခေါ်တာပါ။ ကုန်ကျစရိတ်သက်သာအောင်လို့ လုပ်တဲ့နည်းစနစ်တွေနဲ့ အဆောက်အဥိးဆောက်လုပ်တဲ့ အခန်းမှာ စနစ်ကျတဲ့ တည်ဆောက်မှုတွေကို ဆောင်ရွက်တဲ့အတွက် တန်ဖိုးကို သူများထက်ပိုပြီးတော့ လျော့ချအောင်လည်း တည်ဆောက်နိုင်တာဖြစ်ပါတယ်။ နောက်တစ်ခုက ဒီအပေါ်မှာ စေတနာထားပြီးတော့ အကျိုးအမြတ်ကိုနည်းနည်းလေးပဲ ယူတဲ့အတွက်ကြောင့် ကျွန်တော်တို့ အဆောက်အဥိးတွေရဲ့ ရောင်းချတဲ့ အမြတ်အရမ်းနည်းသွားတာဖြစ်ပါတယ်။ 

မေး ။    ။ ဟုတ်ကဲ့ဆရာ။ အဲဒီတော့ ဆရာပြောချင်တဲ့သဘောက တန်ဖိုးနည်းအိမ်ရာဆိုပေမဲ့ ဆရာအမြတ်ကိုအများကြီးမယူပဲနဲ့ quality ထိန်းပြီးတော့ customer တွေ မေတ္တာနဲ့ ထားတဲ့အတွက်ကြောင့် ဆရာ့ရဲ့ အိမ်ရာတွေကို တန်ဖိုးနည်းအိမ်ရာလို့ သတ်မှတ်တာပေါ့နော်။

ဖြေ ။   ။ ဟုတ်ပါတယ်။ တန်ဖိုးနည်းအိမ်ရာလို့ သတ်မှတ်တာ တစ်ချို့က တန်ဖိုးနည်းဆိုတာ အရည်အသွေးကျလို့ ဒီလိုမျိုးတွေ ပြောကြတာပေါ့နော်။ အဲဒီတော့ အရည်အသွေးကျလားမကျလားဆိုတာ ကျွန်တော် မုဒိတာအိမ်ရာ၊ တန်ဖိုးနည်းအိမ်ရာဆိုပြီး ရောင်းပါတယ်။ တကယ်လည်း သူများထက် ဈေးနည်းအောင်ရောင်းတဲ့အတွက် ကျွန်တော်ရောင်းတဲ့ ၀န်ထမ်းတွေကို ၀ယ်တဲ့လူတွေ ၀ိုင်းအုံလာတဲ့အတွက် ထွက်ပြေးရတဲ့အထိတောင် အရမ်းရောင်းကောင်းခဲ့ပါတယ်။ ရောင်းကောင်းတယ်ဆိုတာက ၀ယ်တဲ့သူက တစ်သိန်းလောက်ရှိတယ်။ ရောင်းနိုင်တာ (၃၀၀၀) ကျော်ပဲရှိပါတယ်။ အဲဒါကြောင့်မို့လို့ ကျွန်တော်တို့ ဒီတိုက်ခန်းတွေကို မဲဖောက်ပြီးတော့ ကျတဲ့အခန်းကို ရတဲ့အခန်းကို ယူရတဲ့အထိ တိုက်ခန်းရောင်းခဲ့ရတာပါ။ ဒါကလည်း တိုက်ခန်းရဲ့ quality အားဖြင့်တော့ တစ်ချို့ကလည်း စိတ်ထဲမှာ သံသယဖြစ်ကြတာပေါ့နော်။ ဒီနေ့ ကျွန်တော် တန်ဖိုးနည်းအိမ်ရာကို ရောင်းပြီးတော့ ဒီအိမ်ရာနဲ့ ပတ်သတ်လို့ ဘယ်သူတွေနေလဲလို့ သွားကြည့်ရင် အမေရိကန်တွေလည်း နေပါတယ်။ ဂျပန်တွေလည်း နေပါတယ်။ ကိုးရီးယားတွေလည်း နေပါတယ်။ အဲလို ကျွန်တော် မုဒိတာ (၁) အိမ်ရာမှာဆိုရင် နိုင်ငံခြားသားတွေ ၀င်ရောက်နေထိုင်တာကို တွေ့ရမှာ ဖြစ်ပါတယ်။

မေး ။   ။ ဆရာရဲ့ ပြိုင်ဘက်အနေနဲ့ကြည့်မယ်ဆိုရင် ဆရာက ဈေးကွက်ဖြတ်တဲ့သူလို ဖြစ်နေတာပေါ့နော်။

ဖြေ ။   ။ ဒါကတော့ သူတို့ဘက်ကတွေးမယ်ဆိုရင်လည်း မှန်ပါတယ်။ ကျွန်တော်က ဈေးကွက်ကို ဖြတ်ပစ်လိုက်တာပေါ့။ ဒီနေ့ ကျွန်တော် (၄၅) သိန်းနဲ့ ရောင်းမယ်လို့ ပြောတဲ့အခါမှာ ကျွန်တော်ရောင်းတဲ့ဈေးကို ဘယ်တုန်းကမှ ဘယ်သူမှ လိုက်ပြီးတော့ ယှဉ်ပြီးတော့ မလုပ်နိုင်ပါဘူး။ ကျွန်တော်နဲ့အတူတူ တစ်ယောက်လိုက်ပြီးတော့ ယှဉ်လုပ်ခဲ့ပါတယ်။ သူကလည်း စေတနာနဲ့ဆိုတော့ သူ့နေရာမှာ ရောင်းပါတယ်။ သို့သော်လည်း သူလည်း ရှုံးသွားပြီးတော့ နောက်ထပ်ဆက်မလုပ်ရဲတော့တဲ့အနေအထားဖြစ်သွားပါတယ်။ အဲဒီိလိုပဲ ကျွန်တော် (၄၅) သိန်းနဲ့ ရောင်းမယ်။ တိုက်ခန်းကို ပါကေးခင်းပေးမယ်။ ကြွေပြားခင်းပေးမယ်။ LED ပါတပ်ပေးမယ်။ ဓါတ်လှေကားတပ်ပေးမယ်။ infrastructure အနေနဲ့တော့ ကွန်ကရစ်လမ်းတွေပါတယ်။ အခုနောက် (၄၅) သိန်းတန်မှာ ဆေးရုံတွေ၊ ကျောင်းတွေ၊ နေ့ကလေးထိန်းကျောင်းတွေ အကုန်လုံးကို facility တွေ အပြည့်အစုံနဲ့ ပါသင့်ပါထိုက်တဲ့ facility တွေ ထည့်တယ်။ အဲဒီတော့ ကျွန်တော်တို့ထည့်တဲ့ ကျောင်းတွေကတော့ ပိုက်ဆံယူတဲ့ ကျောင်းမဟုတ်ပါဘူ။ ဒါ အစိုးရကို ပြန်လှူပြီးတော့ ဒီမှာလူတွေကျောင်းပြန်တတ်လို့ရအောင်၊ ဒီမှာရှိတဲ့လူတွေ ဆေးပြန်ကုလို့ရအောင် အစိုးရကို ပြန်အပ်ပြီးတော့ ဆေးကုလို့ရတဲ့ ဆေရုံတွေ၊ ကျောင်းတတ်လို့ရတဲ့ ကျောင်းတွေပဲဖြစ်ပါတယ်။ ကျွန်တော် စီးပွားရှာတဲ့ ဆေးရုံမဟုတ်ပါဘူး။  ဒီလိုမျိုးတွေကျွန်တော်တို့က facility ပြည့်ပြည့်စုံစုံနဲ့ လုပ်ပြီးတော့မှ (၄၅) သိန်းနဲ့ ရောင်းမယ်ဆိုတာကို သူများတွေအတွက် အံ့သြစရာဖြစ်သလို သူတို့လည်း လိုက်မလုပ်နိုင်ပါဘူး။ သူတို့က တိုက်ခန်းကို (၄၅) သိန်းနဲ့ရောင်းတဲ့အတွက် ဒီဘက်မှာ သိန်း (၂၀၀) ကျော်(၃၀၀) နဲ့ ရောင်းနေတဲ့ တိုက်ခန်းငယ်လေးတွေကို သွားပြီး ထိခိုက်တာပေါ့။ ထိခိုက်တဲ့အခါကျတော့ ဒါဈေးကွက်ဖြတ်တယ်လို့ ပြောကျမှာပါ။ ကျွန်တော်ကလည်း ဈေးကွက်ဖြတ်တာ မဖြတ်တာကို အာရုံမစိုက်ပါဘူး။ ကျွန်တော် အာရုံစိုက်တာက ကျွန်တော်တို့အခြေခံ လူတန်းစားတွေ နေရေးအင်မတန် ကြပ်ပါတယ်။ နေရေးအင်မတန်ခက်တဲ့အတွက် သူတို့ရဲ့ လုပ်ခလစာတွေအများကြီးလိုချင်ကြတယ်။ ဒါပေမဲ့ အလုပ်ရှင်တွေ မပေးနိုင်ဘူး။ အဲဒီတော့ အလုပ်ရှင်အလုပ်သမား ဆန္ဒပြမှုတွေ ပေါ်လာပါတယ်။ ပြဿနာကို တစ်စိတ်တစ်ဒေသဖြေရှင်းခြင်းဟာလည်း တစ်နည်းပေါ့။ နောက်တစ်ခုက ကျွန်တော်တို့ ကျူးကျော်နေထိုင်ရသူတွေ တကယ်တော့ ကျူးကျော်နေထိုင်တဲ့ ရပ်ကွက်တွေမှာ ပြန်ကြည့်မယ်ဆိုရင် ဘယ်သူမှ မနေနိုင်လောက်ပါဘူး။ ဈေးကွက်၊ ကျောင်း၊ လမ်းချိုလမ်းကြား၊ သူများသွားလို့ အဆင်မပြေတဲ့ နေရာတွေမှာ ဖြစ်သလို တဲထိုးပြီးတော့ နေကြတဲ့ ကျူးကျော်တွေပါ။ သူတို့ဘ၀မှာ အဲဒီကျူးကျော်တောင်မှ တစ်ချို့ဆိုရင်တစ်လကို (၃၀၀၀၀) လောက်ပေးပြီးတော့ လူတစ်ယောက်စာ၊ တစ်ကိုယ်စာ နေနိုင်အောင် ငှားနေရတဲ့ ဘ၀မျိုးတွေ ကျွန်တော်တို့ တွေ့မြင်ရတာ ဖြစ်ပါတယ်။ အဲဒါကြောင့်မို့လို့ အဲဒီလူတွေ စနစ်တကျနဲ့ ကျန်းမာရေးနဲ့ ညီညွတ်တဲ့တင့်တောင်းတင့်တယ်နေနိုင်အောင် အခြေအနေကိုရောက်အောင် ဘယ်လိုဖန်တီးမလဲဆိုတဲ့ စေတနာနဲ့ ဒီဟာကို ရအောင် ဆောင်ရွက်ခြင်း ဖြစ်ပါတယ်။ ဒါကြောင့်မို့လို့ ဒီ မုဒိတာအိမ်ရာစီမံကိန်းတွေဟာ အများပြည်သူရဲ့ အကျိုးကို ဘယ်လောက်ဆောင်ရွက်ပေးနိုင်မလဲ ဆိုတာ မူတည်ပါတယ်။ ကျွန်တော် ဆောက်မှာ အခန်း (၃) သိန်းပါ။ အဲဒီတော့ အခန်း (၃) သိန်း ဆိုတာကတော့ သူများတွေ ဆောက်မယ်ဆိုရင် ကျွန်တော်တို့တစ်သက်မှဘယ်လိုမှမေ့နိုင်တော့မှာ မဟုတ်ပါဘူး။ ပြည့်အောင်လည်း ဆောက်နိုင်မှာ မဟုတ်ပါဘူး။ ဒါကို ကျွန်တော်မဖြစ်ဖြစ်အောင်ဆောက်မယ်ဆိုတော့ တစ်နေ့ကို အခန်း (၂၀၀) ပြီးတဲ့နှုန်းနဲ့ တစ်နှစ်ကို (၆) သောင်း၊ နောက် (၅) နှစ်ကျရင် (၃) သိန်းပြည့်မှာပဲ။ ဒါက ကျွန်တော်တစ်ယောက်တည်းလုပ်မဲ့ကိစ္စပါ။ တွက်တာပါ။ တကယ်လို့များ ကျွန်တော့လိုလုပ်နိုင်တဲ့သူ (၅) ယောက်လုပ်မယ်ဆိုရင် တစ်နှစ်ထဲနဲ့လဲ ပြီးသွားနိုင်ပါတယ်။ ဒါကြောင့်မို့လို့ အခန်း (၃) သိန်းလောက်သာ လုပ်မယ်ဆိုရင် ကျူးကျော်ရပ်ကွက်တွေ အားလုံးလဲ  ရှင်းသွားတဲ့အတွက် နိုင်ငံတော်အတွက်လည်း အကျိုးရှိသလို နေတဲ့လူတွေအတွက်လည်း အများကြီးအကျိုးရှိပါတယ်။ ဒါကြောင့်မို့လို့ ဆောင်ရွက်ခြင်းဖြစ်ပါတယ်။

မေး ။   ။ ဆရာတန်ဖိုးနည်းအိမ်ရာကို တည်ဆောက်နိုင်ရတဲ့ လျို့ဝှက်ချက်ကို ပြောပြပေးပါ။

ဖြေ ။   ။ အဓိကအခြေခံကျတာကတော့ ဒီဇိုင်းပေါ့။ တန်ဖိုးနည်းအောင် တည်ဆောက်ရတဲ့ ဒီဇိုင်းမှာ circulation area တွေနည်းပြီးတော့ effective area တွေ များရမယ်။ structure ပိုင်းမှာလည်း ခိုင်ခံ့မှုကို မလွဲမသွေဦးစားပေးရတယ်။ Struture ကို ပိုခိုင်မာပြီး တန်ဖိုးသက်သာမယ့်အလွယ်ဆုံးနည်းကတော့ လေးထောင့်ပုံကျပြီး အချိုးစားညီမျှရင် ရပါပြီ။ နည်းပညာနည်းစနစ်တွေ၊ စီမံခန့်ခွဲမှုတွေ၊ ဒီဇိုင်းတွေ အဲဒီသုံးခုကို သေချာနားလည်ပြီး ဒီဇိုင်းရေးဆွဲမယ်ဆိုရင် တန်ဖိုးနည်းအိမ်ရာ တည်ဆောက်လို့ရပါပြီ။ 

မေး ။   ။ ဒီဇိုင်းကိုရော ကျွမ်းကျင်ပညာရှင်တွေ ခေါ်သုံးလား။

ဖြေ ။    ။ ဒီဇိုင်းကိုလည်း ကိုယ်တိုင်ဆွဲတာပါ။ 

မေး ။   ။ တန်ဖိုးနည်းအိမ်ယာဆိုရင် ပြင်ပလောကမှာ အရည်အသွေးနိမ့်တယ်လို့ ပြောနေကြတယ်။ အဲဒီအကြောင်းနဲ့ ပတ်သက်ပြီးတော့ ဆရာ ဘယ်လိုမြင်လဲ။ 

ဖြေ ။   ။ ဒါကတော့ ဟုတ်ပါတယ်။ တစ်ချို့ကတော့ အပေါ်မှာပြောတဲ့အတိုင်း နည်းပညာ၊ စီမံခန့်ခွဲမှုတွေ၊ ဒီဇိုင်းတွေကို သေချာမလုပ်ဘဲနဲ့ လုပ်တဲ့အခါ ကုန်ကျစားရိတ်က မသက်သာဘဲနဲ့ မြင့်လာပါတယ်။ ထိုနည်းတူပဲ တန်ဖိုးနည်းဟု မပြောနိုင်ဘဲ တန်ဖိုးသင့်ဟု ပြောင်းလဲသုံးနှုန်းပြီးတော့ အရည်အသွေးတွေလည်း လျော့နေတာကို တွေ့ရပါတယ်။ ကျွန်တော်ဆောက်တဲ့ တန်ဖိုးနည်းအိမ်ရာတွေမှာ အရည်အသွေးကောင်းအောင် System ကောင်းကောင်းနဲ့ ပြုလုပ်ပါတယ်။ ဥပမာပြောရမယ်ဆိုရင် စီမံခန့်ခွဲမှုကောင်းလျင် တစ်နေ့ရှစ်နာရီ လုပ်ရမယ့်အလုပ်ကို နှစ်နာရီလောက်နဲ့လည်း လုပ်နိုင်ပါတယ်။ ဆောက်လုပ်ရေးလုပ်ငန်းတွေမှာ အဖြစ်များတဲ့ ပြဿနာကတော့ အလုပ်သမားတွေက ပစ္စည်းတွေကို စောင့်၍ပြုလုပ်နေရပြီး (တစ်နည်းအားဖြင့်) ပစ္စည်းများ အဆင်သင့်မရှိသဖြင့် လိုအပ်သောနေရာ အလွယ်တကူမရောက်သဖြင့် အချိန်ကြာရခြင်း ဖြစ်ပါတယ်။ ကျွန်တော်ဆိုရင် လုပ်သားတစ်ယောက်ကို တစ်နေ့အနည်းဆုံး တစ်သောင်းခန့်ရအောင် လုပ်ပေးနိုင်ဖို့ ကြိုးစားနေပါသည်။ တစ်ဖက်ကပြန်ကြည့်ရင် ရောင်းတာကလည်း တန်ဖိုးနည်းဖြစ်အောင် ရောင်းတယ်။ အလုပ်သမားခကိုလည်း တစ်ခြားလူတွေက ၃၆၀၀ တောင် မပေးနိုင်တဲ့အချိန်မှာ  ၁၀၀၀၀ ၀န်းကျင် ကျွန်တော်ပေးတယ်။ အဲဒီမှာ နည်းပညာနဲ့ စီမံခန့်ခွဲမှုမကောင်းရင် မရပါဘူး။ အကုန်လုံး အိတ်စိုက်လုပ်နေရပါလိမ့်မယ်။ မြန်မာပြည်မှာ အများစု စီးပွားရေးအဆင်မပြေရတဲ့ အကြောင်းရင်းက system မကောင်းလို့ပါ။ အုပ်ချုပ်မှုတွေ၊ စီမံခန့်ခွဲမှုတွေမှာ လိုအပ်တဲ့ system ကို ဘာမှမသုံးနိုင်ကြဘူး။ system ကောင်းရင် တစ်ခုပြီးတစ်ခု ဘာလုပ်ရမယ်။ ဘယ်သူ့ကို ဘာခိုင်းရမယ်ဆိုတာ စနစ်တကျ ပြုလုပ်နိုင်တဲ့အတွက် အလေအလွင့်နည်းသွားပါတယ်။ အပျက်အစီးလဲ နည်းတယ်။ 

မေး ။    ။ နည်းပညာအကြောင်းတွေကိုလဲ နည်းနည်းပြောပြပေးပါ။ 

ဖြေ ။   ။ Form Work ( Frame Work) က အရေးကြီးပါတယ်။ အများစုက သစ်သားကိုပဲ အသုံးပြုကြပါတယ်။ ဥပမာ - အခန်းသုံးသိန်း ဆောက်မယ်ဆိုရင် သစ်တန်ချိန် သုံးသိန်းကုန်မယ်။ ဒီ သစ်တန်ချိန်တွေကို ဆယ်ခါသုံးမယ်ဆိုရင် ကုန်ကျစားရိတ်က အင်မတန်များပါတယ်။ သစ်သားက ဘယ်လောက်ပဲ ချွေချွေတာတာသုံးသုံး ငါးကြိမ်ထက် ပိုမရနိုင်ပါ။ သံကို သေချာသုံးလျှင် တစ်သက်လုံးနီးပါး အသုံးခံပါတယ်။ အရည်အသွေးကလည်း သေသေချာချာ ထုတ်လုပ်ထားတာကြောင့် ပိုပေါ့ပါးပြီး စနစ်ကျပါတယ်။ ဥပမာပြောရရင် လက်ချုပ်အထည်ချုပ်နှင့် စက်ရုံချုပ်အထည်ချုပ် ကွာသလိုပါပဲ။ ဒါကြောင့် ဒီနေရာမှာ သစ်မသုံးပဲ သံကို သုံးရင် တန်ချိန်များလျော့ချနိုင်ပြီး ကုန်ကျစားရိပ်သက်သာစေနိုင်ပါတယ်။ ၀န်တွေလဲ အများကြီးပေါ့သွားတဲ့အတွက် အလုပ်သမားတွေလဲ သက်သာတယ်။ သယ်ယူရာတွင် ၀န်ပေါ့သဖြင့် သယ်ဆောင်ခစားရိပ်သက်သာပါတယ်။ ဒီနေရာမှာ အလုပ်သမားစားရိပ်ကော သယ်ဆောင်ခစားရိပ်ကော Frame Work စားရိပ်ကော သုံးခုလုံး သက်သာသွားစေပါတယ်။ 

မေး ။   ။ ဆောက်လုပ်ရေး လုပ်သားတွေကို ပြည်တွင်းလုပ်သားတွေပဲလား။ ပြည်ပ လုပ်သားတွေ ပါသေးလား။

ဖြေ ။   ။ ပစ္စည်းတစ်ခုကို ဘယ်လိုလုပ်ရမယ် ဘယ်လိုပုံစံထုတ်ရမယ်ဆိုတာ ကျွန်တော်ကိုယ်တိုင် အရင်လုပ်ကြည့်တယ်။ ပြီးမှ လုပ်သားခေါင်းဆောင်တွေကို ကျွန်တော်ပြောတယ်။ သူတို့က တစ်ဆင့် လုပ်သားအကုန်လုံးကို ပြန်ပြောတယ်။ လုပ်ငန်းတွေအားလုံးကို ပြင်ပပညာရှင်တွေ မခေါ်ပါဘူး။ တစ်ချို့လုပ်ငန်းကြီးတွေတော်တော်များများ ပြည်ပပညာရှင် အကူအညီနဲ့ တည်ဆောက်ထားကြပါတယ်။ ကျွန်တော်ကတော့ ကိုယ်ပိုင်တီထွင်ကြံဆပြီး ပြုလုပ်ပါတယ်။ ဥပမာ ကျွန်တော်ဆိုရင် ကျွန်တော့ဟော်တယ်မှာ အခန်းပေါင်း ၅၀၀ ကျော်ရှိတယ်။ အဲဒါကို ကျွန်တော့်မိတ်ဆွေအများစုက ပြည်ပအကူအညီယူမှရမယ်။ ကိုယ့်ဘာသာကိုယ် မြန်မာလူမျိုးတွေ မအုပ်ချုပ်နိုင်ဘူးဟု အကြံပြုပြောဆိုကြတယ်။ အဲဒါကို ကျွန်တော်က လက်မခံပါဘူး။ ကျွန်တော်က သူတို့ကို ပြန်ပြောတယ်။ ဟော်တယ်ကို ရိုးရိုးလေးစဉ်းစားကြည့်ရင် အိမ်ခန်းတွေပါပဲ။ ပိုလာတာကတော့ Reception ပေါ့။ ဒါတွေက အခန်းကို ဘိုကင်လုပ်ရတယ်။ Check in , Check out လုပ်ရတယ်။ ဒါတွေက အကြမ်းမျဉ်း ပြန်ပြောရင် Sales and Marketing နဲ့ ခပ်ဆင်ဆင်သွားဖြစ်နေပါတယ်။  အရေးကြီးဆုံးနဲ့ မတူညီဆုံးအချက်ကတော့ ဟော်တယ်ဖြစ်တဲ့အတွက် အဆင့်အတန်းမြင့်မြင်ကောင်းကောင်း ၀န်ဆောင်မှုတွေ ပေးရပါတယ်။ ဒါတွေကို ကျွန်တော့်အနေနဲ့ ပြန်ကြည့်ရင် ခက်ခဲတယ်လို့ လုံးဝမထင်ပါဘူး။ ဒါကြောင့်မို့လည်း နိုင်ငံခြား ပညာရှင်တွေကို လုံးဝမခေါ်ထားပါဘူး။ ကျွန်တော့်ဆီက ၀န်ထမ်းတွေက ပြည်တွင်းဝန်ထမ်းတွေပဲ ဖြစ်ပါတယ်။ အတွေ့အကြုံလုံးဝမရှိတဲ့ လူတွေကိုလည်း ကျွန်တော်က Training သေချာပေးပြီးတော့ လုပ်ခိုင်းပါတယ်။ ကျွန်တော့်ဟော်တယ်က ရန်ကုန်မှာရှိတဲ့ ဟော်တယ်အလုံး ၂၀၀ ကျော်ထဲမှာမှ အဆင့် ၁၈ ရှိပြီး အောင်မြင်တယ်လို့ ယူဆလို့ရပါတယ်။ ကျွန်တော့်ရဲ့ ဟော်တယ်က တည်နေရာကော ၀န်ဆောင်မှုကော ကောင်းမွန်တယ်လို့ ဟော်တယ်အဆင့်သတ်မှတ်တဲ့ လူတွေထံမှ သိရပါတယ်။ ဒါတွေအားလုံးကို ခြုံကြည့်မယ်ဆိုရင် ကျွန်တော့်ရဲ့ စီမံခန့်ခွဲမှုမှန်ကန်တဲ့အတွက်ကြောင့် ဖြစ်ပါတယ်။ 

မေး ။   ။ ဟော်တယ်စီမံခန့်ခွဲမှုမှာရော ဆော့ဖ်ဝဲလ်တွေ သုံးသေးလား။

ဖြေ ။   ။ သုံးပါတယ်။ ဒါကလည်း အော်ပရာဟော်တယ်ဆော့ဖ်ဝဲလ်ကို သုံးပါတယ်။ အဲဒါကိုလည်း နောက်နှစ်တွေကျရင် အသုံးပြုတာ ရပ်နားပြီးတော့ ကိုယ်ကိုတိုင်တီထွင်တဲ့ ဆော့ဖ်ဝဲလ်ကို အသုံးပြုဖို့ ပြုလုပ်နေပါတယ်။ ဒီဆော့ဖ်ဝဲလ်တွေကို နိုင်ငံခြားသားမှ လုပ်နိုင်တာမဟုတ်ဘူး။ ပြည်တွင်းမှာလည်း လုပ်နိုင်တယ်ဆိုတာကို ပြချင်တဲ့အနေနဲ့ ကျွန်တော် ဆော့ဖ်ဝဲလ်တွေကို ရေးခြင်းဖြစ်ပါတယ်။

မေး ။   ။ ဆရာ့ရဲ့ တော်ဝင်မိသားစုအောက်မှာ ရှိတဲ့ လုပ်ငန်းတွေကို ရှင်းပြပေးပါ။

ဖြေ ။   ။ ကျွန်တော်တို့တော်ဝင်မိသားစုရဲ့အောက်မှာတော့ များများစားစားမရှိပါဘူး ကျွန်တော်တို့ Construction လုပ်ပါတယ်။ နောက်ပြီးတော့ ဟိုတယ်လုပ်ငန်းလဲ လုပ်
ပါတယ်။ ပြီးတော့ တော်ဝင်စင်တာဆိုပြီး ကုန်တိုက်လုပ်ငန်းတွေ လဲလုပ်ပါတယ်။
 
မေး ။   ။ ဆရာဆီမှာ ခန့်မှန်းချေ ၀န်ထမ်း ဘယ်လောက်ရှိသလဲ။

ဖြေ ။  ။ ၀န်ထမ်းက အရင်တုန်းက ၅၀၀၀ကျော်ကျော် ၆၀၀၀လောက်ရှိတယ်။ အခုတော့ ကျွန်တော်တို့ဆီကလုပ်ငန်းလဲ နည်းသွားတဲ့အခါကျတော့ ၀န်ထမ်းလုပ်သား အားလုံးပေါင်းမှ ၃၀၀၀ လောက်ဘဲရှိတယ်။

မေး ။   ။ ဆရာ ဒီစီးပွားရေးတွေကို ဒီလိုလုပ်တတ်လာတာ ကူညီပေးတဲ့သူ၊ ဒါမှမဟုတ် ဆရာ့မိဘရဲ့ ထောက်ပံပေးမှုတွေရော ရှိလား။

ဖြေ ။   ။ အဖေအမေကတော့ တိုက်ရိုက်ပေးခဲ့တာ မဟုတ်ပါဘူး။ ကျွန်တော့်ဘာသာ ကျွန်တော် လုပ်လာခဲ့တာပါ။ ဒါပေမဲ့ သင်ဆရာ၊ မြင်ဆရာ၊ ကြားဆရာ ဆိုပြီး သုံးခုရှိပါတယ်။ ငယ်စဉ်ကတည်းက ဘယ်အရာမဆို ကြုံတဲ့နေရာမှာ ပညာသင်ယူလေ့ရှိပါတယ်။ စီးပွားရေးကို ငယ်စဉ်ကတည်းက စိတ်ဝင်စားတယ်။ မူလတန်းကတည်းက အမေကို ဈေးဝယ်လိုက်ရင်းနဲ့ ကူညီခဲ့ပါတယ်။ အဲဒီ ကူညီတဲ့အချိန်မှာ အမေက ဈေးဝယ်တာ ဘာကြောင့် စောစောထွက်လာတယ်။ စောစောထွက်တဲ့အတွက် ရွေးဝယ်လို့ရတယ်။ ဈေးစစ်လို့ရတယ်။ ပစ္စည်းအမှန်ရတယ်ဆိုတဲ့ အကြောင်းတွေ ပြောပြတယ်။ ဒါ ၀ီရိယကြောင့် ရတယ်လို့ ရှင်းပြတယ်။ နောက်တစ်ခုက ကန်ဇွန်းရွက်ဝယ်တယ်ဆိုရင် ကြော်စားမှာလား၊ တို့စားမှာလား၊ အဲဒီအခါမှာ ၀ယ်ရမဲ့ ကန်ဇွန်းရွက်အကြောင်း ရှင်းပြတယ်။ အလားတူ ချဉ်ပေါင်ရွက်အကြောင်း စသည်ဖြင့် ရှင်းပြတယ်။ ပစ္စည်းတစ်ခုကို ဘယ်လိုဝယ်ရတယ်။ quality ဘယ်လို check ရတယ်။ စသည်ဖြင့် သင်ပေးသည်။ ဟင်းဝယ်တဲ့အခါမှာ ပေးတဲ့ ပိုက်ဆံနဲ့ ဘယ်လို လုံလောက်အောင် စီမံဝယ်ရတယ်။ ချက်တဲ့အခါမှာလည်း သူ့ဟာနဲ့သူ အချိန်ကိုက် ဘယ်လိုလုပ်ရလဲ စသည်ဖြင့် ပြောရင်း သင်ပေးတယ်။ ၀ီရိယအရေးပါပုံ၊ ပစ္စည်းဝယ်ခါနီး အရည်သွေးစစ်တတ်လာပုံ၊ အချိန်ကိုက် စီမံခန့်ခွဲမှု၊ ငွေကြေး စီမံခန့်ခွဲမှု ပညာတွေ ငယ်စဉ်ကပဲ အမေ့ဆီက ရခဲ့တယ်။

မေး ။  ။ ပလတ်စတစ် စက်လေးတွေထုတ်ရောင်းပြီးတော့ အခြား ဘာတွေကို လုပ်သေးလဲ။

ဖြေ ။   ။    ပလတ်စတစ်  စက်တွေထုတ်ရောင်းတယ်။ ပလတ်စတစ်စက်တွေမှာလဲ စက်တွေအများကြီးရှိတယ်။ 
ပိတ်တဲ့ဖြတ်တဲ့စက်တွေရှိတယ်။ နောက်ပြန်ပြီးတော့ Recycle လုပ်တဲ့စက်တွေ ရှိတယ်။ ဒါတွေကိုလဲ ထုတ်ရောင်းတယ်။ အဲဒီကနေ ကျွန်တော်တို့ မော်တော်ကား အစုတ်တွေဝယ်ပြီး ပြန်ပြင်ပြီးတော့ ပြန်ရောင်းတာပေါ့ နော်။ အရင်တုန်းကတော့ ကျွန်တော်တို့ ဒိုင်နာတို့၊ Town Ace တို့ မပေါ်ခင်ထဲက အစိုးရ လေလံပစ်လိုက်တဲ့ ကားအဟောင်း အစုတ်တွေ အခွံကြီးဘဲကို  တစ်စစီဝယ်ပြီးတော့ ပြင်ဆင်ပြန်ရောင်း ဒါမျိုးတွေလဲလုပ်ခဲ့တာပေါ့လေ။ စီပွားရေးကတော့ အမျိုးစုံလုပ်ခဲ့တာပေါ့။ construction လုပ်တဲ့အခါကျတော့ constructionနဲ့ ပတ်သက်တဲ့ စက်တွေတော်တော်များများကို ကိုယ့်ဘာသာကိုဘဲထုတ်တယ်။ နောက် သစ်စက်လုပ်တော့လဲ Funiture စက်တွေ တော်တော်များများကိုလဲ ကိုယ့်ဘာသာကိုဘဲ ထုတ်လုပ်ပြီးတော့  လုပ်နိုင်တဲ့အထိလုပ်လာခဲ့တာပေါ့။ အဲဒီလို စက်တွေတော်တော်များများလုပ်ခဲ့လို့လဲ ကျွန်တော်စက်မှုပြပွဲမှာ ပထမဆုရခဲ့တာပေါ့ ။

မေး ။   ။ ခဏခဏရနေတာပေါ့။

ဖြေ ။   ။ မဟုတ်ပါဘူး တစ်ခါဘဲပြိုင်တာပါ။ မန္တလေးမှာ စက်မူပြပွဲကို လာပြိုင်ပါဆိုလို့ သွားပြိုင်တာ။ ကျွန်တော်က အဲဒီလို involve  ဖြစ်မဲ့အလုပ်မျိုးကို သိပ်မလုပ်ဘူး။                                         

မေး ။  ။ ဒီတော်ဝင်မိသားစု ကုမ္ပဏီကို ဘယ်တုန်းက စလုပ်တာလဲ။

ဖြေ ။   ။ ကျွန်တော်က ကုမ္ဗဏီဆိုတာက ကုမ္ပဏီ အင်္ဂါရပ်နဲ့ ပြည့်စုံတဲ့အထိ ဆောက်တာပေါ့လေ။  အဲ့ဒီတော့ ကျွန်တော်က ၁၉၉၅ လောက်ကျမှဘဲ ကျွန်တော်တို့ ကုမ္ပဏီ စတင်ဖွဲ့စည်းခဲ့တယ်။  

မေး ။   ။ ကုမ္ပဏီ မထောင်ခင်ထဲက ဆရာ construction လုပ်တာပေါ့။

ဖြေ ။  ။ constructionက ၁၉၈၆  ကတည်းက စခဲ့တာ။ 

မေး ။   ။ ဆရာလုပ်တဲ့ လုပ်ငန်းတွေက မြေပိုင်ဘဲလား။

ဖြေ ။  ။ အရင်တုန်းက ကျွန်တော်တို့က ကန်ထရိုက်လုပ်တာဆိုတော့ အိမ်ရှင်နဲ့ အခန်းပေး အခန်းယူ လုပ်ကျတာပေါ့။ အဲဒီ ကနေပြီးတော့ နောက်တော့  အရေးအခင်းဖြစ်ပြီးတဲ့အခါ  အစိုးရ project တွေ လိုက်လုပ်
တယ်ပေါ့။ လိုက်လုပ်တဲ့အခါမှာ ရွှေပြည်သာ ရဲစခန်း ကိုစလုပ်တယ်ပေါ့။ ပြီးတဲ့အခါကျတော့ မန္တလေးမှာ novotel hotel တို့ ၊ရေကူးကန်တို့ ၊ ကားကြီးကွင်းတို့၊ သီရိမင်္ဂလာဈေးတို့အဲ့ဒီဟာမျိုးတွေ သွားဆောက်တယ်ပေါ့နော်။ သွားဆောက်ပြီးတော့ ပြန်လာပြီးတော့ ရန်ကုန်မှာရောက်တော့ အစိုးရ project လုပ်နေရင်းနဲ့ တစ်ချို့ project တစ်ချို့ကို မြေ၀ယ်ပြီးတော့ ကိုယ့်ဘာသာကို လုပ်တာ များပါတယ်။ 

မေး ။  ။ ပရဟိတဆန်ဆန်လေး တန်ဖိုးနည်းအိမ်ယာတွေ လုပ်တယ်ဆိုတော့လေ တစ်ခြားလူမူရေးကိစ္စကိုရော ဆရာဘာတွေလုပ်လဲဆရာ ။      

ဖြေ ။  ။ ကျောင်းတွေဆောက်ပေးခဲ့တာပေါ့နော်။ Funiture စက်ရုံလုပ်တုန်းက တစ်နှစ်ကို ကျောင်းသား ၃၀၀၀၀ စာပေါ့။ ကျောင်းသား၃၀၀၀၀ ထိုင်လို့ရမယ့် funiture ထိုင်ခုံလေးတွေ နှစ်တိုင်းလှူတယ်။ နောက်ပြီးတော့ ကျွန်တော်တို့ အ​-ထ-က (၁) နောက်ပြီး အ-လ-က (၃) စမ်းချောင်းပေါ့နော်။ အဲဒီ စမ်းချောင်းမှာ ကျောင်း ၂ ကျောင်းကို တစ်နှစ်စီတစ်နှစ်စီ ကျောင်းတစ်ကျောင်းစီပေါ့နော်။ ကျောင်းသား ၁၅၀၀ ၊၂၀၀၀ လောက်ဆန့်တဲ့ကျောင်းပေါ့နော်။  အကုန်လုံးဖျက်ပြီး အသစ်ပြန်ဆောက်ပေးတယ်။  အခု ကျွန်တော်တို့  လူနာ လေးရာ၊ ကုတင် လေးရာဆန့်တဲ့ ကျွန်တော်တို့ မြောက်ဥက္ကလာဆေးရုံကို အသစ်တည်ဆောက်ပေးပြီးတော့ ကျွန်တော်လှူတယ်။ နောက်တစ်ခုက NFB လို့ခေါ်တဲ့ ကျောင်းမနေနိုင်တဲ့ကလေးတွေ အခြေခံပညာကို  မသင်ရတဲ့ ကလေးတွေကို 
သူတို့သင်နိုင်တဲ့အချိန်မှာ လိုက်ပြီးတော့ ဆုသင်ပေးတဲ့ program ကို ဆရာကြီးဦးသန်းဦးတို့နဲ့တွဲပြီးတော့ ကျွန်တော်တို့  မြို့နယ် ၁၅ခုလောက် လုပ်ခဲ့တဲ့အတွက် တစ်နှစ်ကို သိန်း ၁၈၀၀လောက် အကုန်ခံပြီးတော့ ဒါတွေ လုပ်ခဲ့တယ်။ နောက်ပြီးတော့ တစ်ခြား ပညာပေးတဲ့ program တွေ talk show တွေ ဆိုရင်လဲ ကျွန်တော် ၅၀လောက်ရိုက်ပြီးသွားပြီ ။  top show ကတော့ လူငယ်တွေကို motivation ရအောင် ဆိုပြီးတော့ ပြောတဲ့ program တွေပါ။ ပြီးတော့ ကျွန်တော်တို့ မိဘမဲ့ကလေးကျောင်းတွေမှာ လှူတယ်။ ကျွန်တော်ကတော့ ဒီဘက်က ကျန်းမာရေးနဲ့ပတ်သက်တာ၊ ပညာရေးနဲ့ ပတ်သက်တာ၊ စီးပွားရေနဲ့ ပတ်သက်တာတွေကို အထောက်အကူပြုပေးတဲ့ ကိစ္စတွေမှာ လုပ်ပါတယ်။ အမျိုးသမီးနဲ့ သားသမီးတွေကတော့  နေ့ကလေးထိန်း မိဘမဲ့ကလေးကျောင်းတွေ ဘာတွေဆိုရင် သူတို့အကုန်လုံးလိုက်လုပ်ကြတယ်။ ကျွန်တော်တို့ အခုဆိုရင် ၀ါးတစ်ရာမှာလဲ ကျွန်တော် ဘုရားတစ်ဆူ တည်နေတယ်။ သာသနာရေးနဲ့ ပတ်သက်တာကတော့ အမျိုးသမီးက ပိုလုပ်တာပေါ့လေ။ သူကတော့ ဘုန်းကြီးကျောင်းတွေ၊ သီလရှင် ကျောင်းတွေကို အပတ်စဉ်တို့ နေ့စဉ်တို့ ဆွမ်းချက်၊ ဆွမ်းပို့လုပ်တာလဲ ရှိတယ်။ သီလရှင်စာသင်တိုက်တွေကို တာဝန်ယူပြီးတော့ အမြဲတမ်း လှူနေတာတွေလဲ ရှိတာပေါ့လေ။ ဒီလို ကိုယ်တစ်နိုင်တစ်ပိုင်ပေါ့လေ။  အခုဆိုလျှင်  ၂၀၀၈ နာဂစ်ကနေ စကြည့်မယ်ဆိုရင် အခုအချိန်အထိဆိုရင် ကျွန်တော်တို့ လှူဒါန်းတာ သိန်းပေါင်း တစ်သိန်းခွဲလောက်ရှိသွားပြီ။ ငွေကြေးအားဖြစ်လဲ အကုန်ကျခံပြီး လှူတာပေါ့ ။

မေး ။  ။ ဆရာ အဲ့ဒါဆို နှစ်စဉ်ဘယ်လောက်လှူမယ်လို့ မှန်းထားလဲဆရာ။ 

ဖြေ ။  ။ အရင်တုန်းကတော့ တစ်နှစ်ကို ဒေါ်လာ ၁ သန်းဖိုးလောက် လှူမယ်လို့ Target ထားတယ်။ ဒါပေမဲ့ ဒီနှစ်ဆိုရင်တော့များသွားတာပေါ့။ ဘာလို့လဲဆိုတော့
ဆေးရုံတစ်ရုံနဲ့ပဲ ဒေါ်လာ၅သန်းကျော်သွားတယ်။ ရေဘေးဆိုရင်လဲ လှူတာပဲ။ စစ်ဘေးစစ်ရှောင် ဆိုရင်လဲ ကိုယ်တော့မသွားနိုင်ဘူး။ သွားနိုင်တဲ့လူတွေကိုတော့ အလှူအတန်းထည့်ပေးလိုက်တယ်။ အရင်တုန်းကတော့ အသင်းအဖွဲ့တွေ တော်တော်များများမှာ ၀င်ပြီးတော့ လုပ်တာပေါ့လေ။ သစ်လုပ်ငန်းရှင်အသင်း၊ ကုန်သည်ကြီးများအသင်းတို့ နောက်ပြီးတော့ ဖျော်ဖြေရေးနဲ့ပတ်သက်တဲ့အသင်းတွေ၊ ကျောင်းမှာ ကျောင်းနဲ့ ပတ်သက်တဲ့ ကိစ္စတွေမှာ နာယကတွေ လိုက်လုပ်ပြီးတော့ ကျောင်းတွေပြုပြင်လိုက်ဆောက်ပေးတာပေါ့။ ဒါတွေလုပ်ခဲ့တယ်။ အခုတော့ အသင်းအဖွဲ့ အတော်များများမှာ အခုအသက်ကြီးလာတော့ နာယက ဖြစ်လာတာပေါ့လေ။ အခု ကျွန်တော်တို့ မူးယစ်ဆေးဝါး ဆန့်ကျင်ရေး အဖွဲ့  မှာလဲ နာယကပဲ။ နောက်ပြီး BDA (Boder Area Development Association) မှာလဲ နာယကပဲ။ စိတ်ပညာအသင်းတို့ အစရှိတဲ့ အသင်းတော်တော်များများမှာလဲ ကျွန်တော့်ကို ခေါ်ပြီးတော့ နာယက အလုပ်တွေကို လုပ်ခိုင်းတာပေါ့လေ။ 

မေး ။   ။ ဆရာအနေနဲ့ တော်ဝင်မိသားစု ဖောင်ဒေးရှင်းလိုမျိုး ထောင်ဖို့စိတ်ကူးရှိလား။

ဖြေ ။  ။ Taw Win Development Foundation ဆိုပြီးတော့ ထောင်ထားပါတယ်။ အခုဒါတွေလုပ်နေတာ ဒီ ဖောင်ဒေးရှင်းကနေပြီးတော့ လုပ်နေတာဖြစ်ပါတယ်။ ပြီးတော့ ကျွန်တော်တို့က စာပေမြှင့်တင်မှုစွမ်းရည် ဆိုပြီးတော့ လူတွေ စာရေးစာဖက် ၀ါသနာပါလာအောင် ပညာဆိုတာဘာလဲဆိုတာ နားလည်လာအောင် လုပ်တာတွေ ရှိသလို ဥပမာဆိုပါစို့   လူငယ်သင်တန်းတွေဖွင့်တဲ့ လူငယ်သင်တန်းကျောင်းတွေကို စင်တာမှာ လုပ်ပေးထားတယ်။လင်းသိုက်ညွန့်၊ မောင်မောင်ပြည့်စုံနဲ့ဒေါ်တင်မိုးလွင်တို့ သင်တန်းတွေကို တော်ဝင်စင်တာမှာ Free ခွင့်ပြုထားတဲ့အတွက် လာဖွင့်နေကြတာပါ။ 

မေး ။   ။ ဆရာ အခုလို အလုပ်အများကြီးကို ဆရာသေသေချာချာ လုပ်နိုင်တယ်ဆိုတော့ ဆရာရဲ့ Education နဲ့ ပတ်သက်တဲ့ ဘွဲ့တွေနဲ့ ဆရာဖတ်ထားတဲ့ စာပေတွေအကြောင်း နည်းနည်းလောက် ပြောပြပါဦး။

ဖြေ ။  ။ ကျွန်တော်က ငယ်ငယ်ကတည်းက အသက် ၁၃ နှစ်လောက်ကတည်းက စီးပွားရေးလောကထဲ ရောက်သွားတော့ ဘွဲ့ယူဖို့စိတ်ကူးမရှိတဲ့အတွက်ကြောင့် ကျွန်တော်ဘွဲ့မရလိုက်ဘူးပေါ့။ပထမနှစ်နဲ့တင် ကျွန်တော်ရပ်ခဲ့တာပေါ့။ နောက်ပိုင်းကတော့ ကိုယ်လိုချင်တဲ့ပညာဆိုတာ တက္ကသိုလ်ဘွဲ့ယူတယ်ဆိုတာကတော့ အတတ်ပညာလောက်ပါပဲ။ တက္ကသိုလ်ဝင်ခွင့် ကောလိပ်မှာ သင်တန်း တွေဆိုတာ အတတ်ပညာပါ။ အတတ်ပညာဆိုတာကို ကိုယ်လေ့လာလို့ စိတ်ဝင်စားရင် သင်လို့ရတာပဲဆိုပြီး ကိုယ့်ဘာသာကို လေ့လာတယ်။ ဒီအတက်ပညာတွေကို ဒီ စာရင်းအင်းပညာတို့၊ စီမံခန့်ခွဲမှုပညာတို့၊  ဒီ Mechnical တို့၊ Electric တို့၊ Civil Engineering တို့ ဒါတွေကို လေ့လာတယ်။ ဒါတွေအပြင်ကို Hospitality နဲ့ ပါတ်သက်တဲ့ ဟာတွေကိုလဲ ကျွန်တော် ကိုယ့်ဘာကို လေ့လာတာတွေကြီးပါပဲ။ Architect ပညာလဲ ကိုယ့်ဘာသာလေ့လာတယ်။ လေ့လာပြီးတော့ ဒါတွေကို ကိုယ့်ဘာသာ လုပ်လာတာပေါ့။ အဲဒီလိုနည်းနဲ့ ဒီပညာကိုတော့ ရယူခဲ့တာပေါ့လေ။

မေး ။   ။ အဲ့ဒီတော့ ဆရာရှေ့လျှောက်လုပ်မဲ့ စီးပွားရေးအမျှော်အမြင်နဲ့ ဆရာရဲ့စီးပွားရေးအကြောင်းလေး နည်းနည်းလောက်ပြောပြပေးပါအုံးဆရာ?

ဖြေ ။  ။ ကျွန်တော် အခု အသက် ၆၂ နှစ်မှာ ဆိုတော့ အများဆုံး ကျွန်တော် နောက်ထက် လုပ်နိုင်ရင် ၄၊ ၅၊ ၆ နှစ်ပေါ့။ ၄၊ ၅၊ ၆ နှစ် ဆိုတာ စီးပွားရေးနဲ့ပတ်သက်တာပေါ့နော်။ အဲဒီတော့ ကျွန်တော် construction ကိုတော့ အဲဒီကာလအတွင်းမှာ ကျွန်တော် တန်ဖိုးနည်းအိမ်ယာ အခန်း သုံးသိန်း ဆောက်ပေးခဲ့မယ်။ ကျွန်တော်တို့အခု ရန်ကုန်မြို့သစ် ဧက ၃၀၀၀၀ ဆောက်မဲ့အထဲက ကျွန်တော်က ဧက ၁ထောင် တောင်းပါတယ် တိုင်းပြည်အတွက် အကျိုးရှိအောင် လုပ်ပေးနိုင်သလောက် လုပ်ပေးခဲ့မယ်ဆိုပြီး ရည်ရွယ်ချက်နဲ့ တောင်းတာပေါ့။ ကြည့်မြင်တိုင်တစ်ဖက်ကမ်းပေါ့။ အခု ယခင် အစိုးရကတော့ ကျွန်တော်တို့ ဒီလုပ်ငန်းကို စိတ်မ၀င်စားဘူး။ စိတ်မ၀င်စားတဲ့အတွက်ကြောင့်၊ အခုအစိုးရ စိတ်ဝင်စားရင် ကျွန်တော်တို့ လုပ်ပေးမယ်။ နောက်တစ်ခုက ကျွန်တော်တို့ ရန်ကုန်မြို့က ယာဉ်
သွားလာရေးကြပ်တာရယ်၊ ကျွန်တော်တို့ ၆၂ ခု လောက်ကနေစပြီး ၆၅ နှစ်လောက်အထိ ရန်ကုန်မြို့ကြီးက ကျွန်တော်တို့အရှေ့တောင်အာရှမှာ အင်မတန်လှပတဲ့ မြို့တစ်မြို့အဖြစ် ရပ်တည်   
ခဲ့တယ်။ နာမည်ကြီးတဲ့ မြို့တစ်မြို့အဖြစ် ရပ်တည်ခဲ့တယ်။ ဒါပေမဲ့  ဒီနေ့ကျွန်တော်တို့ ရန်ကုန်မြို့ကြီးဟာ ဘယ်အဆင့်မှမရှိတော့တဲ့ ဘ၀ကိုရောက်သွားတယ်။ ဘာဖြစ်လို့လဲဆိုတော့ ကျွန်တော်တို့ နေထိုင်တဲ့ ဥစ္စာတွေအားလုံးက့  
ပေ ၂၅၊ ပေ၅၀ အကွက်တွေမှာပဲ နေထိုင်ရတာများပြီး ဥပမာ တောင်ဥက္ကလာ၊ မြောက်သက္ကလာ ဒါတွေက အခုအချိန်အထိ မြို့ဖြစ်လာတဲ့အင်္ဂါရပ်နဲ့ မပြည့်စုံသေး
ဘူး။ ဒါကြောင့်မို့လို့ ကျွန်တော်တို့ ရန်ကုန်မြိုကြီးကို အသွင်ပြောင်းဖို့အတွက် ကျွန်တော် Town Plan ဆွဲနေတယ်။ ကျွန်တော်တို့ ဒီ စီပွားရေးပဲလုပ်လုပ် အုပ်ချုပ်
ရေးပဲ လုပ်လုပ် အဓိက က ဥပဒေကောင်းတွေလဲ ထွက်ဖို့ လိုတာပေါ့လေ။ မြေယာ ပြဿနာတွေပေါ်နေတော့ ကျွန်တော် အခု မြေယာနဲ့ဆိုင်တဲ့ ဥပဒေရေးဆွဲနေတာရှိပါတယ်။ နောက်ပြီး
တော့ အခု condominium law အဓိကက ကျွန်တော်တို့ ၀င်ပြီးတော့ ရေးဆွဲပေးခဲ့တာပါ။ နောက်တစ်ခုက တစ်ကယ်တမ်း တိုက်ခန်းတွေကို ၀ယ်ပြီးတော့ တိုက်ခန်းမပိုင်ဘူး။
အိမ်ပိုင်အိမ်ငှားပြဿနာတွေကို  မဖြေရှင်းနိုင်တဲ့ ဒီ Rent Control Act တွေကို ဖြတ်ပြီးတော့ တကယ့် မှန်မှန်ကန်ကန်ခေတ်နဲ့အညီ မျှမျှတတ ဖြစ်စေမယ့် အခြေခံလူတန်စားတွေအတွက် အကျိုးရှိမဲ့ ဥပဒေတွေကိုလည်း ရေးဆွဲနေပါတယ်။

Contact

General Inquiries

Please use this email address to contact me by email.

ceomoenaymin@mmcities.com

Connect with me