13 Mar 2017

အပိုင်း (၁)

ကျုပ်က ဒေါ်အေးခပါ။ ဒေါ်အေးခဆိုတဲ့ ကျုပ်က အခုတောင်ဘက်ကိုပြန်ဖို့ပြင်နေကြပါတယ်။ သမီးမအေးစိန်၊ မြေးကလေး မောင်သိန်း၊ လိုက်ပို့မှာက မအေးစိန်ရဲ့ ခင်ပွန်း မောင်သိန်းရဲ့ ဖခင်မောင်ဓနပါ။ ကျုပ်တို့ခရီးဆက်ကြတော့မယ်။ 

အရှေ့ဘက်စီမှာ ရောင်နီတွေပျို့လို့တောင်တောကြီးလို့ခေါ်တဲ့ ကျုပ်တို့ရဲ့ဒီ တောင်တောကြီးကနေ အခုနောက်ဆုံး ရာသက်ပန် ကျောခိုင်းထွက်ခွာကြတော့မယ်။ ဒီ တောင်တောကြီးဆိုတာက ဟိုး ကျုပ်တို့သမတ်ကလေး 

မောင်ဓနတို့ရဲ့ရွာပါ။ နာမည်က စည်ပါ တဲ့။  အဲ့ဒီိ စည်ပါရွာက တောင်နဲ့ ၂မိုင်လောက်ဝေးတဲ့ တောင်တောကြီးပါ။  အဲ့ဒီယာတောမှာဘဲ ထွန်ကြရက်ကြ စိုက်ကြပျိုးကြနဲ့ အသက်မွေးဝမ်းကြောင်းတွေကို ပြုနေကြတယ်။ 

အခုတော့ သမီးက ခေါင်းကလဲခပ်မာမာ စိတ်ကလဲ ခပ်ကြီးကြီးပဲ။ သူ သုံးနှစ်သုံးမိုးမျှမက အခြေအနေမှန်ကို စောင့်ကြည့်ခဲ့ပြီး သူကိုယ်တိုင်လဲ စိတ်ဆင်းရဲ ကိုယ်ဆင်းရဲ ဖြစ်လာတယ်။ ဒါကြောင့် သူတတ်ထားပြီးတဲ့ ကျောင်းဆရာမ 

အလုပ်ကိုပဲလုပ်ကိုင်ဖို့ သူဆုံးဖြတ်လိုက်ပြီ။ ယာသူမကြီးဘ၀ မျက်နှာငယ်ရတဲ့ဘ၀၊ ဘွားယောက္ခမအလွန်ဆိုးသော်လည်း  မောင်ဓနရဲ့ မိခင်ဒေါ်အေးစိန့်က အလွန်အလွန် သဘောဖြူရှာပါတယ်။အဲ့ဒီဒေါ်အေးစိန့်ရဲ့မိဘနှစ်ပါးဖြစ်ကြတဲ့ 

ဦးအောင်ဒွန်းတို့ဒေါ်မှတ်တို့လဲရှိကြသေးတယ်။ အသက်ရှည်လိုက်ကြတာ။ အဲဒီ ဦးအောင်ဒွန်းကတော့ သူတော်ကောင်းကြီးပါ။ ဒေါ်မှတ်ကတော့ အတော့်ကို ပစိပစပ် များရှာတာပဲ။  ဆိုကြပါစို့ ဆိုရင် သမီးထွေးလေး မအေးစိန် သူ့ခမျာ 

ခင်ပွန်းရဲ့ တစ်မျက်နှာကို တစ်ရွာပြုရုံသာမက သူ့ခင်ပွန်းရဲ့ တစ်မျက်နှာကို တစ်ကမ္ဘာပြုပြီးတော့ ဒီ တစ်ခါတစ်ခေါက်မှ မရောက်ခဲ့ဖူးတဲ့ ရှေးရှေးတုန်းက စိတ်ကူးထဲမှာတောင်မှ မရှိဖူးတဲ့ ဟောဒီ စည်ပါရွာကို လိုက်လာတယ်။ 

စည်ပါရွာထဲမှာလဲ သူကြာတော့ မနေချင်ဘူး။ 

မောင်ဓနကလည်း ကိုရင်ကြီးလူထွက်မဟုတ်လား။ အခု ကိုရင်ကြီးလူထွက် အိမ်ထောင်ကျပြီးတော့မှ နှာခေါင်းကျဉ်ပွေ့တွေ့တော့ မလုပ်လို့ မဖြစ်လို့ တောင်သူလယ်ယာလုပ်တော့လည်း လက်ကြောတင်းရှာပါတယ်။ ဒါပေမယ့် 

သူအိမ်ထောင်ကျတဲ့ အသက်က ဆယ်ခုနစ်သား။ သူအိမ်ထောင်ကျပြီ ဆိုတော့ အလုပ်တွေလုပ်ကြရတဲ့အခါ ကိုရင်ကြီးဘ၀ကနေ အိမ်ထောင်သည်ဘ၀၊ လူဝတ်ကြောင်ဘ၀ကို ရုပ်တရက်ပြောင်းလိုက်တော့ သူ့ခမျာလည်း 

ဘယ်ကျွမ်းကျင်အုံးမလဲ။ လယ်ထွန်တယ်၊ ယာထွန်တယ်ဆိုတာ သာမန်ကြည့်ရင်တော့ လွယ်လွယ်လေးလို့ ထင်ရပေမယ့် အလေ့အထရှိမှ အလေ့အကျင့်ရှိမှ ကျွမ်းကျင်တာမျိုးကို။

 အင်း ဘာလိုလိုနဲ့ အရှေ့ဘက်က ရောင်နီတွေဟာ အရှေ့ဘက်ကောင်းကင်တစ်ခြမ်းမှာ နီကျင်ကျင် အရောင်တွေ လွှမ်းလာပြီ။ တောင်ဘက်ကောင်းကင်ကလဲ ညပါပဲ။ မြောက်ဘက်ကောင်းကင် ကြည့်လိုက်တော့လဲ ညပါပဲ။ ဟိုး    

အနောက်ဘက်ကောင်းကင်ကို ကြည့်လိုက်တော့လဲ ညမှတကယ့်ညပါပဲ မဲလိုမှောင်လို့ ။ ကျုပ်တို့လဲ အခုလှည်း ကကြရပြီ။  စာဥက အတိုင်၊  မိုးညိုကြီးကအလှည့် အတိုင်အလှည့်မမှားအောင် နွား ကပြီးတော့ လှည်း ကပြီးတော့ 

လှည်းပေါ်မှာ ဘာမှမများလှတဲ့ ပစ္စည်းပစ္စရာလေးတွေ အဲ့ဒါလေးကို အထုပ်ကလေးတွေနဲ့ သမီးကတစ်ထုပ် ကျုပ်ကတစ်ထုပ် နှစ်ထုပ်နဲ့ လှည်းပေါ် တက်ခဲ့ကြပြီ။ 

မောင်သိန်းကိုလဲ အိပ်ရာကနှိုး၊ ကလေးကအခုမှ ၂နှစ်နဲ. ၈လသားရှိသေးတော့ သူခမျာလဲ အိပ်ချင်မူးတူးနဲ့ဘာလုပ်ကြမှာပါလိမ့်လို့ မျက်လုံးလေးပြူးတူးကြောင်တောင်နဲ့ တောင်ကြည့်မြောက်ကြည့်ကြည့်နေရှာတယ်။ 

အခါတိုင်းလိုမဟုတ်ဘဲကိုး။ အခါတိုင်းက ဒီအချိန်မှာ သူအိပ်ရတုန်းလေ။ အခု ဒီလောက်အစောကြီးမှာ သူကိုအိပ်ရာက ဇွတ်တရွတ်နှိုးတော့ သူလည်းနိုး၊ မျက်နှာသစ်ပေးတော့ သူလည်း အသာတကြည်ခံရှာတယ်။ 

လှည်းပေါ်ရောက်တော့လဲ ဘယ်သူကမှ စကားတစ်ခွန်းမပြောဖြစ်ကြဘူး။ မောင်ဓနကလည်း မျက်စိမျက်နှာမကောင်း သမီးမအေးစိန် ကတော့လွတ်ပြီ ကျွတ်ပြီ ဆိုတဲ့ သဘောနဲ့ပေါ့လေ။ 

သူ့မှာကြုံရတဲ့ လူမှုဒုက္ခတွေ အပုံအပင်ပါဘဲ။ အစုံအလင်ပါဘဲ။ အဲသလို ကြုံရရှာတဲ့ သမီးခမျာလဲ အခုတော့ သူမျက်နှာက ကြည်ကြည်လင်လင်မဟုတ်လှဘူး။ ရွာတော့မယ့် မိုးတိမ်တွေလို၊ ရွာတော့မယ့် မိုးကောင်းကင်ကြီးလို၊ 

မိုးတိမ်တောင်တွေနဲ့ပြည့်နေတဲ့ကောင်းကင်ကြီးလို၊ ညှိ့မှိုင်းအုပ်ဆိုင်းနေတဲ့ သူ့မျက်နှာကိုတွေ့လိုက်ရတယ်။ တစ်ကယ်တော့လဲ မောင်ဓနနဲ့ အပြီးအပိုင်ခွဲခွာရတော့မယ်ဆိုတာ သူသိနေပြီ။ တစ်ကယ်တော့ ဒါဟာ သူက ဒီဒုက္ခတွေ 

ဒီဒဏ်တွေမခံနိုင်လို့  သူကိုယ်တိုင်ပဲ ခွဲခွာပါတော့မယ် လို့ဆုံးဖြတ်ပြီး မောင်ဓန ကိုပြောတော့ မောင်ဓနက အကြောက်အကန်ငြင်းဆန်ရှာပါတယ်။ တကယ်ကို အကြိမ်ကြိမ်တားရှာပါတယ်။ ဒါပေမယ့် သမီးက မဖြစ်ပါဘူး။ သူ 

တောင်ဘက်သွားမယ်။ တောင်ဘက်မှာ ကျောင်းဆရာမ အလုပ် မရရအောင်ရှာမယ်။ ရတဲ့အခါ သူ့ကိုလှန်းခေါ်လိုက်မယ်။ အဲ့ဒီကြတော့ ထမင်းစားပွဲရှေ့ အရောက်ကျွေးပါ့မယ်။ သူပဲ ကျောင်းဆရာမ လုပ်ကျွေးပါမယ်။ 

တောင်ဘက်ကိုသာလိုက်ခဲ့ပါလို့ကမ်းလှမ်းရှာပါတယ်။ 

ဒါပေမယ့် မောင်ဓနဆိုတာကလဲ စည်ပါဆိုတဲ့ ဒီရွာမှာဆွေကြီးမျိုးကြီးလေ။ အမိ အဘ သာမက အဘိုးအဘွားတောင်ရှိနေသေးတယ်။ အဘိုးအဘွားတွေတောင်မှမက သူ့အမေရဲ့ အစ်ကို ဦးဘဦးတို့ သူအမေရဲ့ 

မောင်ငယ်ဦးဖိုးနိုင်တို.ဆိုတာတွေတောင်မှ ရှိနေတဲ့အပြင် တစ်ရွာလုံးကလဲ ဆွေစုမျိုးစုတွေကြီးပဲ။ ဆွေသိုက်မျိုးသိုက်တွေကြီးပဲ။  တစ်ယောက်မှ ဆွေမျိုးမဟုတ်ဘူးဆိုလို့ မရှိ။ နှစ်ထပ်တော် သုံးထပ်တော် တကယ့် 

ဆွေမျိုးအရင်းအချာတွေ။ အဲဒီဆွေမျိုးတွေရှိတဲ့ ဒီရွာက သူ့ ကမ္ဘာပါပဲ။ သူ့ ကမ္ဘာကို သူပစ်ပြီး သူကလဲမလိုက်နိုင်။ 

အခုတော့ ညောင်ညိုပင်လမ်း ရောက်ပြီ။ ညောင်ညိုပင်လမ်းက လမ်းကွေ့ကြတော့မယ်။  တစ်ယောက်နဲ့တစ်ယောက် ဘယ်သူ့ဘယ်သူမှ စကားမပြောဖြစ်ဘူး။ ချိုး ကူသံလေးတွေ
ကြားနေရတယ်။ တစ်ကူးကူးကူး တစ်ကူးကူးကူး ဆိုတဲ့ အသံလေးကိုနားထောင်ပြီး မြေးကလေး မောင်သိန်းက ဟော အမေခ ကြားလား ကိုရွှေသိန်း ကိုရွှေသိန်းနဲ့ ခေါ်နေတယ်လို့ သူ တစ်ယောက်ထဲပဲ စကားပြောနေတယ်။ သူ့ 

အဖေကလဲ အင်းမလုပ်အဲမလုပ်။ သူ့ အမေကလဲ တကယ့်ကျောက်ရုပ်။ အဲ့ဒီတော့ ကျုပ်ကပဲ အေးကွဲ့ အေးကွဲ့ မြေးလေးကိုခေါ်နေတာ။  ကိုရွှေသိန်း ကိုရွှေသိန်းနဲ့ ချိုးကလေးတွေကလဲ မြေးလေးကိုချစ်ရှာတယ်လို့ ပြောရတယ်။ 

အဲဒီကျမှ မြေးကလေးက ကြည်ကြည်လင်လင်ရှိသွားတယ်။ သူ့ကိုဘယ်သူကမှ အရေးမလုပ်ဘူးလို့ထင်ပြီး သူစိတ်မကောင်းဖြစ်နေတဲ့ မျက်နှာလေးလဲကြည်သွားတယ်။ မောင်ဓန ကတော့ နွားတွေကိုပဲ ဟဲ့နွား ဟဲ့နွား နဲ့ 

တစ်ချက်တစ်ချက်အသံထွက်လာပါတယ်။ ဒါပေမယ့် သူ့အသံကလဲ အခါတိုင်းနဲ့ မတူ တစ်မူထူးခြားတဲ့အသံ အက်လဲအက်နေတယ် ပြစ်လဲပြစ်နေတယ်လို့ ထင်တယ်။ ဒါ ကျုပ်ထင်တာလဲဖြစ်ချင်ဖြစ်မှာပါပဲ။ ဘာပဲဖြစ်ဖြစ် အဲဒီလိုနဲ့ 

လှည်းလေးက ၁နာရီလောက်မောင်းလိုက်တော့ ဖျောက်ဆိပ်ပင် ဆိုတဲ့ ဟိုး ဘုတလင်ကနေ မောင်းထောင်ကို သွားတဲ့ တာလမ်းဘေးက  ကားရပ်နားရာတစ်နေရာပေါ့ ။ ဖျောက်ဆိပ်ပင်လို့ခေါ်တယ်။ အဲဒီ ဖျောက်ဆိပ်ပင်ကြီးကို 

ရောက်လာပြီ။ အဝေးကလှမ်းမြင်နေရတယ်။ 

အရုဏ်ရောင်နီတွေကလဲ ပျို့အန်ကျလာလိုက်တာ ခုနှစ်သက္ကရာဇ် ပြောရင်တော့ အဲဒါ ၁၉၃၈ ခုနှစ်ပေါ့။ မြန်မာသက္ကရာဇ်ပြောရင်တော့ ၁၃၀၀ ပြည့်ပါပဲ။ အဲ့ဒီအချိန်မှာ တစ်နိုင်ငံလုံးလဲ ကြီးမားလှစွာသော အရေးအခင်းကြီးဖြစ်နေပြီ။ 

ကျွန်မတို့မိသားစုမှာလဲ အလွန်ကြီးမားတဲ့မောင်ဓနနဲ့ မအေးစိန်တို့ တင့်တောင်းတင့်တယ် မင်္ဂလာဆောင်ပြီးတော့ မိဘနှစ်ပါးစုံညီစွာ ထိမ်းမြားလက်ထပ်ပေးခဲ့ကြတယ်။ ဒီနေ့တော့ သူတို့ အိမ်ထောင်ရေးလဲ နိဂုံးချုပ်တဲ့နေ့ ဆိုပါတော့။ 

မောင်ဓနက လိုက်ပို့ရုံသာမက အထုပ်အပိုးလေးတွေကိုပါ သူကိုယ်တိုင် ကားပေါ်တင်ပေးဖို့ ညာဘက်လက် ၊ ဘယ်ဘယ်လက်နဲ့ ဆကြည့်နေတယ်။ ဒါတွေကိုတော့မရဘူး။ ဒီအတိုင်းထားတယ်။ နွားတွေကလဲ ညကစားထားတဲ့အစာတွေ 

ကိုရပ်ထားတဲ့ နေရာမှာပဲ စားမြုံ့ပြန်ရင်းနဲ့ ရှိနေကြတယ်။   အချိန်ကတော့ နွေဦးပေါက်ကလေး ဆိုပါတော့။ သစ်ရွက်ကလေးတွေကလဲ တဖြုတ်ဖြုတ်ကြွေ ၊ ရွက်နုသစ်ကလေးတွေလည်း ဝေနေရှာလိမ့်မယ်။ ဒါပေမယ့်  မမြင်ရဘူးပေါ့။ 

သစ်ရွက်ကြွေတာသာ မြင်ရတယ်။  ရွက်နုသစ်ကလေးတွေ ဝေလာတာကိုတော့ သတိမထားနိုင်အားရှာကြပါဘူး။ အခု မောင်းထောင်ကလာတဲ့ကားကို စီးရမှာ။ မောင်းထောင်ကလာတဲ့ ကားက ဘုတလင်ကို ဖြတ်ပြီးတော့ မုံရွာကိုသွားမှာ။ 

မုံရွာရောက်ရင် ခရီးဆုံးသွားပြီလေ။ 

ခရီးဆုံးတဲ့ မုံရွာမှာ တအောင့်တခရားနားပြီး ဟိုး မုံရွာမြို့ရဲ့တောင်ဘက်ကိုးမိုင်အကွာမှာရှိတဲ့ ဆင်ကျွန်းရွာကုန်းက တစ်နည်းပြောရရင် ရွှေထီးဆောင်းခဲ့ရစဉ် ကာလက ကိုးကွယ်ခဲ့တဲ့ ရဟန်းသံဃာတွေ၊ ကိုယ်ကိုယ်တိုင် ရဟန်းဒါယကာ၊ 

ရဟန်းဒါယိကာမအဖြစ်နဲ့ ရဟန်းခံပေးခဲ့တဲ့ ဦးပဉ္စင်းလေးတွေတောင်မှ အခုဆိုရင် ကျောင်းထိုင်ဆရာတော်ကြီးတွေဖြစ်နေပြီ။ အဲဒီမုံရွာမြို့ရဲ့ အဲ့ဒီကျောင်းမှာ ခဏ၀င်တယ်။ တအောင့်တခရား နားရအုံးမယ်။ အော် ပြောရင်းဆိုရင်းနဲ့ 

ကားသံတောင်ကြားရတယ်။ ဟုတ်သားပဲ မောင်းထောင်ဘက်စီကနေ မောင်းထောင်ကား မကြာခင် ရောက်တော့မှာပါလား။
 ကျုပ်က မောင်ဓနမျက်နှာကိုလဲ ကြည့်လိုက်တယ်။ မောင်ဓနမျက်နှာမှာ အရုဏ်ရောင်နီတွေလာနေဆဲဆိုတော့ လင်းလင်းထင်းထင်းမဟုတ်တော့ ပီပီသသ မမြင်ရပေမယ့် မောင်ဓနမျက်နှာ အလွန့်အလွန် ညှိးငယ်တာကိုတော့ 

တွေ့ရတယ်။ သူ့ရင်ထဲမှာ တစ်နစ်တပိုးခံစားနေရရှာမှာပေါ့ ။ အခု သူတို့ခွဲခွာကြတာ မုန်းလို့မှမဟုတ်ဘဲ။ မောင်ဓနကတော့ သမီးမအေးစိန်ကို အလွန့်အလွန်ပဲ တွယ်တာရှာတယ်။ သံယောဇဉ်ကြီးရှာတယ်။ မအေးစိန် ယာတောမှာ 

အပင်ပန်းခံအလုပ်လုပ်တာကို သူက မကြည့်ရက်ဘူး။ အညာသူနဲ့မတူ အသားကဖြူဖြူ အသက်ကလည်း ငယ်ငယ် အသက်ကနှစ်ဆယ်ကျော်ခါစကလေး။  မျက်နှာကလေးဝိုင်းဝိုင်း နှာတံကလေးပေါ်ပေါ် မျက်လုံးမျက်ဖန်ကောင်းကောင်း 

။ တစ်ကယ့်ကို အဆင့်တန်းရှိတဲ့ တစ်နည်းပြောရရင် ချမ်းသာကြွယ်ဝတဲ့ သူတို့ဆီက ဆင်းသက်ပေါက်ဖွားလာတဲ့သမီးဆိုတာ ရုပ်ဆင်း ကြန်အင်လက္ခဏာ အင်္ဂါမြင်ရုံနဲ့ သိနိုင်ပါတယ်။ 

ဒါပေမယ့် သမီးကလဲ ဒီမှာသျှောင်နောက်ဆံထုံး ပါမြဲထုံးကြောင့် လိုက်လာမိတာမဟုတ်ပါဘူး။ တစ်ကယ့်တစ်ကယ်ဆိုရင်တော့ အကြောင်းကြောင်းသော အကြောင်းကြောင်းတွေ ရှိခဲ့တာကိုး။ ဒါတွေလဲ နောင်တော့ အကြောင်းကြုံရင် 

ပြောပါအုံးမယ်။ 

အခုတော့ ဒီရွာမှာ မောင်ဓနရဲ့ ဆွေမျိုးသားချင်း အသိုင်းအ၀န်း အပြည့်အစုံ အကုန်အစင် ရှိတဲ့ရွာဆိုတော့လည်း တကယ်တော့ အမွေအနှစ်ကို ဦးအောင်ဒွန်း ဒေါ်မှတ်ရဲ့သားနှစ်ယောက် သမီးတစ်ယောက်ဖြစ်တဲ့ ဦးဘဦးတို့၊ 

ဒေါ်အေးစိန်တို့၊ ကိုဖိုးနိုင်တို့ သူတို့တောင်မရကြ မခွဲကြရသေးဘဲကိုး။ အဲဒီတော့ နောက်ထပ် ဒေါ်အေးစိန်ရဲ့ သားတွေဖြစ်ကြတဲ့ မောင်ဗလတို့ မောင်ဓနတို့ မောင်ဝရတို့ မောင်တုတ်တို့တွေအတွက်တော့ အဝေးကြီးလိုသေးသပေါ့။ 

ဒီလိုအခြေအနေမှာ မောင်ဓနက အရာရာကို ကိုယ်စွမ်းကိုယ်ပိုင်ဘာမှ မစွမ်းဆောင်နိုင်သေးဘူး။ လက်ညှိးထိုးပေးတဲ့ အဲ့ဒီမြေကလေးမှာ ဆောက်ပေးတဲ့ အိမ်သေးသေးလေးထဲမှာ  မောင်တို့လင်မယား နေကြလို့ 

ဒေါ်မှတ်ဆုံးဖြတ်တဲ့အတိုင်းနေကြရတယ်။ 

အဲ့ဒီလိုနဲ့ ဟိုး သူတို့နေတဲ့ သုံးဆောင်ပြိုင်အိမ်ကြီးရဲ့ တောင်ဘက်ကကပ်လျက် ဒေါ်ကံထူးတို့ အိမ်ရဲ့တောင်ဘက် လမ်းတောင်ဘက်က အိမ်သေးသေးလေးထဲမှာဘဲ နေခဲ့ကြရတယ်။  တစ်နေ့ကုန်မှ တစ်နေ့ ဆန်လေးနို့ဆီဘူး ၂လုံး 

လာပေးတယ်။ ဆီကလေးကုန်မှ ဆီကလေးကို အာတာပုလင်းလေးနဲ့ ၁ပုလင်းလာပေးတယ်။ ချက်စရာပြုတ်စရာတွေလာပေးတယ်။ တစ်နည်းပြောရရင် အဲဒီလိုပေး အဲဒီလိုနေမှ အဲဒီလိုချက်ကြစားကြရတယ်။

 

အပိုင်း (၂)

အဲဒီအိမ်သေးသေးလေးမှာပဲ သမီး မအေးစိန်ရယ်၊ မြေးကလေး မောင်သိန်းရယ်၊ ကျုပ်ရယ်ဆိုတော့ ဒီသုံးယောက်ထဲနဲ့ တစ်ကမ္ဘာပြုရသလိုပဲလေ။ မောင်ဓနကလည်း ဒီအိမ်ကို လာတယ်ဆိုရုံ သာသာကလေးပဲ လာနိုင်ရှာတယ်။ 

ဘာဖြစ်လို့လဲဆိုတော့ သူက သုံးဆောင်ပြိုင်အိမ်ကြီးမှာပဲ လုပ်ငန်းဆောင်တာတွေကို ဆောင်ရွက်နေရတာက များတယ်။ အဲဒီလိုနဲ့ မြေးအဘွား၊ မိသားစုတစ်သိုက် ပေါင်းလိုက်တော့ လေးယောက်ပေါ့လေ။ သမီး မအေးစိန်ရယ်၊ 

မြေးကလေးမောင်သိန်းရယ် ၊ ကျုပ်ရယ်၊ မောင်ဓနရယ်။ 

အဲဒီလိုနဲ့ နေရင်းထိုင်ရင်းနဲ့ပဲ မောင်သိန်း တစ်နှစ်နဲ့ လေးလသား အရောက်မှာတော့ နောက်ထပ်အမြွှာကလေးနှစ်ယောက် မသန်းကြည်တဲ့။ မသန်းရီတဲ့။ လှကလှသနဲ့ သမီးကလေး နှစ်ယောက် အမြွာပူး မွေးရှာတယ်။ သမီး 

မအေးစိန်လည်း ရွာဆိုတော့ အရပ်လက်သည်နဲ့ပဲ သက်စွန့်ဆံဖျားမွေးဖွားရတာပါ။ အဲဒီအချိန်မှာပဲ အမြွာပူး သမီးကလေးနှစ်ယောက် မွေးဖွားသန့်စင်တယ်လို့ ကြားရတဲ့ မောင်သိန်းရဲ့ ဘေးမကြီး ဒေါ်မှတ်က အမလေး ငါ့မြေးမောင်ဓန 

ဆင်းရဲအောင် မွေးရတယ်တော့်။ သူများလိုလူဆိုရင် တစ်ယောက်ပဲ မွေးပါတယ်။ အခုတော့ ငါ့မြေး မောင်ဓနဆင်းရဲအောင် နှစ်ယောက်ပူး မွေးတယ်။ လူဆိုရင် တစ်ယောက်ပဲ မွေးရတာပါတော့် နဲ့  ရင်ဘတ်စည်တီး 

အော်ပြန်ဟစ်ပြန်တယ်။ အဲဒီသတင်းတွေကိုလည်း တစ်ဆင့်စကားတစ်ဆင့် မကြားချင်လည်း ကြားနေရတာပေါ့လေ။ ဒီလိုနဲ့ အဲဒီ အိမ်ကလေးမှာပဲ ကံဆိုးကြရှာတ သမီးအငယ်လေး နှစ်ယောက်နဲ့ စုစုပေါင်း ခြောက်ယောက်တော့ရှိပြီလို့ 

အောက်မေ့တာ အဲဒီသမီးကလေးနှစ်ယောက်ကလည်း သုံးလသားလေးမှာပဲ ဆက်တိုက်ဆိုသလို ဆုံးသွားရှာတယ်။ အဲဒီရွာရဲ့ အနောက်ဘက်က သုသာန်မှာပဲ မြေးကလေးနှစ်ယောက် မသန်းရီနဲ့ မသန်းကြည်တို့ နေရစ်ခဲ့ကြရှာတယ်။ 

နောက်ဆုံးတော့လည်း သမီး မအေးစိန်က ဒီအိမ် ဒီယာမှာ ဒီပုံစံ ဒီသုံးဆောင်ပြိုင်အိမ်ကြီးရဲ့ တောင်ဘက်က တဲပုတ်ကလေး သာသာ မသဒ္ဓါရေစာ ဆောက်ပေးထားတဲ့ ဒီအိမ်ကလေးကို ကျောခိုင်းချင်လာတယ်။ အဲဒီတော့ 

တောင်သူလယ်ယာအလုပ်ကို ကိုယ့်စွမ်းကိုယ်ပိုင်ပဲ စလုပ်ချင်တယ်။ အရင်တုန်းကတော့ မုံရွာတက်ပြီးတော့ ကျောင်းလေး (၉) တန်းအောင် မူလတန်း ဆရာအဖြစ် သင်တန်းတော့ အရင်တက်ပေါ့လေ။ 

အဲဒီလိုနဲ့ နေခဲ့ကြရတဲ့ သမီးမအေးစိန် ခမျာလည်း အခုတော့ သူလည်း လက်ကြော တင်းရပြီ။ သူလည်း မလုပ်တတ်လုပ်တတ်နဲ့ တောင်သူလယ်ယာထွန်တဲ့အလုပ်၊ စိုက်တဲ့ပျိုးတဲ့အလုပ်၊ ရိတ်တဲ့သိမ်းတဲ့အလုပ်၊ ချွေတဲ့လှေ့တဲ့အလုပ်၊  အို 

  စုံပါလေရော။ ကိုရင်ကြီးလူထွက်၊ ပညာတတ်၊ ကျောင်းအသီးသီးမှာသာ ကျောင်းနေခဲ့တဲ့ နော်မာန် ကျောင်းထွက်၊ ဆရာမအလောင်းအလျာဖြစ်တဲ့ သမီးလဲ ယောက်ျားနဲ့ ကိုယ်ရင့်တတူ ထွန်ယက်ရရှာတာပေါ့လေ။ အဲဒီလို ထွန်ရင်း 

ယက်ရင်းနဲ့ ဒီမှာတော့ ကိုယ်စွမ်းကိုယ်ပိုင် ဆန်လာရတယ်။ ယာသီးယာနှံလေးတွေ ရောင်းချ၊ ယာသီးယာနှံလေးတွေထဲကစား အဲဒီလိုနဲ့ အဆင်ပြေသလောက်တော့ ပြေပါရဲ့။ 

ဒါပေမဲ့ အကြောင်းကတော့ ကြံကြံဖန်ဖန် ကြုံလာတယ်။ မိုးကလည်း အတော့်ကို ခေါင်လိုက်တာ။ မိုးက အတော်ကို ခေါင်လိုက်တဲ့ အပြင် ယာတောထဲကထွက်အလုပ်လုပ် မောင်ဓနသာမက၊ သမီးသာမက၊ ကျုပ်ကိုယ်တိုင်ကလည်း 

မနေအားရှာဘူး။ ရှေးတုန်းကတော့ ပွဲစားကြီး ဦးကျော်ဇ ကတော် ပွဲကတော် ဒေါ်အေးခပေါ့။ အခုတော့ ကျုပ်လည်း ယာသူမကြီး ဖြစ်နေပြီ။ သမီးပညာတတ် နုနုနယ်နယ်လေးတောင် ယာအလုပ်တွေ လုပ်နေတော့ ကျွန်မလည်း 

ဘယ်မနေနိုင်တော့ဘူးပေါ့။ 

ဒီလိုနဲ့ သုံးဦး မောင်ဓနရယ်၊ သမီးရယ်၊ ကျုပ်တို့ သုံးဦး ယာလုပ်ငန်းတွေထဲမှာပဲ နေကြရင်း မောင်သိန်းကို အိမ်မှာ ပစ်ထားခဲ့တာ။ တစ်နေ့မှာ တဲကလေးထဲ ပြန်လာတော့ အံ့သြစရာ မောင်သိန်းဘေးမှာ ခွေပြီးတော့နေတဲ့ 

မြွေကြီးတစ်ကောင် တွေ့လိုက်ရတယ်။ မြွေကြီးကို မောင်းလဲမမောင်းရဲ ခြောက်လဲမခြောက်ရဲ မောင်းလိုက်ခြောက်လိုက်ရင် မြေးလေးကို ပေါက်လိုက်မှာ စိုးရတယ်။  မဲမဲပြောင်ပြောင်နဲ့မြင်ရတာ အူယားအသည်းယားလိုက်တာ 

အသက်တောင် မရှုရဲကြဘူး။ နောက်ကြတော့မှ လူတွေ သုံးယောက်စလုံး ရောက်လာပြီ ဆိုတော့မှ အဲဒီမြွေကြီးဟာ မြေးကလေးကိုလည်း တစ်စုံတစ်ရာ ဘာမှမလုပ်တဲ့အပြင် သူ့ဘာသာသူ ဘေးရန်ကင်းတဲ့ နေရာက ရွေးပြီးတော့ အဲဒီ 

တဲလေးရဲ့ အပြင်ဘက် ထွက်သွားရှာတယ်။ 

ဒီလိုနဲ့ တောင်တောကြီးမှာ နေခဲ့တာတောင်မှ တစ်နှစ်ကြာခဲ့ပြီ။ အခုတော့ ညောင်ညိုပင်စခန်းက လမ်းခွဲကြပြီပေါ့လေ။ ကလေးကို မောင်ဓနက ယာထွန်ရာမှာလည်း ခေါ်သွားရ ယာထွန်ရာမှာလည်း ကျောပိုးရ။  အို ပြန်လာတော့လည်း 

ကျောပိုးရ။ အဲဒီလို နေရတော့တယ်။ နောက်ထပ် မြွေဝင်ပြီး ခွေမှာကို ကြောက်တော့တာကိုး။ အဲဒီတော့ ကလေးနဲ့ ဖအေ၊ ဖအေနဲ့ ကလေးကလည်း ပိုပြီးတော့ ရင်းနှီးကျွမ်းဝင် ချစ်ခင်နေကြတယ်။ နောက်တော့ ဖအေကိုယ်တိုင်လည်း 

ကလေးကိုအလိုလိုက်တယ်။ ကလေးကို သူ့ပုခုံးပေါ်ထမ်းပြီးတော့ မြေးလေးက သူ့အဖေခေါင်းကို လက်နဲ့ပွေ့ပိုက် ကိုင် ဖအေက ပုခုံးပေါ်ထမ်း ညာဘက် ပုခုံးပေါ်ရွှေ့၊ ဘယ်ဘက် ပုခုံးပေါ်ရွှေ့ထမ်းနဲ့ ယာတောကြီးထဲမှာ တကယ့် 

တောသားကြီးဖြစ်နေတာပေါ့လေ။

 အခု မောင်းထောင်ကားက လက်ပြလိုက်တော့ ရပ်တယ်။ ရပ်တာနဲ့ တပြိုင်နက် ကားပေါ်ကို ဦးစွာ ပထမတက်သူကတော့ သူများဟုတ်ပါရောလား။ သမီးမအေးစိန်ပါပဲ။ နောက်လည်းလှည့်မကြည့်တော့ဘူး။ စည်ပါရွာဘက်ကို 

ကျောခိုင်းထားတယ်။ တောင်တောကြီးဘက်ကို ကျောခိုင်းထားတယ်။ ကျမက ဆက်တက် မြေးကလေးကို လှမ်းယူတော့ မြေးကလေးက မလိုက်ဘူး။ သူ့အဖေကို အစ်ကိုပါတက်ဆိုပြီး သူ့အဖေကို အဖေလို့မခေါ်ဘူး။ အစ်ကိုလို့ခေါ်တယ်။ 

အစ်ကိုတက် အစ်ကိုတက်ဆိုတော့ သူ့အဖေက မတက်ဘူး။ သူ့အဖေမတက်တော့ ကလေးကလည်း မတက်ချင်၊ ကားကလည်း ထွက်တော့မယ်။ အဲဒီအခါမှာ ကလေးကို အတင်းအဓမ္မဆွဲယူလိုက်ရတယ်။ ကလေးလဲ မငိုစဖူး ငိုတယ်။

ဒါပေမယ့် သူငိုတာက အော်ဟစ်လည်းမငို အစ်ကို အစ်ကို ထပ်တလဲလဲခေါ်နေတယ်။ အစ်ကို အစ်ကိုလို့ ထပ် သလဲလဲ ခေါ်ရင်းနဲ့ သူ့မျက်ရည်တွေ တွေတွေ စီးကျနေတယ်။ 
ကားဟာ လမ်းဘေးက သစ်ပင်တွေကို ရိပ်ခနဲ ရိပ်ခနဲ ဖြတ်ပြီးတော့ ဘုတလင်ကို ရောက်တော့ ခဏ နား။ ကုန်တင်ကုန်ချလုပ် အဲဒီအချိန်မှာပဲ  မြေးကလေးရဲ့ မျက်လုံးထဲ မျက်ရည်တွေဟာ တသွင်သွင် စီးကျနေဆဲပဲ။ တစ်ချက်တစ်ချက် 

ရှိုက်ရှိုက်ပြီးတော့ ငိုလိုက်တဲ့ အသံကလည်း ကျမရင်ကို ၀င်ဝင်ပြီးတော့ ခွေ့ပါတော့တယ်။ မြေးကလေး သူအလွန်ချစ်တဲ့ သူ့ဖခင် သူအစ်ကိုလို့ခေါ်တဲ့ သူ့ဖခင်ကို ဘယ်လိုမှမခွဲနိုင်ရှာဘူး။ မခွဲနိုင်ရှာပေမဲ့ ခွဲခဲ့ရပြီ။ သူ့အဖေနဲ့ 

ပစ်ထားခဲ့ဖို့ဆိုတာကလည်း ဘယ်လိုမှမဖြစ်နိုင်ဘူး။ တကိုယ်ရေတကာယသမား ဖြစ်သွားပြီလေ။ 

အဲဒီတော့ ဒီကလေးကို ထိန်းဖို့ ကျောင်းဖို့ဆိုတာ ကျုပ်ကိုယ်တိုင်ပဲ ရှိတော့တာ။ ကျုပ်ကိုယ်တိုင်ကလည်း ကျုပ်သမီးနဲ့အတူတူရှိနေမှာဆိုတော့ ဒီကလေးကလည်း ကျုပ်တို့သားအမိနဲ့ အတူရှိနေမှ ဖြစ်မှာကိုး။ ကလေးက 

ဝမ်းနည်းလွန်းအားကြီးတော့ မျက်ရည်တွေ တသွင်သွင် စီးကျနေရုံသာမက အသံမထွက်ပေမဲ့ တစ်ချက်တစ်ချက်ရှိုက်လိုက်တာ တစ်ချက်ချက်ရှိုက် လိုက်ရင်းနဲ့ တုန်တုန်သွားသလို ကျမရင်မှာ ခံစားနေရတယ်။ ဒီကလေး ကျုပ်ရင်မှာ 

ခံစားနေရတဲ့ ဒီကလေးလေး ကြည့်ပါဦး သူအလွန်ချစ်တဲ့ဖခင်နဲ့ သေကွဲမကွဲပေမဲ့ ရှင်ကွဲခွဲခဲ့ရတယ်။ သေကွဲကွဲရတာကလဲ ပူဆွေးသောက ဗျာပါဒ ဖြစ်ရမှာပါပဲ။ အခုဟာကတော့ မျက်မြင်ကိုယ်တွေ့ တွေ့နေရတာ သေကွဲခွဲရတာမဟုတ် 

ရှင်ကွဲခွဲရတဲ့ သားကလေး။ ကျမတို့ဘက်ကကြည့်တော့ အဲဒီလို။  မောင်ဓနဘက်က ကြည့်ပြန်တော့ အရင်တုန်းက လေးယောက် ကျမရယ်၊ သမီး မအေးစိန်ရယ်၊ မြေးလေး မောင်သိန်းရယ်၊ မောင်ဓနရယ် အတူတကွနေခဲ့ကြတဲ့ 

ဒိုးတူဘောင်ဘက် အလုပ်လုပ်ခဲ့ကြတဲ့ ဆင်းရဲဒုက္ခဒဏ် အတူခံပြီးတော့ သောကရဲ့နေ့ရက်တွေ၊ ဒုက္ခရဲ့ နေ့ရက်တွေကို ဖြက်သန်းခဲ့ကြတာ အခုတော့ မောင်ဓနပြန်ရတော့မယ်။ သူ တစ်ယောက်တည်းပဲ။ ဒါကိုတော့ ကျွန်မ အခုမှပဲ 

တွေးမိတယ်။ နောက်ကို လှည့်ကြည့်တော့ ကလေးကလဲ သူ့အဖေရှိရာပဲ လှည့်ကြည့်ရင်း ကားကြီးကလည်း တရွေ့ရွေ့ တရိပ်ရိပ် ပြေးနေတယ်။ မမြင်ကွယ်ရာ ရောက်တော့တောင် ကလေးက ရှေ့လှည့်ထိုင်ခိုင်းလို့ မရဘူး။ 

နောက်လှည့်နေတုန်း။ သူ့အဖေကို မြင်ရလိုမြင်ရငြားပေါ့။ ဒီလိုပဲ မောင်ဓန တစ်ဝေးကြီးတစ်ဆုံးကြီး တိုင်အောင် သူ့မျက်စိတစ်ဆုံး တိုင်အောင် ကျုပ်တို့ကိုကြည့်နေတုန်း။ ကျုပ်တို့က မြင်ရသည်အထိလဲ သူပေလမ်း ပေါ်က 

အောင်ဆင်းမသွားသေးဘူး။ 

သြော် လောက လောက ခွဲကြရ ခွာကြရပြီ ဆိုတော့ ခွဲခွာရခြင်းဟာ နာကျင်စရာတွေပါ။ နာကြဉ်းစရာ တွေပါ။ ဒါအမှန်ပါပဲ။ မအေးစိန်လဲ သူအမှန်တကယ်ကို အကြင်လင်မယားအဖြစ်နဲ့ ပေါင်းသင်းခဲ့ပြီး သားသမီးတောင် သုံးယောက် 

ထွန်းကားခဲ့ သေးသမို့လား။ ဒီတော့ သူလည်း ပုထုဇဉ် လူသားပဲ သံယောဇဉ် မရှိဘဲ ဘယ်နေမလဲ။ ဒါပေမဲ့ ဒီမှာ ဆွေကြီးမျိုးကြီး ရပ်ကြီးရွာကြီး သုံးဆောင်ပြိုင်အိမ်ကြီးနဲ့ အိမ်ကြီးရှင်တို့ရဲ့ မာနတွေ လူချင်းတူတူ သူချင်းမျှမျှ မထားဘဲ 

တစ်ဖက်သားကို မတန်သလို ဆက်ဆံ ခံရရှာလေတော့ သူလည်းနာကြဉ်းရှာလေမပေါ့။ 

အခုတော့ သူဟာ အရှေ့ဘက်ကို ခေါင်းလှည့်ထားတယ်။ သူ့မျက်နှာ အရှေ့ဘက်ကိုပဲ မူထားတယ်။ ရှေ့သို့ပဲပေါ့။ နောက်ကြောင်းကို ပြန်ပင်မတွေးချင်ဘူး ထင်ပါရဲ့။ နောက်ကြောင်းကို ပြန်မလှည့်ချင်တော့ဘူး ထင်ပါရဲ့။ 

အနောက်တောင် တစ်ချက်လှည့်ကြည့်ဖော် မရဘူး။ မြေးကလေးကတော့ အမြဲတစေပဲ ရှေ့လှည့်ခိုင်းလို့မရ နောက်ကိုပဲ ငေးမျှော်စိုက်ကြည့်ရင်းနဲ့ နောက်ဆုံးတော့ ရှိုက်ရင်းရှိုက်ရင်းနဲ့ အိပ်သွားရှာတယ်။ မုံရွာရောက်ခါနီးပြီ။ ကားတွေက 

လမ်းပေါ်မှာရှိတဲ့ ကျီးပင်ချောင်တို့၊ သားရိုးကုန်းတို့ စတဲ့ ရွာပေါင်းများစွာကို ကျော်ဖြတ်ခဲ့ပြီ။ အဲဒီ ကားကြီးဟာ မုံရွာမြို့ကို ဆိုက်ရောက်ခဲ့ပါပြီ။ 

မုံရွာမြို့ ရောက်တဲ့အခါ မုံရွာမြို့ရဲ့ သူတို့ရဟန်းခံတဲ့ ရဟန်းတွေ များစွာထဲက တစ်ပါးဖြစ်တဲ့ အရှင် ပဏ္ဍိတ သတင်းသုံးရာဖြစ်တဲ့ မုံရွာက ကျောင်းတော်ကို ရောက်ရှိခဲ့ပါပြီ။ အဲဒီကျောင်းတော်က မဟာဝေပုလ္လာရာမ။ မဟာဝေပုလ္လာရာမ 

ကျောင်းတိုက်ထဲ မြေးအဘွားသုံးယောက် ရောက်ခဲ့ကြပြီ။ အဲဒီလို ကျောင်းထဲရောက်ပေမယ့် ကျောင်းပေါ်ကို မတက်အားဘူး။ မြေးကလေးနဲ့ မအေးစိန်က နေရစ်ခဲ့ရတယ်။ တစ်ထည်ထဲသော အင်္ကျီကို ကျုပ်က အရင်ဝတ် 

ကျောင်းပေါ်တက်၊  ပြီးတော့ ပြန်လာပြီးမှ အဲဒီအင်္ကျီကို ချွတ်၊ သမီး မအေးစိန်ကိုပေး၊ ပေးပြီးမှ အဲဒီအင်္ကျီလေး တစ်ထည်ထဲနဲ့ တတ်လာခဲ့တယ်။ အလွန်အင်မတန်မှ ယူကြုံးမရ ဖြစ်စရာပါ။ အဲဒီအချိန်မှာပဲ ကျောင်းတော်ကို ရောက်ခဲ့ပြီ။ 

တအောင့် တခားနားနိုင်ခဲ့ပြီ။ ဆရာတော်ဘုရားကြီးက ကျောင်းအောက်ထပ်မှာ နားနေဖို့ ဆောင်ရွက်ပေးထားတယ်။ 

။ (ခ) ။

ကဲ  ဒီလိုလုပ်ကြ အတော်ပဲ ရွာကလာတဲ့ လှည်းတစ်စီးလဲ ရှိနေတယ်။ အဲဒီ လှည်းကြုံနဲ့ ထည့်ပေးလိုက်မယ်။ ဘုမ္မနိုးကိုတော့ ရောက်အောင်သွားနိုင်ကြတာပေါ့။  ဆင်ကျွန်းရွာကြီးဟာ ကမ်းပါးပြိုလို့ ပါသွားပေမယ့် ဘုမ္မနိုးဆင်ကျွန်းလို့ 

တွဲရက်မှာ ဘုမ္မနိုး ရှိရစ်ခဲ့သေးတယ်။ ဘုမ္မနိုးရွာသူရွာသားတွေဆိုတာလဲ ဆွေမျိုး ရင်းချာတွေကြီးပါပဲ။ သို့သော် အဲဒီမှာ စီးပွားပျက်ခဲ့တယ်။ အခြေပျက်ခဲ့တယ်။ အနေခက်ခဲ့တယ်။ 

ဒါ့ကြောင့် အဲဒီရွာကို ပြန်ရမှာ မျက်နှာငယ်လှတယ်။ အရင်တုန်းက ကြီးကြီးကျယ်ကျယ် စည်းစိမ် ရိပ်ငြိမ်ချမ်းသာနဲ့ နေခဲ့ရတဲ့ဘ၀ ပွဲစားကြီး ဦးကျော်ဇ၊ ပွဲကတော် ဒေါ်အေးခတို့ရဲ့ အလွန်ကြီးမားလှတဲ့အိမ်။ အဲဒီအိမ်ကြီးမှာ ပွဲစားကြီး 

အပြင်သွားရင် စီးဖို့ မြင်းသုံးကောင်က မြင်းဇောင်းမှာ၊ နွားခြံက သက်သက်၊ ဆီဆုံက သက်သက်၊ အို အားလုံး ဆွေတွေမျိုးတွေ လုပ်ဖော်ကိုင်ဖက်တွေ ကူညီကြတဲ့သူတွေ အိမ်မှာလည်း လူအမြဲတမ်း ဆယ့်လေးငါးယောက်က ပျော့်ချင့် 

စဖွယ် နေခဲ့တယ်။ 

မြေကြီးကပြို ကမ်းကပြို မြေယာတွေ အကုန်လုံး ဆုံးရှုံး အောက်ရပ် အောက်ပြည်ကို စုန်မလို့ လုပ်နေတဲ့ အလွန်ကြီးမားလှတဲ့ လှေကြီးနဲ့ ကုန်တွေ အပြည့်တင်ထားပြီးပြီ။ အဲဒီညမှာပဲ မိုးကြီးလေကြီးတွေကျ လှေကြီးလဲ ဘယ်ပျောက်လို့ 

ဘယ်ရောက်သွားတယ်လို့ စုံစမ်းရှာဖွေလို့ စနည်းနာလို့ကို မရတော့ပါဘူး။ မြေတွေက ပြို၊ အိမ်ကြီးကို နောက်ဆုံးတော့ ညီအစ်မ တစ်ဝမ်းကွဲ ဒေါ်အေးခင်ထံ ပေးချင်သလောက် ဈေးသာပေးပါတော့ ဆိုပြီး ရောင်းခဲ့ရတယ်။ 

အဲဒီအိမ်ကြီးကိုလဲ ပြန်ပြီးတော့ မတွေ့ချင် မမြင်ချင်တော့ဘူး။ ဒါပေမဲ့ မတတ်နိုင်ဘူးလေ။ အရေးကြီးတော့လဲ သွေးနီးကကြတာ ကိုယ့်ဆွေတွေ မျိုးတွေပဲ ဖြစ်ရမှာပေါ့။ 

ဒီတော့ ဆရာတော်ကလဲ အဲဒီ လှည်းနဲ့ လိုက်ဖို့ပဲ ပြောတယ်။ ဒါတင်မကဘူး။ ဒါယိကာမကြီးက ရဟန်း အမ၊ ရဟန်း အမဆိုတာ ရဟန်းရဲ့ မိခင်ပဲ။ ဒါကြောင့် ဒါယိကာမကြီးတို့ ဒုက္ခသုခရောက်တဲ့အခါ ဦးပုဇဉ်းကို 

ဦးပုဇဉ်းဘ၀ရောက်အောင် ဥပသံပရန် ကိုင်ဆောင်ပြီးတော့ ရဟန်းဘောင်ပို့ခဲ့တာ ဒယိကာမကြီး ဒေါ်အေးခတို့ပဲ။ ဒီတော့ ရဟန်းရဲ့မိခင်ပါပဲ။ ရဟန်းရဲ့မိခင်ကို ရဟန်းက ပြုစုခွင့်ရှိပါတယ်။ ဒါကြောင့် ပြုစုပါရစေ။ 

ကျောင်းထိုင်ဆရာတော်ဖြစ်နေတဲ့ ဆရာတော် ဦးပဏ္ဍိတက ငွေကလေး ၅၀ ပေးလိုက်တယ်။ 
အဲဒီငွေကလေး ၅၀ ထဲက တစ်ချို့တစ်ဝက်နဲ့တော့ လူချင်းတူတူ သူချင်းမျှတဲ့ အ၀တ်အစားလေး အနည်းအကျဉ်းတော့ ၀ယ်လို့ရနိုင်ကောင်းရဲ့။ ၀မ်းသာတယ်။ ဒါပေမဲ့ တစ်ဖက်ကလဲ ဒီငွေ ၅၀ ကို ကိုင်နေတဲ့ လက်ကလေး ကလဲ တုန်လို့။ 

ဝမ်းနည်းတဲ့စိတ်တွေ၊ အခုအခါမှာ ဘာမှ ကိုယ်ကျိုးဆန္ဒ ကိုယ့်ကိစ္စ စိတ်သွားတိုင်းကိုယ်မပါ လိုရာမရောက်တော့ပါလားလို့ အားငယ်မိတယ်။

 ပြီးမှ ဆရာတော်က မိန့်ကြားတယ်။ အော် ဒါယိကာမကြီး ဟုတ်သားပဲ ဆရာတော် မေ့နေလိုက်တာ။ ဟိုးဘက် ချင်းတွင်းမြစ် အနောက်ဘက်မှာ ဒါယိကာမကြီးများ ကြားဖူးလားမသိဘူး။ ဆားထုံး ဆိုတဲ့ ရွာကြီးလေ။ သိပါတယ်ဘုရား 

အဲဒီမှာ တပည့်တော်ရဲ့ ယောင်းမ ဦးကံတော်တို့ ဒေါ်လှအုန်းတို့တောင် ရှိတာပဲ။  အေး ဟုတ်ပြီ ဟုတ်ပြီ အဲဒီဆားထုံးရွာရဲ့ မြောက်ဘက်မှာ ထန်းပုဆိုတဲ့ ရွာရှိတယ်။ ထန်းပုရွာ သရက်တောကျောင်းတိုက်က ဆရာတော်ဦးဥာဏ၀ံသ 

ဆိုတာ ဦးပုဇဉ်းနဲ့ စာသင်ဖော်စာသင်ဖက်ပေါ့။ မန္တလေး မစိုးရိမ်ကျောင်းတိုက်မှာ စာသင်ခဲ့ကြတဲ့ စာသင်ဖတ်ပေါ့။ အဲဒီကျောင်းမှာ မူလတန်းကျောင်း ဖွင့်ချင်တယ်လို့ကြားတယ်။ စာရေးပေးလိုက်မယ် ဒါယိကာမကြီး။ အဲဒီ ဆရာတော် 

ဦးဥာဏ၀ံသထံ သွားကြပေတော့။ အဲဒါဆိုရင် ဆရာမအလုပ်က အဆင်ပြေပါလိမ့်မယ် ထင်တယ်လို့ ဆိုလိုက်တော့ ၀မ်းမြောက်ဝမ်းသာနဲ့ စာကလေး ချီးမြှင့်တော်မူပါဘုရား။ စာကလေး မစတော်မူပါဘုရားလို့ လျှောက်ထားကြတယ်။ 

ဆရာတော်ကလည်း စာရေးပေးလိုက်တယ်။ 

အဲဒီလိုနဲ့ ပြန်ခဲ့ကြပြီ။ တောင်ဘက်ကိုရောက်ခဲ့ကြပြီ။ ဆွေတွေ မျိုးတွေကလဲ တကယ်တော့ အံ့သြစရာပါ။ ကိုယ့်ဆွေကိုယ့်မျိုးဆိုတော့လဲ နေနိုင်တဲ့သူတွေရှိသလို မနေနိုင်တဲ့သူတွေလဲ ရှိတယ်။ အင်း ပြောရအုံးမယ်။ 

ဖွားမြောက်သန့်စင်ထားတဲ့ ကျုပ်မှာလဲ သမီးကြီးက မသိန်းကြွယ်တဲ့။ နောက်သားတွေကလဲ ရှိတယ်။ သုံးယောက်တောင်ပဲ။ မောင်သာခင် နဲ့ မောင်သာရင်နဲ့ မောင်ဘသစ်တဲ့။ နောက် သမီးလေး မအေးမယ်တဲ့။ အဲဒီလို ရှိကြတဲ့အထဲ 

သမီးအကြီးဆုံး မသိန်းကြွယ်က အိမ်ထောင်ရက်သားကျပြီး သူ့ရဲ့ သမီးအကြီးဆုံး မဖွားသိုက်တောင်မှ ကျုပ်သမီးအထွေးဆုံး မအေးစိန်ထက် လေးနှစ်ပဲ ငယ်ရှာတာ။ အဲဒီတော့ သူတို့တစ်တွေလည်း အရင်းလေးတော့ အဖျား 

ထင်းဖြစ်ကြပြီ။ ဒီအိမ်ကြီးမှာ ဒီလိုတွေဖြစ်ပြီး အောက်ပြည်စုန်မယ့် လှေကြီးကလည်း စုပ်စ မြုပ်စပ်မှ တောင်မပေါ်လာ။ မြေတွေကလဲ ကမ်းပြို။ လယ်တော ယာတောတွေ ရှိသမျှလဲ အကုန်ဆုံး။ ဒါတင်မက လေကြီးမိုးကြီးကျတဲ့ညက 

အိမ်က မြင်းသုံးကောင်ကထွက်ပြေး။ ဘယ်ရွာရောက်လို့ ဘယ်ရွာပေါက်နေလဲမသိ။ အိမ်ကြီးကိုတောင် သူတစ်ပါးလက်ထဲထိုးအပ်ခဲ့ရသည့်အဖြစ်ဆိုတော့ သူတို့တစ်တွေလည်း တစ်ယောက်မကျန် ကစဥ့်ကလျားဖြစ်ကြရရှာတာပေါ့။ 

အဲဒီ သားသမီးတွေ အကုန်လုံးကလည်း သမီးထွေးလေးဘက်က မြေပိုင်ရှင်ယာပိုင်ရှင်ကြီးဆိုတော့ အားကိုးတကြီးနဲ့  နှုတ်၏ စောင်မခြင်း၊ လက်၏ စောင်မခြင်းများ ရမလားလို့ လိုက်လာကြ။ သို့သော်လည်း စည်ပါမှာ မနေကြရှာပါဘူး။ 

သူတို့ကလည်း အဲဒီတုန်းက ဘုတလင်ကနေ ရေဦးကို သံလမ်းဖောက်တဲ့ ကာလဖြစ်နေတော့ သံလမ်းဖောက်တဲ့ အလုပ်ကြမ်းသမားတွေအဖြစ် လုပ်ကြရင်း နောက်ဆုံးတော့လဲ သူတို့ဟာ မျက်နှာမငယ်အောက်မကျနိုင်တော့ပါဘူး။ 

သူတို့ကတော့ ပြန်သွားလို့ ရတဲ့သူတွေဆိုတော့ အခြေမကျ အနေမလှအတူတူ တောင်ဘက် ကိုင်းထဲကျွန်းထဲကိုပဲ ဘုမ္မနိုးဘက်ကိုပဲ ပြန်ပြီးတော့ ကျရာနေရာ ရောက်ရာအရပ်မှာ ဖြစ်ကတတ်ဆန်း နေထိုင်စားသောက်နေကြလေရဲ့။ အဲဒီ 

သားကြီးသမီးကြီးတွေကလဲ တောင်မင်းမြောက်မင်း မကယ်နိုင်ပေါ့လေ။ ဘယ်သူ့ဘယ်သူမှ ကယ်နိုင်ကြ ဆယ်နိုင်ကြတဲ့ အခြေအနေမရှိ။ 

မောင်သာခင်ကတော့ ဟိုး ညောင်ဖြူပင် သစ်စိမ့်ရွာကြီးမှာ မဘုမနဲ့ အိမ်ထောင်ကျပြီးတော့ ကွမ်းတွေဘာတွေစိုက်လို့ သူကတော့ နည်းနည်း စားနိုင်သောက်ဝရှိရှာပါတယ်။ မောင်သာရင်ကတော့ ကျန်ရစ်ခဲ့တဲ့ ကျွန်းလေး ကိုင်းလေးမှာပဲ 

ဖြစ်သမျှနဲ့ လယ်ပိုင်ရှင် ယာပိုင်ရှင်ဘ၀ကနေ လယ်ကူလီ ယာကူလီ သဘောမျိုးပေါ့လေ။ မောင်ဘသစ်တော့ တစ်မပေါက် တစ်ယောက်ထွန်းပါပဲ သူကတော့ သောက်ချင် စားချင်။ ဖြစ်ပျက်နေကြတဲ့အဖြစ်အပျက်တွေက အကုန်လုံး 

မကြည့်ရက်စရာတွေ။ မမြင်ရက်စရာတွေပါပဲ။ သို့သော်လည်း ဟိုအိမ်လှည့်သွားလိုက် ဒီအိမ်လှည့်သွားလိုက်နဲ့ နောက်တော့လည်း စာထဲမှာပါပြီးဖြစ်တဲ့ ထန်းပုရွာကို သွားဖို့အတွက် စီစဉ်နေရတော့တယ်။ 

တစ်ခြားဟုတ်ပါရိုးလား။ အရင်တစ်ခါတုန်းက နေခဲ့ဘူးတဲ့ ဆားထုံးရွာကြီးက လှေသူကြီး ဦးကံတော်၊ ဒေါ်လှအုန်းတို့ရဲ့ အိမ်။ အဲဒီအိမ်ကနေပြီးတော့မှ  ကျုပ်ရဲ့ မောင်ပေါ့လေ။ မောင်အေးဆိုတာ အခုတော့ သမားတော်ကြီး 

ဗိန္ဓောဆရာကြီး ဦးအေးအဖြစ်နဲ့ အဲဒီ ချင်းတွင်းမြစ် ကမ်းနံဖူးမှာပဲ ရှိနေတယ်။ အဲဒီဦးအေးနဲ့ မြစ်ကမ်းထိပ်မှာပဲ နောက်တစ်အိမ်ရှိသေးတယ်။ အဲဒီအိမ်ကတော့ ဦးရေပေါ်တဲ့။ ဦးရေပေါ်ဆိုတာကတော့ ဦးကျော်ဇနဲ့ ညီအစ်ကိုအရင်းပါ။ 

အဲဒီတော့ ကျုပ်နဲ့မောင်နှမအရင်းဖြစ်တဲ့ ဦးအေးနဲ့ ကျုပ်ရဲ့ ခင်ပွန်းဖြစ်တဲ့ ဦးကျော်ဇနဲ့ ညီအစ်ကိုရင်းဖြစ်တဲ့ ဦးရေပေါ်ရယ် သူတို့နှစ်အိမ်ရှိနေတော့ အဲဒီကိုပဲ ဦးတိုက်သွားရတော့တယ်။ ဘာမှမပါ လက်ချည်းသက်သက် 

ကန်တော့ကြရတယ်။ 

အဖြစ်အပျက်တွေ ပြန်ပြောပြကြ တစ်နေကုန်တစ်နေခမ်း ဘာမှမပူကြနဲ့ ဒီမှာနေလို့ ကျမမောင် မောင်အေးကပြောတယ်။ သူက ဆေးပညာကိုလဲ တတ်တယ်။ နန်းတွင်းက အဆက်အဆက်သင်လာတဲ့ နန်းတွင်းဆေးပညာပါ။ 

အဲဒီလောက်ထိအောင် တတ်ကျွမ်းနေတော့ သူ့မှာ စားနိုင်သောက်ဝရှိပါတယ်။ ကျုပ်တို့ သားအမိသုံးယောက် မှီခိုလို့ရပါတယ်။ အဲဒီမှာနေကြ ဦးရေပေါ်အိမ်ကလဲ ဟဲ့  ဟိုအိမ်တစ်လှည့် ဒီအိမ်တစ်လှည့်ပေါ့။  ငါ့တူမအရင်းပဲ မောင်အေးနဲ့ 

တူမတော်သလို ငါနဲ့လဲ တူမတော်တာပဲ။ အဲဒီတော့ အမေဘက်က ဦးလေးလဲရှိတယ်။ အဖေဘက်က ဦးလေးလဲရှိတယ်။ ဘာမှအားမငယ်နဲ့လို့ အားပေးကြရှာတယ်။ 

ဒီလိုနဲ့ မသွားရဲ သွားရဲနဲ့ လှူဖွယ်ဝတ္ထူကလေးတွေကို ပြင်ဆင်ပြီးတော့ စာကလေးယူ ထန်းပုရွာက သရက်တောကျောင်းတိုက် (တာဝတိံဿာကျောင်းတိုက်လို့လဲ ခေါ်တယ်) ကိုသွားတော့ ဆရာတော်က ကျောင်းအောက်က 

ခြောက်တိုင်ခုတင်ကြီးမှာရှိတယ်။ မှန်ပါ့ဘုရား ဘုရားတပည့်တော်တို့ကို မုံရွာမြို့ ဝေပုလ္လညရာမကျောင်းတိုက်ကြီးမှ ကျောင်းထိုင်ဆရာတော်ကြီး ဦးပဏ္ဍိတမှ လွှတ်လိုက်လို့ပါဘုရား။ ဆရာတော် ဦးပဏ္ဍိတရဲ့ ရဟန်းအမပါဘုရားလို့ 

လျှောက်တယ်။ ဆရာတော် ဦးဥာဏ၀ံသက အရပ်ပုပုပါ။ အသားကညိုတယ်။ ကိုယ်လုံးကိုယ်ပေါက်ကလဲ ခပ်သေးသေးပါပဲ။ ဆရာတော်ရုံထားတဲ့ သင်္ဃန်းကတော့ သစ်ခေါက်ဆိုတဲ့ သင်္ဃန်းမျိုး ခပ်ညိုညိုအရောင်ပါ။ 

ဆရာတော်က စာဖတ်ကြည့်တယ်။ အေး ကောင်းတယ် အတော်ပဲ။ ဘယ်နှစ်တန်းအောင်ခဲ့သလဲလို့ မေးပါတယ်။ အဲဒီအခါမှာ ကျုပ်သမီးကပဲ မှန်ပါ့ဘုရား ဘုရားတပည့်တော်မ မြန်မာကျောင်းက ကိုးတန်းအောင်ခဲ့ပါတယ်ဘုရား။ 

မုံရွာနော်မန် ဆရာဖြစ် အတတ်သင် ကျောင်းကတော့ မူလတန်းဆရာဖြစ် လက်မှတ်ရခဲ့ပါတယ်ဘုရားလို့ လျှောက်ထားပါတယ်။ အဲဒီလက်မှတ်တွေကိုလဲပြတယ်။ ကောင်းပြီ ဒါယိကာမကြီးတို့ ဒီလိုဆိုရင် ဒီရွာမှာ သူကြီးရှိတယ်။ သူကြီးက 

ဦးစံဖေလို့ခေါ်တယ်။ ဦးစံဖေနဲ့ ဒီရွာကောင်းကျိုးလုပ်ဖို့  ဒါယိကာမက သဘောတူတယ်ဆိုရင် သူကြီးကိုခေါ်မယ်။

 သူကြီးနဲ့တွေ့ပြီးတော့ မုံရွာက အဲဒီ ဒစ်စထွိုက် ကောင်စီရုံးမှာ လျှောက်ရတယ်လို့ ကြားတယ်။ အဲဒါ ဆက်လက်ဆောင်ရွက်ကြပေတော့ ဆိုပြီး သူကြီးကို အခေါ်လွှတ်လိုက်တယ်။ သူကြီးလဲ ရောက်လာပါတယ်။ မဆိုင်းမတွပါပဲ။ 

အကျိုးအကြောင်းကို ဆရာတော်ဘုရားက မိန့်ကြားပါတယ်။ အဲဒီအခါမှာ သူကြီးက ကောင်းပြီ ဒီလိုဆိုရင် နက်ဖြန်ခါပဲ မုံရွာသွားကြတာပေါ့ လိုက်လို့ရမလားလို့ မေးတော့တယ်။ အဲဒီတော့ ရေငတ်တုန်းရေတွင်းထဲကျပေါ့လေ။ 

အလုပ်လိုချင်နေတဲ့သူက အလုပ်လျှောက်ဖို့ မုံရွာ ဒစ်စထွိုက်ကောင်စီရုံးကို သွားရမယ် သူကြီးကိုယ်တိုင်လိုက်ပို့မယ်တဲ့။ ဘုန်းတော်ကြီးကျောင်းမှာ တွဲသင်ရတဲ့ မူလတန်းကျောင်းပေါ့လေ။ ခေတ်အခေါ်ဆိုရင်တော့ 

လောကဓတ်ကျောင်းပေါ့။ 
အဲဒီလောကဓတ်ကျောင်းမှာပဲ ကျောင်းဖွင့်ဖို့အတွက် နောက်တစ်နေ့အထိတောင် စောင့်ရပါတယ်။ 
သူကြီးက သူ့အိမ်မှာလိုက်အိပ်လို့ ဆိုသော်လည်း အဲဒီမှာ ရွာရဲ့တောင်ဖျားက ဦးစုပ်ဖွား၊ အရီးကြွယ်တို့က မြင်မြင်ချင်း ဒီသားအမိတွေကို ချစ်လှချည်ရဲ့လို့ ဆိုပြီးတော့ သုံးယောက်စလုံးကို သူတို့အိမ်ကြီးမှာ ခေါ်ထားတယ်။ 

သူတို့အိမ်ကြီးပေါ်မှာ ခေါ်ထားရုံသာမကဘူး။ သူတို့ရဲ့ မွေးစားသား ကိုမောင်ကလေး ငယ်ငယ်တုန်းက ကစားခဲ့တဲ့ ကြွေရုပ်ကလေးတွေကိုတောင်မှ ပေးထားတယ်။ ဒါတင်မကဘူး အကောင်းဆုံး ထမင်းတွေ အကောင်းဆုံး ဟင်းတွေ 

ကျွေးတယ်။ ပြီးတော့ သူတို့အိမ်မှာ သူတို့နှစ်ယောက်ကလွဲရင် ဘယ်သူမှမရှိဘူး အဲဒီတော့ အပေါ်ထပ်တစ်ထပ်လုံးသာ နေကြလို့ ဆိုပြီး ပေးထားတယ်။ သူကြီးဦးစံဖေတို့နှင့်အတူ နောက်တစ်နေ့မနက်တော့ သားအမိနှစ်ယောက်စလုံးပဲ 

မောင်သိန်းကိုပါ ခေါ်ပြီး မုံရွာလိုက်ခဲ့ကြတယ်။ မုံရွာမှာ လျှောက်လွှာတင်ကြရတယ်။ ကောင်းပြီ။ အလုပ်တော့ရမယ်။ ဒါပေမယ့် တစ်နှစ်တော့ လခမရဘဲ လုပ်ရမယ်တဲ့။ လက်မှတ်တော့ လာလာပြီးတော့ ထိုးရမယ်။ အဲဒီလက်မှတ်ထိုးတဲ့ 

ငွေလခကိုတော့ ဒစ်စထွိုက်ကောင်စီ လူကြီးတွေက တစ်နှစ်တာတိတိ ခွဲဝေယူကြမယ်။ အဲဒါကို သဘောတူသလားတဲ့။ အဲဒါကို သဘောတူရင် ရမယ်ဆိုတော့ တူပါတယ်ဆိုတော့ ခန့်စာကို လိုက်ပေးလိုက်တယ်။ ခန့်စာကို 

ချက်ချင်းထုတ်ပေးလိုက်တယ်။ အဲဒီခန့်စာလေးနဲ့ ရွာမှာ ကျောင်းဆရာမဖြစ်ခဲ့ပြီ။ ပျော်လိုက်ကြတာ။ သားအမိတွေပျော်ကြ။ မြေးကလေးကိုလဲ ပြောပြ။ 

ဒါပေမဲ့ မြေးကလေးက တောက်လျှောက် တမှိုင်မှိုင် တငိုင်ငိုင်ဖြစ်နေတယ်။ ည အိပ်ရာမှာလဲ ယောင်တတ်တယ်။ ကလေးက အိပ်မောကျပြီဆိုရင် အစ်ကို အစ်ကိုလို့ တတမ်းတတ တမ်းတရှာတဲ့အသံ။ ဒီအသံကြားတဲ့အခါ 

သမီးမအေးစိန်က အိပ်နေရင်းက နောက်တစ်ဖက်ကို လှည့်သွားတယ်။ ကျမသိပါတယ်။ သူ့သားက သူ့ဖခင်ကို တမ်းတနေတယ်။ အဲဒါကို မိခင်က မကြားနိုင်အောင်ဖြစ်သွားတယ်။ မကြားရက်နိုင်အောင် ဖြစ်သွားတယ်။ ဒါကြောင့် သမီးလဲ 

သူ့မျက်ရည်ကို သူ့မိခင်ဖြစ်တဲ့ ကျုပ်မသိအောင် တစ်ဖက်လှည့်ငိုရှာတယ်။ ကျုပ် သဘောပေါက်ပါတယ်။

 အဲဒီလိုနဲ့ပဲ ကျမတို့ ထန်းပုရွာမှာ မူလတန်းကျောင်း ကျောင်းအုပ်ဆရာမအဖြစ်နဲ့ အခန့်ခံခဲ့ရပါတယ်။ ဒါပေမဲ့ ဆရာမတော့ ဆရာမပဲ လခမရတဲ့ ဆရာမပေါ့။ တစ်နှစ်တာလုံး လခကို ဒစ်စတ္ထိုက် ကောင်စီလူကြီးများ ခွဲဝေယူကြမယ့် 

တစ်နှစ်တာအတွက် လာဘ်ထိုးရတယ်။ ငွေလာမထိုးနိုင်တော့ လုပ်အားပေါ့။ တစ်နှစ်တာ လုပ်အားကို သူတို့က ထုတ်ယူကြတယ်။ လတိုင်း လတိုင်းတော့ မုံရွာသွားသွားပြီးတော့ လခရပါတယ် ဆိုတဲ့ အကြောင်း တံဆိပ်ခေါင်းတွေပေါ်မှာ 

လက်မှတ်ထိုးရပါတယ်။ ဒါပေမဲ့ မဆိုးပါဘူး။ ဦးစုပ်ဖွားတို့ အရီးကြွယ်တို့ကလည်း သမီးအရင်းလို ချစ်ကြရှာတယ်။ မအေးစိန် ကံကောင်းပါတယ်။ သူကြီးကိုစံဖေကလည်း ကံကောင်းချင်တော့ သမီးနဲ့ မောင်နှမသုံးဝမ်းကွဲလောက် 

သွားတော်နေတယ်။ သူ့ဖခင် ကိုကျော်ဇဘက်ကပါ။ အဲဒီလို တော်နေတာ တွေ့ရတော့ ရပ်ရွာမှာ နေရတာ အားရှိတယ်။ ဦးစုပ်ဖွားတို့ အရီးကြွယ်တို့ကတော ဒီဆရာမလေးက သူတို့သမီးလို့ ဂုဏ်ယူဝင့်ကြွားစွာ ပြောလေ့ရှိတယ်။ ကျမတို့ 

အဲဒီအိမ်မှာလည်း နေကြ၊ တစ်ခါတစ်ခါမှာ ဟိုး ချင်းတွင်းမြစ်ကမ်းနဖူးမှာရှိတဲ့ မောင်အေးတို့အိမ်၊ ကိုရေပေါ်တို့အိမ်တို့ကို အလည်သွားလိုက်ကြနဲ့။ အဖိတ်ဥပုသ်ဆို ကျောင်းပိတ်တာကိုး။ ကျောင်းပိတ်တဲ့ နှစ်ရက်ဆို သွားလည်လိုက်ကြ။ 

အဲဒီလိုပဲ ရပ်ထဲရွာထဲကလည်း သူကြီးကိုစံဖေရဲ့ကောင်းမှုထင်ပါရဲ့။ ရပ်ထဲရွာထဲကလည်း ၀ိုင်းဝန်းပြီးတော့ ထောက်ပံ့ကြပါတယ်။ သို့သော် ထန်းသမားရွာလေးဆိုတော့ များများစားစား မထောက်ပံ့နိုင်။ သို့သော် နေစရာက ဥိးစုပ်ဖွား၊

အရီးကြွယ်တို့ အိမ်နေရပြီ။ အဲဒီအိမ်ကပဲ ထမင်းကျွေးပါတယ်။ အဲဒီအပြင် အပိုသုံးစရာ ငွေကြေးလေးအဖြစ် ကိုစံဖေက တစ်ဆင့် ရိက္ခာ လခ ရွာက ထောက်ပံ့တဲ့ငွေ တစ်လမှာ ၁၅ ကျပ်လောက်တော့ ရပါသေးတယ်။ 

အဲဒီလိုနဲ့ ရွာမှာ ကျောင်းဆရာမအဖြစ် အတည်အတံ့ အခံ့အညားဖြစ်ခဲ့ပြီ။ အားငယ်ရတဲ့ ရက်တွေ ကုန်ဆုံးခဲ့ပြီ။ ဒီလိုနဲ့ နှစ်ထပ်အိမ်ကြီးပေါ်မှာ တင့်တင့်တယ်တယ် ကိုယ့်အိမ်ကိုယ့်ယာမဟုတ်ပေမယ့် စိတ်နေလည်း လွတ်လပ်လှတယ်။ 

အရင်တုန်းကတော့ တစ်ရွာလုံးက မအေးစိန်လို့ပဲ ခေါ်ကြတယ်။ ဒီရွာမှာကျတော့ ဆရာမ မဟုတ်လား။ ဒီတော့ မအေးစိန်လို့ ခေါ်မယ့်လူဆိုလို့ ကျုပ်တစ်ယောက်ပဲရှိတယ်။ ကျန်တဲ့သူအကုန်လုံးကတော့ ဆရာမ ဆရာမလို့ပဲ 

နှုတ်ကျိုးနေကြပါတော့တယ်။ အဲဒီနည်းအားဖြင့် ဘ၀ဟာ တစ်ဆစ်ချိုးကွေ့ခဲ့ရပြန်ပါပြီ။ ဒါပေမဲ့ ဘာပဲဖြစ်ဖြစ် မြေးကလေး မောင်သိန်းကတော့ ညစဉ်ညတိုင်း အိပ်မက်ယောင်ရင်း အစ်ကို အစ်ကိုဆိုတဲ့အသံကို ကြားနေရဆဲပါပဲ။ 

သူအိပ်ပျော်နေပေမယ့် ၀မ်းနည်းမှုကတော့ အိပ်မပျော် မျက်ရည်စလေးတွေနဲ့ သူ့ကို မကြာခဏ တွေ့နေရပါတယ်။

 

ပိန်းကော လှေငယ်နှင့် မြစ်ပင်လယ် အပိုင်း (၃)

ကျုပ်ကတော့ မြေးကလေး မောင်သိန်းနဲ့ အိမ်မှာပဲ နေခဲ့။ သမီးကတော့ ကျောင်းသွား။ စာသင်။ မြေးကလေးကတော့ တစ်ခါတစ်လေ ကလေးတို့ ဘာသာဘာဝ ကလေးဖော်လေးတွေ၊ ကစားဖော် ကစားဖက်ကလေးတွေတွေ့ရင် 

သူ့မျက်နှာကလေး လန်းပါတယ်။ အိုးပုတ်ကလေး တွေ၊ ချိုးရုပ် ကလေးတွေနဲ့ သူများကလေးတွေ ကစားသလိုသူက မကစားတော့လည်း အခက်။ ဦစုပ်ဖွားတို့ အရီးကြွယ်တို့က သူတို့မွေးစားသား ကိုမောင်ကလေး ငယ်ငယ်တုန်းက 

ကစားတဲ့ ကြွေရုပ်လှလှလေးတွေ၊ ခွေးရုပ်လေးတွေ၊ ကြောင်ရုပ်လေးတွေ၊ ဘိုမရုပ်လေးတွေကို အစုံထုတ် ပေးထားပေမယ့် ခဏလောက်ပဲ ကြည့်တယ်။ အဲဒါလေးတွေနဲ့လည်း သူမကစားဖြစ်ဘူး။

ကလေးက အရင်တုန်းက ဒီလိုမဟုတ်ပါဘူး။ ဟိုး စည်ပါတုန်းကဆိုရင် တခစ်ခစ် ရယ်မောသံလေး ကြားရတယ်။ သူ့ အဖေကို အစ်ကို အစ်ကိုလို့ ခေါ်ပြီး အလွန် ရယ်တတ်မောတတ် ပျော်ရွှင်တတ်ပါတယ်။ ဒါတင်မကဘူး 

တွတ်တီးတွတ်တာလည်း အင်မတန် ပြောပါတယ်။ တစ်ခါတစ်ခါ သူတို့ သားအဖနှစ်ယောက် တခိုးခိုး တခစ်ခစ်နဲ့ ရယ်နေတာကို ဘေးက ကြည့်နေတဲ့ ကျုပ် ကြည်နူးမိတယ်။ 

အခုတော့ စိတ်မကောင်းဘူး။ ကလေးက ပြုံးခဲ ရယ်ခဲလိုက်တာ။ ရယ်ဖို့ဆိုတာ နေနေ သာသာ၊ သူပြုံး တာတောင် မမြင်ရသလောက် ရှားရှားပါးပါးဖြစ်နေပြီ။ အလွန် ရွှင်တဲ့ ကလေးဟာ တမှိုင်မှိုင်တတွေ တွေ ဖြစ်နေတယ်။ 

အိပ်ပြန်တော့လည်း သူ့အဖေကိုပဲ တတမ်းတတ တမှန်းဆဆနဲ့ အစ်ကို အစ်ကို လာ လာ ဆိုပြီး အိပ်မက်ယောင်ရှာတယ်။ ဒါတင်မကဘူး အစ်ကို့ ဂုတ်ပေါ်စီးမယ် ဂုတ်ပေါ်စီးမယ် ဆိုပြီး ကလေးရဲ့ အိပ်မက်ယောင်သံတွေ ကြားရတော့ 

ကျုပ်လည်း ရင်ထဲမှာ နာလိုက်တာ။ သူ့အမေကတော့ ထုံးစံအတိုင်း မသိချင်ယောင်ဆောင်ပြီးတော့ တဖက်လှည့်နေတယ်။ သူလည်း သူ့မျက်ရည် သူဖွက်ထားပေမယ့် သူက ကျုပ်သမီးလေ။ ကျုပ်မွေးထုတ်ထားတဲ့ သမီးပဲ 

ကျုပ်သိတာပေါ့။ သူလည်း သူ့သားလေးအတွက် စိတ်မကောင်း ဖြစ်ရှာမှာပဲ။ တကယ်တော့ မောင်ဓနဆိုတာ ခင်ပွန်းသည်ကောင်း တစ်ယောက်ပဲ။ ၀မ်းမြောက် ၀မ်းသာ ဘယ်ရှိနိုင်မလဲ။ ဒါ ၀မ်းသာစရာမှ မဟုတ်ဘဲ။ 

ဒီရပ်ဒီရွာ ရောက်လာပြီး ကလေးက ဆယ်လသားမှ နို့ပြတ်တယ်။  နို့ပြတ်ပြီးတဲ့ ဆယ်လသားမှာ ကျုပ်နဲ့ပဲ အိပ်တယ်။ ကျုပ်နဲ့ အိပ်ယုံတင်မကဘူး။ တစ်ခါတုန်းက စည်ပါမှာ ကျုပ်ရှိတုန်းပေါ့လေ။ တောင်ဘက်က ဆွေမျိုးတွေဆီ 

လွမ်းသလိုလိုရှိတာနဲ့ အလည်သွားတယ်။ အဲဒါ သူ့တို့ သားအမိ သားအဖ သုံးယောက် ကျန်ခဲ့ကြတာပေါ့။ တောင်ဘက်မှာ  ကျုပ်က တစ်လ ကျော်ကျော် ကြာအောင် နေမိတယ်။

တစ်လကျော်ကျော်ကြာသွားတော့ ကလေးက ထမင်းလည်းမစား၊ နို့လည်းမစို့၊ တမှိုင်မှိုင်  တတွေတွေ ဖြစ်ရုံသာမက ပိန်လာတယ်။ အဲဒီအခါကျတော့ မလွှဲမရှောင်သာပဲ ဘုံမနိုးအထိ လူလွှတ်ပြီး အခေါ်ခိုင်းခဲ့ရဖူးတယ်။ 

အဲဒီလိုခေါ်ပြီးတော့ ပြန်ရောက်တော့ ကလေးက ကျုပ်ကို ရန်ထောင်လိုက်တာ။ ပြန်မလာနဲ့ သွားဆိုတဲ့ အဓိပ္ပာယ်ပေါ့လေ။ အဲဒါ ကလေးက ရန်စကားကို လေးလုံးကွဲအောင် ဟုတ်တိပတ်တိမပြောတတ်သေးပါဘဲနဲ့ အော်ဟစ်ပြီး 

ဒေါသတွေ ဖြစ်နေ လိုက်တာ။ ပြီးတော့မှ လည်ပင်းကိုဖတ်ထားတယ်။ လည်ပင်းကို ဖတ်ထားတဲ့ သူ့လက်ကို ဘယ်လိုမှ ဖြုတ်လို့မရဘူး။ ပြန်သွားရင် သူလည်း အတူလိုက်မယ်ဆိုတဲ့ သဘောပေါ့လေ။ အဲဒီ လောက်ထိ ကလေးကလည်း 

ကျုပ်ကို ချစ်ရှာတာ။

အင်း    သူ တစ်နှစ်သားလည်း စကားမပြော။  အံ့သြစရာကောင်းပါတယ်။ တစ်နှစ်နဲ့ ဆယ်လသားကြမှ စကားတစ်ခွန်းပြောတယ်။ အဲဒီစကား တစ်ခွန်းက ဘယ်တစ်ခွန်းလဲဆိုတော့ အမေခတဲ့။ အမေခ ဆိုတာ ကျုပ်ကိုခေါ်တာ။ 

သူ့အမေကို ဘယ်လိုခေါ်မယ်မသိသေးဘူး။ ကျုပ်ကိုတော့ အမေခတဲ့။

သူက စကားကို တစ်နှစ်ကျော်သည်အထိ မပြောသေးတော့ တစ်ရွာလုံးက စကားမှ ပြောတတ်ပါ့မလားလို့ စိုးရိမ်နေကြတာ။ အိမ်နားနီးချင်းတွေကတောင်မှ သူ့ကို ဟဲ့ စကားလည်းမပြောဘူး။ ကိုတေမိ ကိုတေမိ လို့ ခေါ်တဲ့သူတွေက 

ခေါ်ကြ။ တစ်ချို့ကလည်း ကလေးက ဆော့လည်းမဆော့ဘဲနဲ့ အသားညိုလို့ မျောက်ညိုဆိုတဲ့ နာမည်တောင်မှ ကြံကြံဖန်ဖန် သူတို့ဘာသာပေးထားကြလေရဲ့။ ဒါပေမယ့် ကလေးကလည်း မျောက်ညိုလို့ ခေါ်ရင် သူ့ခေါ်မှန်း မသိဘူး။ 

ဒီနာမည်ကို အသိအမှတ်မပြုဘူးဆိုတဲ့ သဘောပေါ့လေ။ အဲဒီလိုနဲ့ ကလေးလေး တဖြည်းဖြည်း တစ်နှစ်နဲ့ လေးလသားကျတော့ သူ့နှမလေး နှစ်ယောက်ရတော့လည်း နှမလေးတွေကို ချစ်လိုက်တာ။ နှမလေးတွေ 

ဆုံးပါးသွားကြရှာပြန်တော့လည်း အစ်ကိုဖြစ်တဲ့သူက ရှိုက်ကြီးတငင် ငိုလိုက်တာ။ အဘွားဖြစ်တဲ့ ကျုပ်လည်း မျက်ရည်ကျမိပါရဲ့။ သမီးကတော့ အံကြိတ်ထားတယ်။ 

အဲဒီလိုနဲ့ သူ ကလေးဘ၀မှာပဲ ဘုံမနိုးကို ကျုပ်ပြန်တုန်းက လွမ်းတဲ့ ဒဏ်ကို အတော့်ကို ခံစားရရှာပါတယ်။ အခု လည်း သူ့အဖေကိုလွမ်းလို့ ထမင်းတောင် မစားဘူး။ အမေခကို ချစ်ရင် စားပါ မြေးလေးရယ် ဆိုတော့ တစ်လုတ် နှစ်လုတ် 

စားတယ်။ နောက် မစားပြန်ဘူး။ အဲဒီလို ချော့ကျွေးလိုက်နဲ့။ ကလေးက ဒီအရွယ်မှာ ၀၀ဖြိုးဖြိုး ဖြစ်ရမယ့်အစား ၀၀ဖြိုးဖြိုးဖြစ်ဖို့ နေနေသာသာ သာမန်ကလေးတွေထက်တောင်မှ ပိန်နေတယ်။ ကလေးက ခံစားတတ်တော့ ခက်တယ်။ 

နည်းနည်းလေး ကြာလာခဲ့ပြီ။ ဒီရွာ ရောက်ခဲ့တာ နှစ်နှစ်နဲ့ ရှစ်လသားက ရောက်ခဲ့တာ ဖြစ်ပေမယ့် အခုရွာရောက်တာ လေးငါးခြောက်လ ရှိလာခဲ့ပြီ။ ရွာမှာတောင် တော်တော် အခြေကျလာခဲ့ပြီ။ ဒီကလေးရဲ့ စိတ်ဓာတ်လေးက အံ့သြစရာ။

အဖိတ်ဥပုသ်နေ့တွေကျတော့ ချင်းတွင်းမြစ် ကမ်းမှာ ရှိတဲ့ မောင်အေးတို့၊ ကိုရေပေါ်တို့ အိမ်တွေ အလည်သွားကြ။ အဲဒီမှာ ကိုရေပေါ်သမီး မအုန်းခင်ရဲ့ သားလေးတွေ သံလုံးနဲ့ သံခဲတို့ ရှိတယ်။ သူနဲ့ဆို ညီအစ်ကို နှစ်ဝမ်းကွဲတွေပေါ့။ 

သူတို့နဲ့တွေ့တဲ့ အဲဒီအချိန်ကလေးပဲ မြေးကလေး  ပြုံးတာမြင်လိုက်ရတာ။ ဒါပေမယ့် အခြားကလေးတွေလို တခိုးခိုးတခစ်ခစ်နဲ့ ရယ်သံ မောသံ မကြားရဘူး။ ပြီးတော့ သူတို့ မြစ်ထဲ ဆင်းကြတယ်။ ချင်းတွင်းမြစ်ထဲ ဆင်းကြတဲ့ 

ကလေးတွေက မောင်သိန်းထက်တောင် လပိုင်း ငယ်သေးတယ်။ ဒါပေမယ့် အဲဒီကလေးတွေက မြစ်ကမ်း နဖူးမွေး တယ်၊ မြစ်ကမ်းနဖူးကြီးတယ်ဆိုတော့ ရေကူးတတ်နေကြတာပေါ့။ အဲဒါ သူတို့နှစ်ယောက်က ရေထဲဆင်း ရေကူးတော့ 

မြေးကလေး မောင်သိန်းက လိုက်သွားသတဲ့။ အစက သူရပ်နေ သေးတယ်။ သူများ ရေကူးတာ မြင်တော့ သူလည်း ကူးတော့တာပေါ့။ ဒါပေမယ့် တစ်ခါမှ ရေနဲ့ မနီးစပ်ခဲ့တော့ ရေထဲခုန်ချလိုက်ပေမယ့် ရေမကူးတတ်ဘူး။ ဒီတော့ 

နစ်ပြီပေါ့။ ရေနစ်တော့ အငယ်လေး နှစ်ယောက်မှာ တစ်ယောက်က အတင်းကူးပြီး ဆွဲတယ်။ ဆွဲလို့မရ။ အဲဒီမှာ တစ်ယောက်က ကမ်းနဖူးပေါ်တတ်ပြီး သူ့အမေ ဒေါ်အုန်းခင်ကို ပြေးခေါ်။ အဲဒီမှာ ဒေါ်အုန်းခင်က ရောက်လာ။ ကလေးက 

ရေနစ်တာ ရေပေါ် တစ်ခါပေါ်တယ်။ နောက်တစ်ခါပေါ်ပြီးလို့ ဟိုးအောက်ကို ရောက်နေပြီ။ မြစ်ရဲ့ အကျယ်ဘက်ပေါ့လေ။ နစ်လိုက်ပေါ်လိုက် နစ်လိုက်ပေါ်လိုက် နဲ့ အဲဒါ မအုန်းခင်က ဆင်းပြီးတော့ ကလေးကို ဆယ်၊ ကလေးကို 

သူ့ပခုံးပေါ်မှာ ၀ပ်လျား မှောက်ရက် အနေအထားနဲ့ တင်။ ပြီးမှ ဟိုပြေး ဒီပြေး ပြေးပြီး ကယ်ခဲ့နိုင်လို့။

ကြည့်စမ်းပါဦး။ ကလေးရဲ့ မာနနော်။ သူများ ဒီလောက်တတ်ရင် ငါလည်း လုပ်တတ် ရမှာပေါ့ဆိုတဲ့ သူ့ရဲ့ စိတ်ဓာတ်လေးကို တွေ့လိုက်ရတယ်။ မအုန်းခင် ဆယ်လာလာချင်းတုန်းက ကလေးရဲ့ ဗိုက်ထဲ က ရေတွေထွက်အောင် 

ပုခုံးပေါ်ထမ်းပြီးတော့ ပြေးတယ်။ ရေတွေ ဝေါခနဲ ဝေါခနဲ အန်ချ၊ အသက်မှ ရှိသေးရဲ့လား အောက်မေ့ရတယ်။ ကလေး ဗိုက်ထဲက ရေတွေ ကုန်လောက်တော့မှ ကလေးကို အသာသိပ်ထားပြီး ကြည့်လိုက်တော့ အသက်ရှူသေးတယ်။ 

နည်းနည်လေး ကြာတော့ သူသတိရပြီး ပထမဆုံးခေါ်တာ အမေခ လည်းမဟုတ်ဘူး။ အမေစိန်လည်း မဟုတ်ဘူး။ အစ်ကိုတဲ့။ အဲဒီကျတော့မှ မအေးစိန်ကော ကျုပ်ကော သူမသေဘူးဆိုပြီး ၀မ်းသာလိုက်ကြတာ။ မအုန်းခင်ကို လည်း 

ကျေးဇူးတင်လိုက်တာ။ ပြီးတော့မှ မအုန်းခင်ကိုလည်း ကန်တော့ခိုင်း ရတယ်။ ဒါ သားရဲ့ အသက်သခင် ကျေးဇူးရှင် ဖြစ်သွားပြီ ဆိုပြီးတော့လေ။

အဲဒီလို ကလေးလေးက သေရွာက ပြန်လာပြီး သတိရချင်း ခေါ်လိုက်တဲ့ နာမည်က အစ်ကိုတဲ့။ ဒီလောက်ထိ သူ့ဖခင်ကို သူတွယ်တာရှာတယ်။ မေ့ချိန်တန်ပြီလို့ အားလုံးက ထင်ပေမယ့် သူကတော့ မမေ့ဘူး။ အေးပေါ့လေ မမေ့လို့လည်း 

တတမ်းတတ ဖြစ်နေရှာတာပေါ့။ ဒီကလေးက သူ့အဖေနဲ့ ကွဲလာတော့ ညှိုးငယ်လိုက်တာ။ ရေထဲက ကြာကို ဆယ်ပြီး ကုန်းပေါ်တင်လိုက်တော့ ကြာပန်း ကလေး ညှိုးသွားသလို။ ကြာနွယ် ရေခြောက်ဆိုတဲ့ စကားမျိုး ထင်ပါရဲ့။ 
တစ်ခါတစ်ခါ ကလေးကိုလည်း သူ့အမေက ကျောင်းခေါ်သွားတယ်။ ဒီလိုနဲ့ ကလေးက သူ့အမေစာသင်ရာနောက် တကောက်ကောက်လိုက်တယ်။ သုံးနှစ်ကျော်ကျော်ပဲ ရှိသေးတော့ သူ့အမေက သူ့ကို ဘာစာမှလည်း သင်မပေး။ 

သူငယ်တန်းမှာ လည်း သူ့ကိုမထားဘူး။ ဒါပေမယ့် သူငယ်တန်းလည်း သူရောက်တယ်။ ပထမတန်း၊ ဒုတိယတန်း၊ တတိယတန်း၊ စတုတ္ထတန်း၊ ပဉ္စမတန်း အကုန်ရောက်တယ်။ အဲဒီတုန်းက မူလတန်းက ပဉ္စမတန်းထိ ရှိတာကိုး။ 

အဲဒီတော့ မအေးစိန်လည်း သူငယ်တန်းကနေ ပဉ္စမတန်းထိ၊ တန်းခွဲက ခြောက်ခွဲ၊ ဘာသာရပ်တွေက အစုံအလင် အဲဒါတွေအကုန်လုံးကို သူတစ်ယောက်ထဲ သင်တယ်။ နဂိုကတည်းက စာသင်တာ ၀ါသနာပါတဲ့ သမီးဆိုတော့ 

စာသင်ရတာလည်း ၀မ်းသာတယ်။ သူ့သားလေးကိုလည်း လက်ကဆွဲပြီးတော့ ကျောင်းသားတွေကို စာသင်ပေးတဲ့ အခါမျိုးတွေ ရှိတယ်။ အဲဒါ ကတော့ စိတ်လိုလက်ရ ရှိမှပါ။ သမီးနဲ့ သားလေးက တစ်မျိုးတော့ တစ်မျိုးပဲ။ 

စိတ်ထဲမကောင်းလိုက်တာ။

သမီးက နွားမတမ်း သားမခင် ဆိုတဲ့ စကားပုံရှိတယ်။ ပထမဆုံးကလေးဆိုတော့ သားဦး၊ သမီးဦးပင် ဖြစ်သော်လည်း မခင်တတ်၊ မချစ်တတ် ဖြစ်တတ်တယ်လို့လည်း ကြားဖူးတယ်။ ဒီလိုတော့လည်း မဟုတ်တန်ရာ။ သမီးက 

သူ့သားလေးကို ချစ်တော့ချစ်ပါတယ်။ ဒါပေမယ့် ချစ်ရိပ် ချစ်ယောင်ကို သားလေးမြင်အောင် ဘယ်လိုမှ ပြလေ့မရှိဘူး။ သားလေးကို သူ စိတ်အခန့် မသင့်ရင် ငေါက်တယ်။ စိတ်အခန့်မသင့်ရင်  ငေါက်လေ့ ငေါက်ထရှိတာ၊ 

ရိုက်လေ့ရိုက်ထရှိတာ သူ့အကျင့်။ အဲဒီခေတ် အဲဒီအခါက ငေါက်တာ၊ ဟောက်တာ၊ ရိုက်တာ၊ ခေါက်တာတွေက ဆရာမတွေရဲ့ ပုံစံဖြစ်နေတော့ ဒီသားလေး မောင်သိန်းကလည်း အငေါက်ခံရတာ၊ အဟောက်ခံရတာ၊ အခေါက်ခံ ရတာက 

နေ့စဉ်နဲ့ အမျှဆိုပါတော့။ ဒီတော့ မအေက လက်မသာဘူးပေါ့။ မအေက လက်မသာတော့ သူ့မအေနဲ့ မနေချင်ရှာဘူး။ 

ဒါလည်း သဘာဝကျပါရဲ့လေ။ တစ်ခါတစ်ခါကျတော့လည်း ကလေးက သူ့မအေနဲ့ ကျောင်းလိုက်ချင်တယ်။  ဒီလောက် မအေက ချိုချိုသာသာမဆက်ဆံ၊ ချော့ချော့မော့မော့မရှိဘဲ လက်မသာတာကို မအေနဲ့ မနေချင်ဘူးလို့ ထင်ပေမယ့် 

ကျောင်းကိုတော့ မအေနဲ့ လိုက်ချင်တယ်။ ကျောင်းမှာ စာသင်တယ်။ တစ်ခါတစ်ခါ သူ့မအေ ပြန်မလာခင် ရွာထဲက လေးတန်း ငါးတန်းကျောင်းသားတစ်ယောက်နဲ့ ကလေးကို ကျုပ်ဆီ ပြန်ပို့ခိုင်းတယ်။ အဲဒီလိုနဲ့ ကလေးက 

အိမ်ပြန်ရောက်လာတတ်တယ်။ များသောအားဖြင့်ကတော့ ကျုပ်နဲ့ပဲ အနေများပါတယ်။ 

အံ့သြစရာကောင်းတာက ကလေးက အသား၊ ငါးကို ဘာသားမှ မစားဘူး။ ဒါပေမယ့် သူ့အမေကတော့ လောကဓာတ်ကျောင်းဆရာမ မဟုတ်လား။ ခန္ဓာကိုယ်ထဲမှာ အသားဓာတ် လိုအပ်တယ်။ အသားဓါတ်မရှိဘူးဆိုရင် လူတစ်ယောက် 

အနေနဲ့ ခွန်အားဗလ မရှိဘူး ဖြစ်တတ်တယ်ပေါ့လေ။ အဲဒီလို အကြောင်းတွေပြပြီးတော့ ကလေးကို အတင်းအဓမ္မစားခိုင်းတယ်။ အံကြိတ်၊ မျက်လုံးကြီးကို ပြူးပြ၊ ဟောက်ပြီးတော့ စားခိုင်းတယ်။ ကလေး က သူ့မအေကို ကြောက်ပြီးတော့ 

စားရှာတယ်။ သူ့မအေကို ကြောက်ပေမယ့် ချစ်တော့ ချစ်ရှာမှာပါ။ မအေပဲ။ ဒါပေမယ့် ချစ်တာထက် ကြောက်တာက ပိုများပိုနေသလားလို့ ကျုပ်ဖြင့် မတွေးရက် အောင်ပါပဲ။ ထားပါတော့လေ။ အဲဒီလိုနဲ့ ဒီကလေးလေးက 

အသားငါးတွေမစား၊ မအေလုပ်တဲ့သူက အတင်းအဓမ္မစားခိုင်းရင် စားတယ်။ စားပြီး ထမင်းပွဲမှာ မအေက  စိတ်မြန်လက်မြန်သမားဆိုတော့ မြန်မြန်စား မြန်မြန်ပြီးသွားတယ်။ သူ့မအေ ပန်းကန်ကို သွားဆေးနေတော့မှ ကျုပ်လက်ကို ဆွဲပြီး 

သူ့ပါးစောင်ထဲမှာ ငုံထားတဲ့ အသားတွေကို ကျုပ်လက်ဖ၀ါးထဲ ထွေးထည့်တယ်။ သူ တစ်ပါး အသက်ပေါ့လေ။ အသားငါးကို ရှောင်စားတယ်။ အရွက်က ချဉ်ပေါင်ဟင်း တစ်ခွက်ပဲ ရှိတယ် ဆိုရင်လည်း အဲဒီ ဟင်းတစ်ခွက်ထဲနဲ့ပဲ စားတယ်။ 

အဲဒီလောက်ထိအောင် ရှိရုံသာမက ကျုပ်ဘုရားရှိခိုးရင် သူလိုက်တယ်။ သုံးနှစ်တောင် ကျော်လာပြီဆိုတော့ မပ်တပ်သွားနိုင်ပြီပေါ့။ ဘုရားကို ဆွမ်းတော်ကပ်ရင်လည်း သူကပ်တယ်။ ဘုရားဆီမီးထွန်းရာမှာလည်း သူက 

ကူပေးလေ့ရှိတယ်။ အဲဒီနည်းတူပဲ ဘုရားရှိခိုးရင်လည်း ကျုပ်ဘယ်ဘက်ဘေးမှာ မြေးလေးက စောင့်ကြောင့်ကလေးထိုင်ပြီးတော့ ဘုရားရှိခိုးတယ်။ ကျုပ် ဦးသုံးကြိမ်ချရင်လည်း သူ လိုက်ချတယ်။ ကျုပ် ဘုရားစာ ဆိုရင်လည်း 

သူလိုက်ဆိုတယ်။ ဒါပေမယ့် သူက အပြည့်အစုံ မဆို တတ်သေးတော့ သူ့ပါးစပ်ကလေး လူပ်လူပ်ပြီးတော့ လိုက်ဆိုတယ်။ အော် ဒီကလေးကလေ အရင် ဘ၀က သူတော်ကောင်း သူတော်မြတ်ဘ၀က လာခဲ့တာများလားလို့ 

ပြောကြတယ်။ ဟုတ်ပါရဲ့။

တစ်ခါတုန်းက ဘုံမနိုးကနေ ထန်းပုသွားဖို့် ချင်းတွင်းမြစ်ကိုကူးတော့ အဲဒီလှေဆိပ်မှ ဆရာတော်ကြီးတစ်ပါးကလည်း ကူးတို့ကူးဖို့ စောင့်နေတယ်။ ဆရာတော် ဘုရားနဲ့ ကျုပ်တို့ သားအမိ ဆုံမိကြတယ်  ဆိုပါတော့။ ကျုပ်နဲ့ သမီးကလည်း 

ဆရာတော်ကြီးကို ဦးချ တော့ နှစ်နှစ်နဲ့ ရှစ်လသားကလေး မြေးကလေးကလည်း သူလည်း လိုက်ဦးချတယ်။ဆရာတော်ကြီးက ဒီကလေးလေးက ဘယ်လ ဘယ်ရက် ဘယ်ခုနှစ်က မွေးတာတုန်းလို့ မေးတော့ မှန်ပါ့ဘုရား ၁၂၉၇ ခုနှစ်၊ 

နှောင်းတန်ခူးလဆန်း ၆ ရက်၊ သောကြာနေ့ ညနေ သုံးနာရီနဲ့ လေးဆယ့်ငါးမိနစ်မှာ ဖွားတာပါ ဘုရားလို့လျှောက်တယ်။ ဆရာတော်ကြီးက ခေတ္တခဏ တိတ်ဆိတ်သွားတယ်။ ကူးတို့လှေကလည်း မ လာသေးဘူးဆိုတော့ 

ဆရာတော်ကြီးလည်း အေးအေးဆေးဆေးပါပဲ။ အတန်လေးကြာတော့ ဆရာ တော်ကြီးက ဇာတာခွင်ကို စိတ်တွက်တွက်ပြီး အော် ဒါယိကာမကြီးတို့ ပြောပါရစေ။ ဒီကလေးက အဓိ ပတိဖွားခေါ်တယ်။ အဓိပတိဖွားဖြစ်ပြီးတော့ သူ့မိခင်က 

အထွန်းနေရာမှာ ရှိတယ်။ မိခင်ရဲ့ ကျေးဇူးနဲ့ မိခင်ရဲ့ စောင့်ရှောက်မှုနဲ့ ဒီကလေးဟာ လူတစ်လုံးသူတစ်လုံးဖြစ်လိမ့်မယ်။ ဒီကလေးကို ရှင်အောင် လည်း မွေးကြပါ။ ဒီကလေးဟာ မြတ်ဗုဒ္ဓရဲ့ သာသနာတော်ကိုလည်း ဒါယိကာအဖြစ် 

ခံယူလိမ့်မယ်။ ဒါတင်မကဘူး ဘယ်လို သေဘေးနဲ့ကြုံကြုံ အဲဒီသေဘေးအသီးသီက လွတ်မြောက် လိ့မ်မယ်။ ဒီကလေးကို ရှင်အောင် မွေးကြလို့ မိန့်ကြားတော်မူခဲ့ပါတယ်။

ကြည့်စမ်းပါဦး။ အဲဒီ မိန့်ကြား တော်မူခဲ့တဲ့ စကားကို အခုလည်း ပြန်ကြား ယောင်နေပါတယ်။ ဒါပေမယ့် ဒီကလေးလေး အခု သုံးနှစ် ကျော်လာပြီ။ အခုတော့ သူ့အဖေကို လွမ်းနေတုန်း။ ကျုပ် တောင်ဘက် ကျွန်းထဲ တစ်လပြန်တာတောင် 

ကလေးက လွမ်းပြီးတော့ ပိန်ချုံးနေသေးတာ။ အခု သူ့ဖအေနဲ့ ကွဲကွာနေခဲ့တာ ကျုပ်က အပြုအစုအယုအယကောင်းလွန်းလို့ ကျုပ်ကို ချစ်လွန်းလို့ ကလေးက ဒီလောက်ခံနိုင်တာ။ သူ့မအေက လည်း အလိုမလိုက်တော့ သူ့မအေကို 

ချစ်ပေမယ့် ကြောက်တာက ပိုနေတာကိုး။

အင်း ဘာလိုလိုနဲ့ နှစ်တွေ လတွေ ရက်တွေ ပေါင်းလိုက်တော့ ထန်းပုရွာမှာ ကျောင်းဆရာမ လုပ်ခဲ့တာ  တစ်နှစ်ပြည့်သွားပြီ။ ဒီတော့ ဒီလက စပြီး သမီးက လခထုတ်ရပြီ။ လခထုတ်ပြီးတော့ သမီးက ပြုံးပြုံးပြုံးပြုံးနဲ့ သူကတော့ 

ပညာတတ်လည်းဖြစ်ပြီး ပွဲစားကြီးဦးကျော်ဇရဲ့ သမီးလည်းဖြစ် တော့ မာနရှိတာပေါ့လေ။ အခု လခလေးလည်း ရလာပြီဆိုတော့ အကုန်လုံးကို လင်ဗန်းလေး ထဲထည့်။ ကျုပ်ရှေ့ချပြီး ကန်တော့ရှာတယ်။ ပထမဆုံးရတဲ့ လခမို့ အမေ့ကိုပဲ 

ကန်တော့ပါရစေ ဆိုပြီးတော့ ကန်တော့တယ်။ အဖေကိုလည်း ရည်မှန်းကန်တော့ပါတယ်ဆိုပြီး သူ့အဖေကိုလည်း ကန်တော့တယ်။ ကျုပ်ဖြင့် ၀မ်းသာလွန်းလို့။ ပီတိမျက်ရည်တွေတောင်မှ ကျလာတယ်။ သမီးက ၀မ်းသာစရာကို ဘာလို့ 

မျက်ရည်ကျရတာလဲ။ သမီးက အမေနဲ့ အဖေ ဦးကျော်ဇသမီးပါလို့ ကျုပ်ကို အားပေးရှာတယ်။ ဘာပဲဖြစ်ဖြစ် ဒီလိုနဲ့ပဲ ကျုပ်တို့ ထန်းပုရွာမှာ အနေကြာခဲ့ကြပြီ။ 

ကျုပ်ဆွေမျိုးသားချင်းများကတော့ ပြောကြတယ်။ သူတို့မက်တဲ့ အိပ်မက်တွေအရ ဒီကလေးက ကိုကျော်ဇ ၀င်စားတာတဲ့။ ကိုကျော်ဇက ''နမ္မောဗုဒ္ဓါယသိဒ္ဓံ'' ဆိုတာကိုတောင် သုံးရက် ကျက်မှရသတဲ့။ အဲဒီလောက် ဥာဏ်လေးတဲ့အတွက် 

နောင်ဖြစ်လေရာဘ၀မှာ ဥာဏ်ပညာထူးချွန် ထက်မြက်သူ ဖြစ်ရပါလို့၏လို့ အမြဲဆုတောင်းတယ်။ အခု မုံရွာမှာရှိတဲ့ မဟာဝေပုလ္လာရာမ ကျောင်းတိုက်မှာ ရွှေစာလုံးကြီးတွေနဲ့ ပွဲစားကြီး ဦးကျော်ဇ၊ ဒေါ်အေးခ တို့ ကောင်းမှုဆိုတဲ့ 

ပိဋကတ်သုံးပုံစာအုပ်တွေ၊ အမျိုးမျိုးသော နိဿယပြန်စာအုပ်တွေ၊ အဲဒီအနှောင့်ထဲမှာ ရွှေစာလုံးတွေနဲ့ အခုတောင်ရှိသေးတယ်။ အဲဒါတွေကို သူနောင်ဘ၀ အဆက်ဆက် ဥာဏ်ပညာ ထူးချွန်ထက်မြက်တဲ့သူ ဖြစ်ရပါလို၏လို့ 

ဆုတောင်းခဲ့တာ။ အခု မြေးကလေး မောင်သိန်းက သူ့မအေ အရင်းဖြစ်တဲ့ မအေးစိန်ထက် သူ့အဘွားဖြစ်တဲ့ ကျုပ်ကို ပိုပြီးတော့ တွယ်တာတယ်။ နောက် ကျုပ် ကျွန်းထဲသွားတော့ ကလေးလေး တမ်းတမ်းတတ လွမ်းနေတာကို 

ကြည့်ပြီးတော့ သူတို့က ဒီကလေးက မအေးစိန်ရဲ့ အဖေ ဦးကျော်ဇ ၀င်စားတာပဲလို့ ထင်နေကြတယ်။ ယုံနေကြတယ်။ ဟုတ်တော့လည်း ဟုတ်သလား မသိဘူး။ ကျုပ်မောင် မောင်အေးကိုလည်း ကိုကျော်ဇက မောင်အေးလို့ပဲ ခေါ်တယ်။ 

အခု မြေးကလေး မောင်သိန်းကလည်း ကျုပ်မောင် မောင်အေးနဲ့ တွေ့တွေ့ချင်းမှာ  နှစ်နှစ်နဲ့ ရှစ်လသားဆိုတော့ စကားလည်း ပြောတတ်နေပြီဆိုတော့ တွေ့တွေ့ချင်း သူ့အဘိုးကို မောင်အေးလို့ တစ်ခွန်းခေါ်လိုက်တယ်။ အဲဒီမှာ 

ကျုပ်မောင် မောင်အေးက စိတ်မဆိုးတဲ့အပြင် ဟဲ့ ထူးဆန်းလှချည်လားလို့ တစ်ခွန်းပြောလိုက်တယ်။ အဲဒီလိုပဲ ခေါ်သလို ကျန်တဲ့သူတွေကိုလည်း တစ်ခါတုန်းက ကိုကျော်ဇက သူ့သမီး မအေးစိန်ကို ချစ်လွန်းလို့ အေးစိန်လို့ မခေါ်ဘူး။     

 မ တပ်ပြီးတော့ မအေးစိန်လို့ ခေါ်တယ်။ အဲဒါအခုလည်းပဲ ပထမဆုံး သူခေါ်တုန်းက အမေခ လို့ခေါ်တယ်။ သူ့အမေကို အမေစိန်လို့ မခေါ်ဘူး။ သူ ပထမဆုံးခေါ်လိုက်တုန်းက မအေးစိန်လို့ ခေါ်လိုက်တော့ သူ့အမေက အံ့သြသွားတယ်။ 

အမေ ဒါက ဘယ်လိုလဲလို့တောင် ကျုပ်ကို မေးဘူးသေးတယ်။ ဟုတ်ပါရဲ့ ဒီကလေးက ကိုကျော်ဇ၀င်စားတယ်လို့ သူများတွေပြောကြသလို ဟုတ်များနေမလား လို့ ကျုပ်က တွေးနေမိသေးတယ်။ ဘာပဲ ဖြစ်ဖြစ်ပေါ့လေ အရင်ဘ၀တုန်းက 

ဥာဏ်မကောင်း ဒီဘ၀ ထူးချွန်ထက်မြက် ကောင်းပါရဲ့။

ပိန်းကောလှေငယ်နှင့် မြစ်ပင်လယ် အပိုင်း (၄)

အဲဒီလိုနဲ့ ထန်းပုရွာက မဆီမဆိုင် ကိုယ့်ရဲ့ဇာတိချက်မြှုပ်ဖြစ်တဲ့ ဘိုးဘေးဘီဘင် အစဉ်အဆက်က စပြီးတော့ နေလာခဲ့တဲ့ ဆင်ကျွန်းရွာကြီးလည်း ရေထဲမျောပါပြီး ပျောက်ခဲ့ပြီ။ ကျုပ်တို့ဘ၀တွေကလဲ အမျိုးမျိုးပြောင်းခဲ့ပြီ။ သမီးကြီးတို့ 

သားကြီးတို့ တစ်တွေလဲ သစ်ဆိမ့်မှာတစ်ချို့၊ ဘုမ္မနိုးမှာ တစ်ချို့၊ ဟိုး ရေလယ်ကောင်မှာ ပေါ်တဲ့ကျွန်း ( ဘောဂဗလကျွန်း) မှာ တစ်ချို့၊ ဆွေမျိုးတွေလဲ အဲဒီလို အနှံ့နှံ့ အပျံ့ပျံ့ ဖြစ်သွားတော့တာပေါ့လေ။ 

မောင်သိန်းရယ်၊ သမီးမအေးစိန်ရယ်၊ မောင်ဓနရယ်၊ ကျုပ်ရယ် အားလုံးပေါင်း လေးယောက်ရှိရာက အခု ဥ လည်း ကွဲခဲ့ပြီ။ အသိုက်လည်း ပျက်ခဲ့ပြီ။ ဥကွဲသိုက်ပျက်ဘ၀နဲ့ ဟိုး  စည်ပါရွာက မောင်ဓနတော့ ဘယ်လိုနေသည်မသိ 

ကျုပ်တို့တော့ ဒီမှာ တော်တော်ကြီး အဆင်ပြေနေပါပြီ။ ဒါပေမယ့် မြေးကလေးကတော့ မိဘစုံစုံလင်လင်နဲ့ မနေရရှာဘူးပေါ့။ အဲဒီလို စဉ်းစားမိရင် ကျုပ် စိတ်မကောင်းဘူး။ သမီး မအေးစိန်အတွက်လဲ အမြဲပဲ ကျုပ် တွေးကြံနေမိတယ်။ 

ဟိုးတုန်းက သမီးကို ယာသူမကြီးအဖြစ်နဲ့ ကြည့်ခဲ့ရတာနဲ့ အခု ကျောင်းဆရာမလေးအဖြစ် ကြည့်ရတာ ကျုပ် ရင်ထဲမှာ အရမ်းဝမ်းသာမိတယ်။ 

ဟို အရင် ကျုပ်တို့ စီးပွားပျက်ပြီး  ချင်းတွင်းမြစ်ကမ်းနဖူးမှာရှိတဲ့ ဆားထုံးရွာကြီးမှာ အိမ်ကြီးရာခိုင်နဲ့ နေကြတဲ့ ဦးကံပေါ်၊ ဒေါ်လှအုန်းတို့ အိမ်မှာ မှီခိုပြီး နေကြရတဲ့ကာလမှာ မလှအုန်းကလဲ သူ့တူမ မအေးစိန်က အသားလေးကလဲ ဖြူဖြူ၊ 

တကယ့် ရွှေအဆင်းလို ၀င်းတာပါလို့ လူတကာပြောကြတာပဲ။ ကိုယ့်ငါးချဉ်မို့ ကိုယ်ချဉ်တာ မဟုတ်ပါဘူး။ တကယ့်ကို လှလိုက်တဲ့ ကလေးမလေးပါ။ ကျန်တဲ့ သားသမီးတွေက အိမ်ထောင်ရက်သား ကျပြီးသွားပြီ။ ဒီသမီးကလေး 

တစ်ယောက်ပဲ ကျန်တော့တာပေါ့။ သူ့အသက်ကအခု နှစ်ဆယ်နဲ့ တစ်နှစ်ရှိပြီ။ လှလို့ ကောင်းတုန်းအရွယ်လေးပေါ့။ အဲဒီတော့ ကျုပ်ရဲ့ မတ် ကိုကံတော်ရဲ့ ဇနီး မလှအုန်းကလဲ စေတနာနဲ့ပါ။ သူတို့ကလဲ လှေသူကြီးတွေ မဟုတ်လား။ 

ချင်းတွင်းမြစ်ရိုးတစ်လျှောက်၊ ဧရာဝတီမြစ်ရိုးတစ်လျှောက် စုန်ကာဆန်ကာနဲ့ အညာကုန်တွေကို အောက်ပို့၊ အောက်ကုန်တွေကို အညာပို့နဲ့ ကြီးပွားချမ်းသာနေကြတာပါ။ သူတို့လိုပဲ အဲဒီ လှေသူကြီးထဲက တစ်ယောက်၊ သူက လူပျိုကြီးပါ။ 

မောင်ဘမူတဲ့။ သူ့အသက်က လေးဆယ်ရှိပြီ။ သူက စီးပွားရေးလုပ်ငန်းတွေပဲ ဇောက်ချပြီးတော့ လုပ်နေလေတယ်။ မောင်ဘမူဟာ လှေသူကြီးလဲဟုတ်၊ လှေပိုင်ရှင်လဲ ဟုတ်၊ အောက်ရွာအောက်ပြည်မှာလဲ လယ်တွေ၊ ယာတွေ၊ ကိုင်းတွေ 

အများကြီး ၀ယ်ထားတယ်။ ကြားရတာက ရန်ကုန်မြို့ကြီးမှာတောင် တိုက်နဲ့တာ နဲ့တောင် ရှိတယ်ဆိုပဲ။ အဲဒီ မောင်ဘမူနဲ့သမီးကို နေရာချထားချင်တယ်။ မောင်ဘမူက အညာရောက်လာတော့ သူတို့မိတ်ဆွေဆိုတော့ ကျုပ်တို့မှီခိုနေတဲ့ 

သူတို့အိမ်ကြီးမှာပဲ လေးငါးဆယ်ရက် လာတည်းဘူးတယ်။ အဲဒီမှာ မောင်ဘမူနဲ့ ဒေါ်လှအုန်းနဲ့ တိုးတိုးတိုးတိုးနဲ့ ပြောနေကြတယ်။ ပထမတော့ သူတို့ ဘာပြောလို့ ပြောနေကြမှန်း မသိဘူုး။ နောက်တော့ သဘောပေါက်ပါတယ်။ 

မောင်ဘမူလဲ ကုန်ပစ္စည်းတွေနဲ့ အောက်ပြည်ကို ပြန်သွားတော့ မလှအုန်းက မအေးခရေ ငါကတော့ ကောင်းစေချင်လို့ စီမံတာပါ။ ငါ့စကားကိုတော့ မပယ်ရှားကြပါနဲ့။ ငါက တကယ့်ကို ကောင်းစားစေချင်လို့ပါ။ မောင်ဘမူက လူရိုး၊ 

လူကောင်း၊ သူ့စီးပွားရေးပဲ သူစိတ်ဝင်စားတာ။ အခုကျမှ ဖူးစာဘက်စုံပြီ ထင်ပါရဲ့။ ညည်း သမီး မအေးစိန်ကို မြင်မှ သူက အိမ်ထောင်ရက်သားပြုချင်တဲ့ စိတ်တွေ ဖြစ်ပေါ်လာသတဲ့။ မအေးစိန်ကိုသာရရင် ရှိသမျှနဲ့ တင်တောင်းပြီး 

ကြီးကြီးကျယ်ကျယ် ခမ်းခမ်းနားနား မင်္ဂလာဆောင်ယူပါ့မယ်တဲ့။ မလှအုန်းက သမီး မအေးစိန်ကိုလဲ ခေါ်ပြောတော့ မအေးစိန်က ခေါင်းလေးငုံ့နေတယ်။ မအေးစိန်က တစ်ခွန်းပဲ ပြန်ပြောတယ်။ ကျုပ်က ကိုယ့်ခြေထောက်ပေါ် 

ကိုယ်ရပ်ချင်တာပါ။ အိမ်ထောင်လည်း မပြုချင်ပါဘူး။ အိမ်ထောင်ပြုရမယ်ဆိုရင်လည်း အားကိုးချင်လို့ မဟုတ်ပါဘူး။ ကိုယ့်ခြေထောက်ပေါ်ပဲ ကိုယ်ရပ်ချင်ပါတယ်။ ဒါကြောင့် ကိုယ့်အလုပ်ကိုပဲ ကိုယ်လုပ်ပြီးတော့ ကိုယ့်အမေကို 

ကိုယ်တိုင်ပဲ လုပ်ကျွေးချင်ပါတယ်။ သူတစ်ပါးငွေနဲ့ သူတစ်ပါးကို လက်ဝါးဖြန့်ခင်းပြီးတော့မှ တောင်းယူရတဲ့ ငွေမျိုးလည်း မလိုချင်ပါဘူးဆိုပြီး သမီးက ငြင်းတယ်။ မအေးစိန်က ငြင်းတော့ အမေဖြစ်တဲ့ ကျုပ်ကတော့ သမီးဆန္ဒမပါရင် 

သမီးသဘောပါပဲလို့ ပဲ ပြောတယ်။ ဒါပေမဲ့ ဒီစကားကို မလှအုန်းကတော့ လက်မခံပါဘူး။ ဒေါ်လှအုန်းက သင်ဖြူးပေါ်အိပ်ခိုင်းတာ ဆူးပေါ်အိပ်ချင်သလားဆိုပြီး အံခဲပြီးတော့ မျက်စောင်းအခဲသားနဲ့ ပြောတယ်။ သူ လက်ညိုးညွှန်ရာ 

ရေဖြစ်ရစေမပေါ့ဆိုပြီး မောင်ဘမူကိုလဲ ကြွားလုံးထုတ်လိုက်ဟန် တူပါရဲ့။ အာမဘန္တေ ခံလိုက်ဟန်တူပါရဲ့။ အဲဒီတော့ မအေးစိန်ကို တစ်နေ့သုံးလေးခါလောက် နေ့တိုင်း ဒီစကားပဲ အပ်ကြောင်းထပ်ပြီး ပြောနေတယ်။ အဲဒီလိုနဲ့ 

မအေးစိန်လည်း စိတ်ညစ်နေတယ်။ အဲဒီလို စိတ်ညစ်နေတုန်းမှာပဲ အိမ်မှာလာတဲ့ကိုရင်ကြီးတစ်ပါးရှိတယ်။ ရွှေကျင်ကျောင်းတိုက်မှာ သတင်းသုံးတယ်။ ၀ါတောင်မှ (၇) ၀ါ ရပြီတဲ့။ အသက် (၁၁) နှစ်သားကတည်းက ကိုရင်ဝတ်တာတဲ့။ 

ရွှေကျင်ကျောင်းတိုက်မှာ လောကုတ္တရာပညာသာမက လောကီပညာဖြစ်တဲ့ ဆေးကျမ်း၊ ဓာတ်ကျမ်း၊ ဗေဒင်ကျမ်း၊ ဇာတာဖွဲ့ခြင်းပညာ စတဲ့ ပညာတွေပါ သင်နေပါတယ်။ အဲဒီကိုရင်ကြီးက နေ့စဉ်နေ့တိုင်း ဆွမ်းခံလာတယ်။ 

အဲဒီအခါမှာတော့ အိမ်မှာ ဦးကံပေါ်၊ ဒေါ်လှအုန်း နဲ့ ကျုပ်ရယ်က လူကြီးတွေလေ။ လူငယ်ဆိုလို့ သမီး မအေးစိန်ပဲရှိတော့ သူပဲ ချက်ပြုတ်ရ၊ သူပဲ ဆွမ်းလောင်းရရှာတာပေါ့။ ကိုရင်ကြီးကလဲ ဆွမ်းခံလာ မအေးစိန်ကလဲ 

ဆွမ်းလောင်းပေါ့လေ။ အဲဒီလိုနဲ့ နေလာလိုက်ကြတာ တစ်နေ့တော့ ကိုကံတော်တို့ မလှအုန်းတို့ကလည်း ဟိုးဘက် ချင်းတွင်းမြစ်ကမ်းသွားကြတယ်။ ကျုပ်ကလဲ ညက ကိုကျော်ဇအကြောင်းတွေးမိတယ်။ ကိုကျော်ဇက စီးပွားတွေ 

ပျက်တော့ စိတ်ထောင်းကိုယ်ကြေဖြစ်ပြီး အဲဒီ စိတ်နဲ့ပဲ ဆုံးသွားတယ်။ အဲဒီတော့ ကျုပ်နဲ့ သမီးအငယ်ဆုံးလေး မအေးစိန်တို့ နှစ်ယောက်က ဒီ မလှအုန်းတို့ အိမ်မှာပဲ ကပ်နေရတာပေါ့။ အခု မလှအုန်းက သမီးကို ကိုဘမူနဲ့ 

သဘောတူနေတာ တကယ်စိတ်ရင်းအမှန်နဲ့ သမီးမအေးစိန်ကောင်းစေချင်လို့ပဲလား။ ဒါမှမဟုတ် ကျုပ်တို့ကို မထားချင်တော့လို့ပဲလား။ သမီးမအေးစိန်ကိုလဲ ကျုပ်က သမီးရယ် မောင်ဘမူနဲ့ ကိစ္စကို သမီးစဉ်းစားနိုင်ရင်စဉ်းစားပေးပါလား။ 

လက်ခံနိုင်ရင် လက်ခံပေးလိုက်ပါလားသမီးရယ်ဆိုတော့ မအေးစိန်က ဘာပြန်ပြောလဲဆိုတော့ အမေရယ် အမေ စဉ်းစားကြည့် ကိုဘမူဆိုတာ ကျုပ်အဖေ အရွယ်လောက်ရှိတယ်၊ လက်မခံချင်ဘူးလို့ ပြန်ပြောတယ်။

 အဲဒီလိုတွေ တောင်တွေးမြောက်တွေးနဲ့ အိပ်လို့မပျော်ဘူး။ အဲဒါတော့ နေ့လယ်ကျတော့ ကျုပ်လည်း ဖြုတ်ခနဲ တစ်ရေးအိပ်ပျော်သွားတယ်။ အဲဒီအချိန်မှာပဲ မအေးစိန်က ကိုရင်ကြီးကို ပြောတယ်။ ကိုရင်ကြီးကို သူအကဲခတ်တယ်။ 

ကိုယ့်ကို ကြိုက်နေလား၊ မကြိုက်ဘူးလား။ ချစ်နေလား၊ မချစ်ဘူးလားဆိုတာ မိန်းမသားတွေပဲ သိတာပေါ့။ ဒါဟာ မွေးရာပါ မိန်းမသားတွေရဲ့ ပညာပဲ။ သမီးက ကိုရင်ကြီးဟာ ဆွမ်းခံကြွလာရင် အိနြေ္ဒသမ္ပတ္တိနဲ့ 

မျက်လွှာချပြီးနေတာမှမဟုတ်ဘဲ။ သူ့ကို ရွှန်းရွှန်းစားစားကြည့်နေတာမျိုး၊ သူ့ကို စိတ်ဝင်တစား ကြည့်နေတာမျိုးတွေ၊ သူ ဆွမ်းခူးတာ၊ ဆွမ်းခူးပြီးလာတာ၊ သပိတ်ထဲကို ဆွမ်းထည့်တာကအစ မအေးစိန်ရဲ့ မျက်နှာကိုပဲ ရွှန်းရွှန်းစားစား ၊

နှစ်နှစ်ခြိုက်ခြိုက် ကြည့်နေတယ်။ အဲဒါတွေကို မအေးစိန်က မြင်မိတယ်။ အဲဒီတော့ မအေးစိန်က ကိုရင်ကြီးကို လျှောက်တယ်။ ကန်တော့ပါဘုရား၊ တပည့်တော်ကို အမှန်အတိုင်းဖြေပါဘုရား၊ သိပ်အရေးကြီးလို့ပါ။ ကိုရင်ကြီး 

တပည့်တော်ကို ကြိုက်နေသလား ဘုရား လို့ မေးလိုက်တယ်။ အဲဒီတော့ ကိုရင်ကြီးကလဲ ဟုတ်ပါတယ် ဒကာမကြီးလို့ ဖြေတယ်။ ဒီလိုဆိုရင် ကိုရင့်မိဘတွေက ဘယ်မှာလဲ ဆိုတော့ ဟိုးဘက်က ဘုတလင်ရဲ့ညာဘက်က ဆည်ပါ ရွာမှာ 

တောင်သူကြီးတွေပါ။ ရွာရဲ့ မျက်နှာဖုံးတွေပါ။ လယ်တွေယာတွေကလဲ ဧက လေးငါးခြောက်ဆယ် ပိုင်ပါတယ်လို့ ပြောပါတယ်။ ဒီလိုဆိုရင် ကိုရင်ကြီး လူထွက်ပြီးတော့ မိဘတွေကို သွားပြောပါ။ သွားပြောပြီးတော့ အမြန်ဆုံး 

လာတောင်းရမ်းပါ။ တကယ်လို့ ကိုရင်ကြီး နောက်ကျနေရင် တပည့်တော်ကို တပည့်တော်ထက် နှစ်ဆယ်လောက်ကြီးတဲ့ လူကြီးတစ်ယောက်နဲ့ ပေးစားကြဖို့ စီမံနေတယ်ဘုရား။ အဲဒီတော့ ကိုရင်ကြီး တပည့်တော်ကို တကယ်ကြိုက်ရင် 

မြန်မြန်လူထွက်ပြီးတော့ မြန်မြန်လာတောင်းလှည့်ပါ ဘုရား လို့ လျှောက်သတဲ့။ ကိုရင်ကြီးကလဲ ကောင်းပြီ ဒီနေ့ပဲ ရွာကိုပြန်မယ်ဆိုပြီး မိန့်ကြားသွားတယ်။ 

အဲဒီစကားတွေကို သမီးက ကျုပ်ကိုပြန်ပြောပြတော့ သမီးရယ် သူ့ရဲ့ မိဘ ပတ်ဝန်းကျင် အသိုင်းအ၀ိုင်းက ဘယ်လိုမှန်း မသိဘဲနဲ့ လို့ဆိုတော့ အို အမေရယ် သူက တကယ့်ဆွေကြီးမျိုးကြီးတဲ့။ ရွာမျက်နှာဖုံးတဲ့။ လယ်မြေတွေကလဲ 

လေးငါးခြောက်ဆယ်လောက်ပိုင်တဲ့ တကယ့်ရွာမျက်နှာဖုံးပါတဲ့ အမေရယ်၊ စိတ်မပူပါနဲ့ ကိုရင်ကြီးပဲ လိမ်ပြောစရာမရှိပါဘူးလို့ ပြန်ပြောရှာတယ်။ အဲဒီလိုနဲ့ မသိကျိုးကျွံ ပြုပြီးနေလိုက်တယ်။ ဆယ့်လေးငါးရက်လောက်အကြာ ဖြုန်းခနဲဆို 

ဧည့်သည်တွေလာကြတယ်။ အဲဒီအချိန်မှာ ကိုကံတော်နဲ့ မလှအုန်းလည်း ရှိတယ်။ ဘယ်ကလာကြတဲ့ ဧည့်သည်တွေလဲ ဆိုတော့ ဒီလိုပါ။ ဒီက ပွဲကတော်ကြီး ဒေါ်အေးခရဲ့သမီး မအေးစိန်ကို ဟောဒီက ကျွန်တော်တို့ရဲ့ သားက သိပ်ကို 

မြတ်နိုးပါတယ်။ မအေးစိန်ကလည်း လာတောင်းလှည့်ပါလို့ ပြောပါတယ်။ ဒါကြောင့် လာရောက် တောင်ရမ်းတာပါလို့ ဆိုတယ်။ အဲဒီအခါကျတော့ ဒေါ်လှအုန်းက အရွဲ့တိုက်တယ်။ နင်တို့က ဒီလိုလားလို့ ဆိုတယ်။ ဆိုပြီးတော့ စိတ်ဆိုးပြီး 

ထွက်သွားတယ်။ ဦးကံပေါ်ကလည်း ဘာလုပ်ရမှန်းမသိဖြစ်နေတယ်။ အဲဒီအခါမှာ ကျုပ်ကပဲ ကျုပ်သမီးဆိုတော့ ကဲ ပြောကြ ဆိုကြပါလို့ ဆိုတဲ့အခါကျတော့မှ မအေးစိန်ကို ယာမြေဧက ၂၄.၆ ဧက နဲ့ တောင်ရမ်းပါတယ်။ 

စည်ပါရွာရောက်တဲ့အခါကျမှ ဆွေစုံမျိုးစုံတွေနဲ့ မင်္ဂလာဆောင်ပေးပါမယ်လို့ ဆိုပါတယ်။ အဲဒီလိုနဲ့ မအေးစိန်နဲ့ မောင်ဓနတို့ အိမ်ထောင်ကျပြီး သျှောင်နောက်ဆံထုံးပါဆိုသလို မောင်ဓနနောက် လိုက်ရတာပေါ့။ မောင်ဓနက 

ကိုရင်ကြီးလူထွက်၊ ကတုံးကြီးနဲ့ဆိုတော့ သမီးက အခုထက်ထိ ကိုရင်လို့ပဲ ခေါ်ပါတယ်။ မောင်ဓနကတော့ သူ့စိတ်ထဲမှာ အလွန်တန်ဖိုးကြီးတဲ့ စိန်လို မြလိုမျိုး အလွန့်အလွန် မြတ်နိုးတန်ဖိုးထားပြီး မအေးစိန်ကို ရှေ့က 

အေးတစ်လုံးဖြုတ်ပြီး မစိန်တဲ့။ 

ဒီတော့ စကတည်းက ဇာတ်လမ်းမှာ သေချာတဲ့ အချက်တစ်ချက်ရှိခဲ့တယ်။ အဲဒီ သေချာတဲ့ အချက်ကတော့ မအေးစိန်ကို မောင်ဓနက ကိုရင်ကြီးဘ၀နဲ့ လောကီ၊ လောကုတ္တရာတွေကို သင်ရင်း ကိုရင်ကြီးဘ၀ကတည်းက 

နှစ်နှစ်သက်သက်မြတ်မြတ်နိုးနိုး စွဲစွဲလမ်းလမ်း ဖြစ်ခဲ့တာ။ ဒါပေမယ့် မအေးစိန်ကတော့ မောင်ဘမူလက်က လွတ်ရာလွတ်ကြောင်း လွတ်လမ်းရှာခဲ့တာ။ အဲဒီလိုနဲ့ ကိုရင်ကြီးက မအေးစိန်အတွက် မောင်ဘမူလက်က လွတ်ရာလွတ်ကြောင်း 

ထွက်ပေါက်ပေါ့။ 

ကျုပ်တို့လည်း စီးပွားပျက်ခဲ့တော့ ၀န်စည်စလွယ်လည်း ဘာမှမပါ အ၀တ်တစ်ထည်ကိုယ်တစ်ခုနဲ့ မျက်နှာငယ်ငယ်နဲ့ပဲ လိုက်ပါသွားကြရတယ်။ အဲဒီကျေးရွာရောက်တော့ တောင်းရမ်းကြတဲ့ သူတွေထဲမှာ မောင်ဓနရဲ့ မိခင် ဒေါ်အေးစိန့်လဲ 

ပါတယ်။ ဒါတင်မကဘူး။ ရပ်ရွာကလူကြီးတွေ၊ မအေးစိန့်ရဲ့ အစ်ကို ဦးဘဦး၊ မောင်ငယ် မောင်ဘိုးနိုင်တို့ သူတို့လည်း ပါကြတာပေါ့။ ရွာရောက်ရင် မင်္ဂလာအကြီးအကျယ်ဆောင်မယ် ဆိုပြီး ပြောခဲ့ပြီးတော့ ရွာရောက်တော့ မောင်ဓနရဲ့ 

အဘိုး အဘွား ဖြစ်တဲ့ ဦးအောင်ထွန်းတို့ ဒေါ်မှတ်တို့ကို ကန်တော့တယ်။ ဦးအောင်ထွန်းကတော့ သူ့မြေးရဲ့ မိန်းမကလည်း သူ့မြေးပဲဆိုပြီး ချစ်ပါတယ်။ ဒါပေမယ့် ဒေါ်မှတ်ကတော့ သူ့မြေးချွေးမက နားပေါက်ကဟောင်းလောင်း၊ 

လည်ပင်းမှာလည်း ဆွဲကြိုးကမရှိ၊ လက်မှာလည်း လက်ကောက်တို့ လက်ဆွပ်တို့ကမပါ၊ အ၀တ်အစားကလည်း ပြောင်ပြောင်ရောင်ရောင် မရှိဘူးဆိုပြီး အထင်သေးတဲ့ အကြည့်တွေနဲ့ ကြည့်နေတယ်။ မောင်ဓနနဲ့ မအေးစိန်တို့ 

ကန်တော့တော့ ဦးအောင်ထွန်းကပဲ ကန်တော့ခံတယ်။ ဒေါ်မှတ်က နေရာကနေပြီးတော့ ထသွားတယ်။ ထသွားတာတောင် ရိုးရိုးမသွားဘဲ ထွီကနဲ တံတွေးထွေးသွားတယ်။ အဲဒီတော့ တစ်အိမ်လုံး၊ တစ်မျိုးလုံး တစ်ဆွေလုံးက 

ကြောက်ရလန့်ရတဲ့ သြဇာကြီးမားလှတဲ့ ဒေါ်မှတ်ရဲ့ အညိုအညင်ကို ဘယ်သူမှ မခံရဲကြဘူး။ သူတို့ပြောတဲ့ ကြီးကြီးကျယ်ကျယ် မင်္ဂလာဆောင်ပေးမယ်ဆိုတာလည်း မဖြစ်လာပါဘူး။ အဲဒီလိုနဲ့ မောင်ဓနနဲ့ မအေးစိန်တို့ 

အိမ်ထောင်ကြသွားတယ်။ နေဖို့အတွက် ဒေါ်မှတ်က သုံးဆောင်ပြိုင် အိမ်ကြီးရဲ့ တောင်ဘက်က ဒေါ်ကံထူးအိမ်၊ ဒေါ်ကံထူးအိမ်ရဲ့ တောင်ဘက်က လှည်းလမ်းရဲ့ တောင်ဘက်က ၀င်ပေါက်ကလေးမှာ တဲပုတ်ကလေးထိုးခိုင်းတယ်။ 

အဲဒီမှာနေကြဆိုပြီးတော့ ဇာတ်လမ်းတွေ ဖြစ်ခဲ့တာကိုး။ 

 

အပိုင်း (၅)

သြော်....... ဂုဏ်မက်တဲ့ လောကကြီးပါလား။ ဒီ ဂုဏ်လောကကြီးထဲမှာ ငွေလဲမရှိ၊ ရွှေလဲမရှိ၊ စိန်လဲမရှိတဲ့ ဘ၀ပါလား။ အဲဒီလို ဘ၀မှာ သိမ်ငယ်လှတယ်။ အဲဒီ တဲပုတ်ကလေးမှာ နေရင်းပေးတာယူ ကျွေးတာစားနဲ့ နေခဲ့ရတယ်။ 

သူတို့မြေး မောင်ဓနကိုတော့ သုံးဆောင်ပြိုင် အိမ်ကြီးက ငါတို့ မြေး မောင်ဓနနဲ့လဲ ဆိုင်တယ်။ ငါတို့မြေးကတော့ ၀င်ချင်သလိုဝင်ထွက်ချင်သလိုထွက်ခွင့်ရှိတယ် ဆိုပြီး မောင်ဓနကိုတော့ ချစ်ရှာတယ်။ မောင်ဓနမှာ သူ့သားမယား 

မအေးစိန်နဲ့ သားလေး မောင်သိန်းရှိလျက်သားနဲ့ ဒေါ်မှတ်က သွားဆိုမှ သွားရတယ်။ လာဆိုမှလာရတယ်။

ဒါပေမယ့် သိပ်ကို ထူးခြားတဲ့အချက်တစ်ချက်ရှိတယ်။ မောင်ဓနရဲ့ ဖခင် ဦးနီက ကွယ်လွန်ခဲ့ပြီ။ အဲဒီ ဦးနီကွယ်လွန်မှ မောင်ဓနက ဆားထုံးရွာကြီး ရောက်တာ။ ဦးနီက အလုပ်အင်မတန်ကြိုးစားတယ်။ အလုပ်သိပ်လုပ်တယ်။ 

အလုပ်လုပ်ရင်းနဲ့ပဲ မောပြီး သေဆုံးသွားတာ။ တောသူတောင်သားဆိုတော့ ဘာရောဂါမှန်းမသိဘူး။ နှလုံးရောဂါပဲ ဖြစ်မှာပါ။ မောင်ဓနရဲ့ မိခင် မအေးစိန့်က မအေးစိန်နဲ့ နာမည်ချင်လဲ ဆင်တယ်။ စိတ်ချင်းလဲ ဆင်တယ်။ ဒေါ်အေးစိန့်က 

မအေးစိန်ကို အလွန့်အလွန် ချစ်ရှာတယ်။ မအေးစိန်ကလဲ သူ့ယောက်ခမ ဒေါ်အေးစိန့်ကို အတော်ခင်ပါတယ်။ ဒေါ်မှတ် အိပ်မောကျနေတဲ့အခါ ခဏတစ်ဖြုတ် ဒေါ်အေးစိန့်က တစ်ခါတစ်ခါ ရောက်ရောက်လာတယ်။ သူ အခါ 

အခွင့်သင့်လို့ ရောက်လာရင် သူနဲ့အတူ စားစရာ၊ သောက်စရာ၊ ၀တ်စရာ အထည်လေးတွေ ပါလာတတ်တယ်။ 

အဲဒီလိုပါပဲ အလွန်မည်းနက်နေတဲ့ တိမ်တောင်တိမ်လိပ်ကြီးမှာတောင် ငွေနားရေးကလေးရှိသေးတယ်။ အဲဒီစကားလိုပါပဲ။ ဒေါ်မှတ်ရဲ့ ခင်ပွန်း ဦးအောင်ဒွန်းက ယာတောကြီးမှာနေတယ်။ သူလဲ သုံးဆောင်ပြိုင်အိမ်ကြီးမှာ မနေဘူး။ 

အိမ်ကြီးမှာနေရင် နားငြီးလို့တဲ့။ ဒေါ်မှတ်က အမြဲတစေ ဗျစ်တောက်ဗျစ်တောက် လုပ်လေ့ရှိတာကိုး။ အဲဒီတော့ ကျောပူပဲခံမယ် နားပူမခံဘူးတဲ့။ အဲဒီလိုဆိုပြီး ဦးအောင်ဒွန်းက ဟိုး ရွာအနောက်ဘက် လေးငါးဧက ကျယ်တဲ့ ယာကြီးထဲရဲ့ 

ယာတဲမှာနေတယ်။ ယာတဲလဲ နေချင်စရာပါ။ စိုက်ထားပျိုးထားတဲ့ သစ်ပင်ပန်းမန်တွေကလဲ အများကြီး ရှိပါတယ်။ အလွန်အင်မတန် သာယာပါတယ်။ အဲဒီတဲကိုတောင် ရွေ့နေရ ကောင်းမလားလို့ တွေးမိသေးတယ်။ ဒါပေမယ့် 

မောင်ဓနက အဆင်ပြေမှာမဟုတ်ပါဘူး ဒေါ်ဒေါ်ခရယ်လို့ ပြောဖူးတယ်။ အဲဒီတဲမှာက ဦးအောင်ဒွန်းနေတာဆိုတော့ ဒေါ်မှတ်ကလဲ တစ်ခါတစ်ခါ ရောက်ချင်ရောက်လာတတ်တယ်လေ။ အဲဒီအခါကျလို့ တွေ့သွားရင် ဒေါ်မှတ်ထားရာမနေ 

ဒေါ်မှတ် စေသလို မသွားရင် ရာဇမာန်ရှမှာ မဟုတ်လား။ သူ့ရဲ့နဂါးမျက်စောင်းက အကြောင်းဘယ်ရွေးလိမ့်မလဲ။ 

ကျုပ်သမီးကလဲ အရွဲ့တိုက်တတ်တယ်။ သူက မုန့်လုပ်တတ်တော့ မုန့်လုပ်ပြီး ဗန်းလေးထဲထည့်ပြီးတော့ ဆည်ပါ တစ်ရွာလုံး လှည့်အော်ရောင်းတယ်။ အဲဒီလိုရောင်းတဲ့အခါ ဘယ်လိုအော်ရောင်းလဲဆိုတော့ ဦးအောင်ဒွန်း၊ ဒေါ်မှတ်ရဲ့ 

မြေးချွေးမ ရောင်းတဲ့ အကြော်တော်ရို့ အကြော် ဆိုပြီး အော်ရောင်းလေ့ရှိတယ်။ အဲဒီလို ရွာလုံးလှည့်ပြီးတော့ အရှက်ခွဲတာ။ ဒေါ်မှတ်က မတူမတန်ဆက်ဆံတော့ သူလဲ သူတတ်နိုင်တဲ့အားနဲ့ စွမ်းသမျှတုံ့ပြန်တာပေါ့လေ။

 ဒီလိုပါပဲ လောကမှာ လောကလူသားတွေဟာ မခံမရပ်နိုင် ဖြစ်လွန်းအားကြီးတဲ့ အခါကျတော့ ကြံဖန်ပြီး စိတ်ထွက်ပေါက်ရှာကြတယ်။ ကျုပ်သမီး မအေးစိန်ကလဲ အဲဒီလို ရန်တုံ့ပြန်တယ်။ ကျုပ်က သမီးကို သမီးရယ် " ချစ်စကို ရှည်စေ၊ 

မုန်းစကို တိုစေ၊ ရန်ကို ရန်ချင်း မတုံ့နှင်းရဘူး။ သူတို့ မာနဘယ်လောက်ရှိရှိ ရှိစမ်းပါစေ။ မာနဆိုတာ လောကမှာ မကောင်းပါဘူး သမီးရယ်။ မာနချင်း မပြိုင်ပါနဲ့။ ကိုယ့်မှာ ပြိုင်စရာ မာနလဲ မရှိပါဘူး" လို့ ပြောတော့ ကျုပ်သမီးက " 

ပိုက်ဆံရှိတဲ့ လူတွေကလဲ သူဌေးမာနရှိသလို မရှိတဲ့လူ မွဲတဲ့လူကလဲ မွဲမာနတော့ ရှိတာပါပဲ အမေရဲ့" ဆိုပြီး ပြန်ပြောတယ်။ အဲဒီလို နေရင်းနဲ့ ရွာမှာလဲ သူအရွဲ့တိုက်ပြီးပြီဆိုတော့ မနေချင်တော့ဘူးပေါ့လေ။ မောင်ဓနကို မေးတယ်။ 

တကယ်လို့ သူတို့ပိုင်တဲ့ယာထဲက တောင်တောကြီးလို့ ကြားဘူးတယ်။ အဲဒီမှာ ပြောင်းရွှေ့နေရရင်ကော၊ အဲဒီမှာကျရင် ကိုယ့်ဟာကို ယာကလေး လုပ်စားရင် ရသလားဆိုတော့ မောင်ဓနကလဲ ရမှာပါဆိုပြီး သဘောတူတယ်။ မောင်ဓနက 

နေဦးဆိုပြီး သူကိုယ်တိုင် အဲဒီတောင်တောကြီးရဲ့ ထိန်ပင်အောက် အရိပ်ကောင်းရာမှာ တဲကလေးတစ်လုံးဆောက်ပြီး ဒေါ်ခအိပ်ဖို့နေရာ၊ သူတို့သားအဖသုံးယောက်အိပ်ဖို့နေရာ အားလုံးပြည့်စုံပြီဆိုတော့မှ နွားတစ်ရှဉ်း လှည်းတစ်စီးနဲ့ 

ရောက်လာပြီး ကျုပ်တို့ကိုလာခေါ်တယ်။ သမီးကတော့ အခုပြောင်းတဲ့ ယာထဲက တဲကလေးဟာ ရွာထဲက တဲကလေးထက် ပိုပြီးတော့ နေလို့ကောင်းတယ်။ စိတ်လဲ လွတ်လပ်တယ်လို့ ပြောပါတယ်။ အဲဒီလိုနဲ့ ဒီတော ဒီတောင်ထဲမှာ 

သီးပင်စားပင်တွေစိုက်တယ်။ ဒါပေမယ့် အဲဒီထဲမှာ ကြက်သွန်တွေဆိုတာ ဆည်ပါရွာက စိုက်လေ့ပျိုးထမရှိဘူး။ 

သမီးက အရင်ကျွန်းထဲမှာ ကြက်သွန်တွေစိုက်တာကို အကြိမ်ကြိမ်မြင်ဖူးထားတော့ သူ ကြက်သွန်တွေဘာတွေ စမ်းပြီးတော့ စိုက်တယ်။ သမီး ကြက်သွန်စိုက်တာကို မြင်ပြီးတော့မှ ဆည်ပါရွာသူရွာသားတွေလဲ ကြက်သွန်ကို စပြီး စိုက်ကြ 

ပျိုးကြတာပေါ့လေ။ သိတဲ့လူတွေကတော့ ပြောကြတယ်။ ဆည်ပါရွာက ကြက်သွန်ခင်းအစ ဒေါ်အေးစိန်ကလို့ ပြောကြတယ်။ ကျုပ်လဲ အရင် ချမ်းချမ်းသာသာ နေခဲ့တဲ့ ဘ၀ကနေ အခုတော့ ယာသူမကြီးဖြစ်နေပြီ။ သမီးလဲ ဘာထူးလဲ။ 

ပွဲစားကြီးသမီး ပညာတတ် နုနုဖပ်ဖပ် ချောချောလှလှလေးကနေ သူလဲ ယာသူမကြီး ဖြစ်နေပါပြီ။ ဒီလိုနဲ့ပဲ ဘ၀ကို အရင်တုန်းက အကြမ်းပတမ်းမလုပ်နိုင်ခဲ့ပေမယ့် အခုမျက်မှောက်ဘ၀ကိုပဲ မျက်မှောက်ပြုရမှာပါပဲလေ။ ရာသီအလျောက် 

သီးနှံလေးတွေကို စိုက်ကြပျိုးကြပြီး ရောင်းချရတယ်။ သီးနှံလေးတွေ ရောင်းချရတော့ သမီး မအေးစိန်တောင် မကိုင်စဖူး ငွေလေးတွေ ကိုင်လာရတယ်။ 

အဲဒီလိုငွေကိုင်လာရပေမယ့် သမီးမအေးစိန် မပျော်ရှာဘူး။ သူတတ်ထားတဲ့ ပညာနဲ့ ဒီလိုအလုပ်ကြမ်းတွေနဲ့ ဘာဆိုင်သလဲလို့ သူတွေးတယ်။ နောက်ပြီး မောင်သိန်းကို သိပ်ထားခဲ့တဲ့ အိပ်ရာထဲမှာ မြွေဝင်ခွေတယ်။

မြွေဝင်ခွေတဲ့တောဆိုတော့ ဒီတောမှာ မြွေရှိနေပြီ။ အန္တရာယ်သိပ်များတယ်။ တစ်နေ့နေ့ မတော်တဆ ကလေးကိုသာ မြွေပေါက်သွားရင် ရင်ကျိုးရချည်ရဲ့လို့ ပြောတယ်။ တစ်နည်းပြောရရင် တောင်ဘက်ကိုပြန်ဖို့အတွက် ခိုင်လုံတဲ့ 

အကြောင်းပြချက် သူစဉ်းစားမိသွားတာပေါ့လေ။

အဲဒီအကြောင်းတွေ စုပေါင်းပြီး ဆက်လိုက်ရင် ဘာဖြစ်လာလဲဆိုတော့ သေချာတဲ့အချက်ကတော့ တောင်ဘက်ပြန်တော့မယ်။ ကိုရင် ဒီမှာပဲ ကိုရင့် ဆွေတွေမျိုးတွေနဲ့ နေခဲ့ပါ။ တကယ်လို့ ကိုရင်လဲ လိုက်လာနိုင်မယ်ဆိုရင် 

အချိန်မရွေးလိုက်လာခဲ့။ ကျုပ်ကတော့ ကိုရင်သာ လိုက်လာခဲ့မယ်ဆိုရင် စိတ်ချ။ ကျုပ်ဘယ်တော့မှလဲ အိမ်ထောင်ပြုမှာမဟုတ်ဘူး။ အိမ်ထောင်ရေးက အလွန့်အလွန်စိတ်ဆင်းရဲလှတယ်လို့ သမီးကပြောတယ်။ အဲဒီလိုနဲ့ မောင်ဓနလဲ 

ကျုပ်ကို " ဒေါ်ဒေါ်ခရယ် မစိန်ကို ဖျေင်းဖျပေးပါဦး။ တောင်ဘက်ကို ပြန်မယ်ချည်းပဲ ပြောနေတယ်။ ပြန်မယ်ချည်းပဲ ပြောနေတော့ ကျုပ်တားလို့လဲ မရတော့ပါဘူး ဒေါ်ခရယ်။ ဒေါ်ဒေါ်ခက တားပေးပါဦးလို့ ကျုပ်ကို အပူကပ်ရှာတယ်။ 

ကျုပ်ကလဲ" အေးကွယ် အေးကွယ် ဒေါ်ဒေါ်ခ ကြိုးစားကြည့်ပါ့မယ်လို့ " ပြန်ပြောလိုက်တယ်။ မောင်ဓန ယာထဲမှာအလုပ်လုပ်နေတုန်း သမီးကို နားချပါတယ်။ " သမီးရယ် ဒီမှာပဲ ကိုယ့်ခင်ပွန်းနဲ့ ကိုယ့်သားနဲ့ ကိုယ့်အမေနဲ့ အတူနေရတာပဲ 

မကောင်းဘူးလား။ အခု အမေလဲ ယာလုပ်ငန်းတွေ လုပ်တတ်သွားပြီး သမီးလဲ ယာလုပ်ငန်းတွေ လုပ်နိုင်နေပြီ။ မောင်ဓနလဲ သမီးတို့အမေတို့လိုပဲ သူက အရင်တုန်းက ကိုရင်ကြီး ပညာတတ်ပဲလေ။ အခု သူလဲ အပင်ပန်းခံပြီးတော့ 

အလုပ်လုပ်နေပြီပဲ သမီးရယ် မပြန်ကြပါနဲ့စို့။ ဒီမှာပဲ အခြေချကြတာပေါ့" လို့ ပြောရတယ်။

သမီးက " အမေရယ် သမီးရှက်လှပြီ။ သမီးတို့ မိသားစုတွေအကုန်လုံးကို ဆည်ပါရွာမှာ ရှိတဲ့ လူတွေက မွဲလှတယ်။ ဆင်းရဲလွန်းလှတယ်လို့ ထင်နေတာ သမီးရှက်လှပြီ" တဲ့။ ဟုတ်ပါတယ်။ ကျုပ် သားသမီးတွေအကုန်လုံးက 

စီးပွားပျက်ပြီး မအေးစိန်နဲ့အတူ ဆည်ပါကို လိုက်လာခဲ့တာလေ။ ဆည်ပါကို လိုက်လာခဲ့ပြီး ဒီမှာအဆင်မပြေလို့ ဆည်ပါရွာဘေးနားက ရွာမှာ ကြုံရာကျပန်း လုပ်ကိုင်စားသောက်နေရတာကိုး။ သမီးကလဲ ခေါင်းကမာ၊ စိတ်ကလဲ 

အလွန်ကြီးကိုး။ သူ့ကို လာတင်တောင်းတုန်းက ဒေါ်အေးစိန့်တို့၊ ဦးဘဦးတို့ကိုယ်တိုင်က ဆည်ပါရောက်ရင် မင်္ဂလာပွဲကြီး အကြီးကြီးဆောင်ပေးပါ့မယ်။ လယ် ၂၄ ဧက.၆ နဲ့ တင်တောင်းတယ်။ ဆည်ပါလဲရောက် မင်္ဂလာပွဲလဲ 

အကြီးကြီးမပြောနဲ့ မင်္ဂလာတောင်မဆောင်ပေးပါဘူး။ ဒေါ်မှတ်တို့ကို ကန်တော့လိုက်တာနဲ့တင် ပြီးသွားတယ်။ လယ် ၂၄ ဧက.၆ မပြောနဲ့ ဖျာတစ်ချပ်စာမြေတောင် မပိုင်ရပါဘူး။ 

မောင်ဓနကလည်း အဲဒါတွေကို ဘာမှမပြောတော့ဘူး။ သူကိုယ်တိုင်ကလည်း ဒေါ်မှတ်တို့ သြဇာကို မလွန်နိုင်ရှာဘူးလေ။ ဒါပေမယ့် မောင်ဓနက သူ့ရဲ့သားလေးမောင်သိန်းကိုတော့ အလွန့်အလွန် ချစ်ရှာတယ်။ သူ့ရဲ့ ဇနီးဖြစ်တဲ့ 

ကျုပ်သမီး မအေးစိန်ကိုလဲ အလွန့်အလွန် မြတ်နိုးရှာတယ်။ စွဲလမ်းရှာပါတယ်။ သူ့ယောက်ခမဖြစ်တဲ့ ကျုပ်ကိုလဲ အမေလို ချင်ခင်လေးစားရှာပါတယ်။ အလုပ်လုပ်စရာရှိရင်လဲ သူပဲလုပ်တယ်။ အစားဆိုလဲ သူမစားရက်ဘူး။ ကျုပ်တို့ကိုပဲ 

ဦးဦးဖျားဖျား ကျွေးရှာပါတယ်။ တစ်ခါတစ်ခါ မှိုတွေရလာရင်လည်း သူမစားဘူး။ သမီးမအေးစိန်က ကိုရင်လဲ စားလေဆိုတော့ မောင်ဓနက ဘာပြန်ပြောတယ်မှတ်လဲ။ "မကြိုက်လို့ပါ" တဲ့။ တောသူတောင်သားပဲ မှိုမကြိုက်ဘဲ 

ဘယ်ရှိပါ့မလဲ။ သူအလွန်ကြိုက်တာပေါ့။ မောင်ဓနအလွန်ချစ်တာ သမီးမအေးစိန် သိသော်လည်း သူ ဒီ ဆင်းရဲတဲ့ ဒဏ်တွေက လွတ်ချင်ပြီ။ သူ့အမေ ကျုပ်ကိုလဲ လွတ်စေချင်ပြီ။ သူ့သားမောင်သိန်းကိုလဲ တောင်သူယာခုတ်ဘ၀ကို 

မရောက်စေချင်ဘူး။ မနစ်စေချင်ဘူး ထင်ပါရဲ့။ သူ့ သားကလေးကို ပညာတတ်ဖြစ်စေချင်တယ်။ အဲဒီလိုနဲ့ ကျုပ်တို့တွေ တောင်ဘက်ကို ပြန်ခဲ့ကြတာပါ။ ညောင်ညိုပင်ကြီးဟာ မောင်ဓနနဲ့ မအေးစိန်တို့ရဲ့ လမ်းခွဲရာနေရာဖြစ်ခဲ့ပါပြီ။ 

 

ပိန်းကောလှေငယ် အပိုင်း (၆)

အဲဒီလိုနဲ့ အဘွားရယ်၊ အမေရယ်၊ မြေးလေးရယ် သုံးယောက်သား ဆွေတစ်ကောင်မျိုးတစ်ဖဲ့မှ မရှိတဲ့ တစ်ရွာတစ်ကျေးမှာ တစ်အိုးတစ်အိမ်ပြုနေကြဖို့ ဖြစ်ပေါ်လာခဲ့ကြတာပေါ့လေ။ ထန်းပုရွာဆိုတာ အရင်တုန်းက 

ကြားတောင်မကြားဖူးတဲ့ ရွာကြီးပါ။ အဲဒီ့ရွာမှာပဲ ရွာနေပြည်ထိုင်လုပ်ကြရတော့မယ်။ ရွာကလဲ ရွာကြီးပါ။ ရွာလယ်ခေါင်လမ်းမကြီးကဖုန်လို့။ အဲဒီရွာမှာ ကျောင်းကလဲ သုံးကျောင်းရှိတယ်။ သရက်တောကျောင်းတိုက်၊ 

မန်ကျဉ်းတောကျောင်းနဲ့ မြောက်ကျောင်းဆိုပြီးတော့ သုံးကျောင်းပေါ့။ အဲ့ဒီရွာရဲ့ တောင်ဘက်မှာ ဘုန်းကြီးကျောင်းနဲ့ မယ်ဇလီကန်ရှိတယ်။ ထန်းပုရွာဆိုတာ ဘယ်ကြည့်ကြည့် ထန်းတောကြီးပဲ။ 

" ထန်းတောက ထန်းပင်ကြီးတွေတဝေေ၀ ပေပင်ကြီးတွေက တမတ်မတ် မလေးနေတဲ့အရပ် မလေးနေရာ ရောက်တဲ့အခါ မေးလို့ဝင်ခဲ့ပါ။ ကြံသကာနဲ့ ရေကြည်အေး တိုက်ကျွေးပါ့မယ်လေး ဆိုတဲ့ ကဗျာကလေးလိုပါပဲ။ 

ထန်းလုပ်ငန်းဆိုတာကလဲ ကြီးကျယ်ပါတယ်။ ထန်းပိုင်ရှင်ကတစ်ယောက်၊ အဲဒ်ီထန်းပိုင်ရှင်ဆီကနေ ထန်းတောငှားပြီး ငွေကြေးစိုက်ထုတ်ကာ ထန်းတောဆိုင်ရာ ထန်းလုပ်ငန်းပစ္စည်းတွေကို ၀ယ်ခြမ်းပေးရတဲ့ သူကတစ်ယောက်၊ 

ထန်းတက်တဲ့ ထန်းသမားက တစ်ယောက် ဆိုပြီး လုပ်ကြတယ်။ ၀ယ်ခြမ်းပေးရတဲ့သူနဲ့၊ ထန်းသမားနဲ့က ပိုက်ဆံကို တစ်နေ့စီရတာပေါ့လေ။ ငွေကြေးစိုက်ထုတ်ပေးတဲ့လူကတော့ ထန်းပိုင်ရှင်ကို တစ်နှစ်မှာ ထန်းလျက်ပိဿာချိန် 

သုံးရာဖြစ်ဖြစ်၊ ငါးရာဖြစ်ဖြစ် သဘောတူညီချက်နဲ့ ပေးရတယ်။  ထန်းပင်တွေဆိုတာ ရွာထဲက အိမ်တိုင်းမှာလဲ ရှိတယ်။ ရွာပြင်မှာလဲ ရှိတယ်။  ထန်းတော အရပ်ဆိုပေမယ့်လို့ အဲဒီ့ ထန်းပုရွာသားတွေက ထန်းရည်ခါး 

မသောက်တဲ့သူကများတယ်။ ထန်းရည်ချိုပဲ သောက်ကြတယ်။ အဲဒီထန်းရည်ချိုကို ထန်းတက်သမား အပင်ပေါ်ကယူလာပြီး အောက်ချပေးတယ်။ အောက်ရောက်ပြီးသား ထန်းရည်ချိုအိုးတွေကို လိုက်သိမ်း။ ထမ်းပိုးနဲ့ထမ်း။ 

ထန်းလျက်ချက်တဲ့ တဲကို ကလေးလေးတွေက သွားပို့။ သူ့ကို မြူအိုးကောက်တဲ့သူလို့ခေါ်တယ်။ 
ထန်းတောထဲကို ဖြတ်သွားတဲ့ သူစိမ်းတရံဆံကို သူတွေ့ရင် ထန်းရည်ချိုသောက်ပါဦးလားလို့ ယဉ်ကျေးပျူဌာစွာ ဧည့်ခံတယ်။ တကယ်ကို ဧည့်ဝတ်ကျေတယ်။ အဲ့ဒီထန်းတက်သမားက ဧည့်သည်ကို မမြင်လိုက်လို့ 

မြူအိုးကောက်တဲ့ကလေးက မြင်ရင်လဲ ဒီမယ် အုန်းကြီး ဒီမှာအုန်းလေး ထန်းရည်ချိုလေး သောက်ပါဦးလားခင်ဗျာလို့ ပြောလေ့ရှိတယ်။ အဲ့ဒီအရပ်က ဦးလေးကို အုန်းလေး၊ ဦးကြီးကို အုန်းကြီး လို့ခေါ်တယ်။ တစ်နိုင်ငံလုံးက ဦးလေး 

ဦးကြီးလို့
ခေါ်ပေမယ့် အဲ့ဒီရွာအပါအ၀င် ထန်းပုအုပ်စု ရွာတွေအားလုံးကတော့ ဦးကြီး ဦးလေး နေရာမှာ အုန်းကြီး အုန်းလေးလို့ခေါ်ကြတယ်။ စေတနာကလဲကောင်းပါဘိ ။ ရွာထဲမှာကြတော့ 
အိမ်တိုင်းက ထန်းလျက်ဖိုတွေပဲ။ ထန်းရွက်မိုးထားတယ်။ ထန်းရွက်ကာထားတယ်။ တိုင်ကတော့ ဘာတုန်းလို့မေးရင် ထန်းသားတိုင်။ ထန်းပင်အိုလို့ လှဲတဲ့ထန်းသားခြမ်းတွေကို တိုင်အဖြစ်နဲ့လဲလုပ်ထားတယ်။ ဒါဖြင့် ထန်းလက်ကို
ဘယ်လိုလုပ်တာတုံးဆိုတော့ လျှော်နဲ့စည်းထားတာ။ ထန်းရွက်မိုးကို ဘယ်လိုမိုးထားတာလဲဆိုတော့ ထန်းရွက်လျှော်နဲ့ ထန်းလက်ကရတဲ့ ထန်းလျှော်နဲ့ ချည်နှောင်ထားတယ်။ တစ်နည်းပြောရရင် အဲ့ဒီတဲ အဲ့ဒီအိမ် ဆိုတာ ထန်းပင်ကရတဲ့ 
ပစ္စည်းတွေနဲ့ချည်းပဲ။ အဲ့ဒီထန်းတောထဲ ထန်းလျက်ဖိုတွေထဲဝင်သွားပြီဆိုရင် ပူချစ်နေတာပဲ။ မီးဖိုကြီးက အရှည်ကြီးကိုး။ ဟိုဘက်ဒီဘက် အိုးတွေက တန်းစီလို့။ ဒီဘက်အစွန်ဆုံး ထန်းလျက်ချတော့မယ်နေရာမှာ ဒယ်အိုးထားတယ်။ 

ဟိုဘက်မှာကျတော့ ဖျဉ်းအိုးလို့ခေါ်တဲ့ အိုးကြီးတွေကလဲ အကြီးကြီးတွေကိုး။ ပူသထက်ပူအောင်လုပ်ရတယ်။ အဆင့်ဆင့်ပေါ့။ ထန်းလျက်ချက်တော့ မွှေတော့မယ်၊ ကျတော့မယ်ဆိုရင် ဒယ်လေးကိုအောက်ချ၊ အောက်ချပြီးတော့ ထန်း
လက်ပြားနဲ့ လုပ်ထားတဲ့ ယောင်းမနဲ့မွှေတယ်ဗျာ။ မွှေတဲ့ အသံလေးက ပလုံ ပလုံနဲ့။  အသံလေးက ဒီအိမ်ကလဲ ပလုံ ဟိုအိမ်ကလဲ ပလုံ ဟိုတဲကလဲ ပလုံပေါ့လေ။ ထန်းလျက်ချက်တဲ့ အနံ့
လေးတွေကလည်း တစ်ရွာလုံးကို မွှေးလို့ကြိုင်လို့ဗျာ။ ပန်းကန်ထဲမှာ နှမ်းဆီကလေး ထည့်ပြီးတော့မှ ထန်းလျက် အပူခံတယ်ပေါ့လေ။ ထန်းလျက်ပူလေးသွားတောင်းရင် အဲဒီထန်းလျက်ပူလေးထည့်ပေးလိုက်တယ်။ ထည့်ပေးရင်လဲ 

ပန်းကန်နဲ့အပြည့်ပဲ။ အဲဒါလေးက တကယ်စားလို့ကောင်းတာကိုး။  တောသူတောင်သားတို့ အဲဒီလိုပဲ သရေစာ သဖက်စာဆိုတာ မုန့်ပဲသရေစာ ၀ယ်စားနေစရာမလိုဘူး။ ထန်းလျက်အပူလေးခံပြီးတော့ စားရတာကိုက  အရသာ။ 

အဲ့ဒီရွာမှာထန်းနဲ့ အသက်မွေးကြတယ်။ သိပ်လဲ ဆင်းရဲနွမ်းပါးကြတယ်။ ဒီထန်းလျက်ဖိုတဲထဲမှာပဲ သူတို့မွေးဖွားတယ်။ အဲ့ဒီထန်းလျက်ဖိုတဲထဲမှာပဲ ကြီးပြင်းတယ်။ အဲဒီထန်းလျက်ဖို
တဲထဲမှပဲ အိမ်ထောင်ရက်သားကျပြီးတော့ သူတို့က သားသမီးတွေ ထွန်းကားကြပြန်တယ်။ အဲဒါသူတို့ရဲ့ အလုပ်ခွင်လည်းဟုတ်တယ်။ ထန်းလျက်ဖိုလည်းဟုတ်တယ်။ သူတို့ရဲ့အိမ်လည်းဟုတ်တယ်။ သူတို့ရဲ့အိပ်ရာလည်းဖြစ်တယ်။ 

နေရာလည်းဖြစ်တယ်။ တပို့တွဲလရောက်ပြီဆိုရင်တော့ ထုံးစံအတိုင်း ထန်းနွှေးချိန်ခေါ်တယ်။ ထန်းလက်ကြီးတွေပင်ချ၊ နွှာတယ်။ နွှေးတယ်ဆိုတာ နွှာတာခွာတာပဲလေ။ အဲ့ဒီက
ထွက်လာတဲ့ ကျေမြီးပြတယ်ခေါ်တယ်။ အဲဒါလေးက ကြက်တူရွေး အမြီးလေးလိုပဲ။ အဲ့ဒါလေးက ထန်းနို့လေး။ အဲဒီ ထန်းနို့လေးကို ထန်းဗူးလေးနဲ့စည်း။ စည်းပြီးတော့ ရလာတဲ့ဟာကို မျက်နှာဖွင့်တယ်ခေါ်တယ်။ ထန်းလှီးဓားလေးနဲ့ 

ထိပ်ကိုဖွင့်ထားခဲ့တယ်။ အောက်မှာအိုးလေးခံထား
နောက်နေ့မနက်သွား။  ကြည့်လိုက်တော့ ထန်းရည်အိုးထဲ ထန်းရည်တွေပြည့်နေပြီ။ အဲ့ဒါ ထန်းနို့ဦး ထန်းနို့ကထွက်တဲ့ ထန်းရေချို။  အဲ့ဒီထန်းရည်ချိုကို တပိုဦးထန်းရည်၊ ထန်းလျက်ကို တပိုဦးထန်းလျက်လို့ခေါ်တယ်။ အဲ့ဒါလေးက 

မကြာဘူးဗျ။ တပို့တွဲ တပေါင်းပေါ့။ ဆေးဖက်ဝင်တယ်ဆိုတာသူပေါ့။ နောက်မကြာပါဘူး ထန်းသီးကသီး တန်ခူးလကစပြီးတော့ ထန်းသီးသီး။ သီးတဲ့ ထန်းသီးခိုင်ကို ထန်းပင်ရဲ့ပင်စည်လုံးနဲ့တိုက်တာ။ အဲ့ဒါကိုသီးရင့်တိုက်တယ်ခေါ်
တယ်။ သီးရင့်တိုက်ပြီးရင်တော့ ထန်းခိုင်ကထွက်လာတဲ့ ထန်းရည်ချိုကျတော့ ထန်းမရည်လို့ခေါ်တယ်။ အဲ့ဒါ တန်ခူး ၊ ကဆုန် ၊ နယုန် ၊ ၀ါဆို ၊ ၀ါခေါင် ၊ တော်သလင်း ၊ သီတင်းကျွတ်ပေါ့ဗျာ။ သီတင်းကျွတ်ကျတော့
နည်းပြီပေါ့။ သတင်းကျွတ် တအားဆွတ်တဲ့ ။ တန်ဆောင်မုန်း ထန်းတုံးရောတဲ့။ ရင်းထောင်လဲ လှဲရော ထန်းသမားတွေလည်းမွဲရောတဲ့ ။ အဲ့ဒါသူတို့ရဲ့ ဒေသကစကားပုံ။ ဒီလိုနဲ့ပဲ ဒီထန်းပုရွာ ဒီရွာလေးက ထန်းလျက်ချက်တဲ့အသံ 

ဒီရွာလေးက သင်းသင်းကြိုင်
ကြိုင်ရှိလှတဲ့ ထန်းလျက်ချက်တဲ့အနံ့လေးတွေ ဒီရွာထဲက ရပ်သူရွာသားတွေရဲ့ စေတနာ၊ ဆရာ ၊ ဆရာမ နဲ့ စားဦးစားဖျားလေးတွေ ပို့ကြ။ အဲ့ဒါသာမက တရိုတသေနဲ့ သူတို့ တောလိုက်လို့ရလာတဲ့ ပုတတ်တို့လို
ဖွတ်တို့လို ၊ ဂျိုးတို့လို ၊ ခါတို့လို ၊ ငုံးတို့လို စသည်ဖြင့် သားကောင်လေးတွေရလာရင်လဲ လာပြီးတော့ ပို့ကြတယ်။ ကျွန်မက အဲဒါတွေ မစားရဲဘူး။ ကျွန်မ မစားရဲသလို သမီး မအေးစိန်ကလဲ မစားရဲဘူး။ ဒါပင်မယ့်လည်း
သူတို့ကျေနပ်အောင်စားချင်ယောင် ဆောင်ရတယ်။ အဲ့ဒီလိုနဲ့ ဒီရွာကလေးမှာ အနေလှလှ အခြေကျကျရှိခဲ့ကြပါပြီ။ 

ကျုပ်တို့ သုံးယောက် အရီးကြွယ်တို့အိမ်ကနေ တစ်ဆင့် နောက်ထပ်တတ်လှမ်းနိုင်ဖို့ သားအမိနှစ်ယောက် တိုးတိုးတိတ်တိတ် တိုင်ပင်ရတယ်။ အဲ့ဒီအိမ်မှာနေရတာ စားစရာလဲ မပူရ၊ သောက်စရာလဲ မပူရပါဘူး။ အရီးကြွယ်တို့က 

အကုန်ကျွေးမွေးထားတယ်။ ကိုယ့်ဘာသာချက်စားပါရစေ ဆိုတာလဲ မရဘူး။ အဲဒီလို နေစရာ၊ စားစရာမပူရတော့  သမီးမအေးစိန် ရတဲ့လခကလေးက အသားတင်ဖြစ်တာပေါ့လေ။ တစ်နှစ်၊ နှစ်နှစ်လောက်ကြာတော့ မောင်သိန်းလည်း 

သူ့အထိုက်အလျောက် ကြီးပြင်းလာပြီ။  ၁၉၃၉ မှာ ဒုတိယ ကမ္ဘာစစ်ကြီးကလဲ ဥရောပတိုက်မှာ ဖြစ်စပြုနေပြီ။ ၁၉၄၀ ကျတော့ ဒီဘက်မှာပါ စစ်ရိပ်စစ်ငွေ့တွေ သန်းလာပြီ။ အဲ့ဒီအချိန်မှာပဲ ရွာထဲက မြေကလေးတစ်ကွက်ကို ဆရာမကို 

ကန်တော့ချင်လို့ပါဆိုပြီး ရွာသူရွာသားတွေက ပြောတယ်။ ဒါပေမယ့် သူတို့ အကုန်တော့ မတတ်နိုင်ဘူး။ ဒါကြောင့် ဆရာမတတ်နိုင်သလောက် ဆန်ဖိုး၊ ဆီဖိုးလေးပဲ ပေးပါဆိုပြီး မြေရှင်က ပြောတယ်။ အဲ့ဒါနဲ့ အဲဒီ မြေကွက်ကလေးကို 

ဝယ်လိုက်တယ်။ ၀ယ်လိုက်တယ် ဆိုပေမယ့်လဲတကယ်တော့ သူတို့ကပေးတာပါ။ ကိုယ်ပြန်ပေးရတာက တန်ရာတန်ကြေးမဟုတ်ပါဘူး။ ကိုယ်ပေးနိုင်သလောက်လေး ပေးရတာ။ ဒီလိုနဲ့ သစ်သား အိမ်ကလေးတစ်လုံး 

ဆောက်လိုက်တယ်။ အိမ်ကလေး အပြီးမသတ်သေးတဲ့ အချိန်မှာပဲ အံ့သြစရာကောင်းတာ ဧည့်သည်တစ်ယောက် ရောက်လာတယ်။ ဧည့်သည်က အခြားမဟုတ်ဘူး။ မောင်ဓနပဲ။ သူကလဲ အမြဲတစေ စုံစမ်းနေတယ် ထင်ပါရဲ့။ 

မအေးစိန်က ကိုရင်ဘာဖြစ်လို့ လိုက်လာတာလဲ။ ကရိကထတွေများပါဘိနဲ့ လို့ မေးလိုက်တယ်။ မောင်ဓနက ဘယ်ဟုတ်မလဲ။ သတင်းကြားပါတယ်။ ဒီရပ်ဒီရွာမှာ မူလတန်း ဆရာမ အလုပ်ရနေပြီဆိုတာကို။ အဲဒါကြောင့် စုံစမ်းမေးမြန်းပြီး 

လိုက်လာတာပါလို့ ပြောတယ်။ 

မောင်ဓနကို မြင်တော့ မြေးလေးမောင်သိန်းက ကြောင်ပြီးကြည့်နေတယ်။ နောက်မှ သေသေချာချာကြည့်ပြီးတော့ သူအမြဲတစေ အိပ်လဲ ဒီစိတ်၊ စားလဲ ဒီစိတ်နဲ့ တတမ်းတတ စွဲလမ်းနေရှာတဲ့ သူ့အဖေမှန်းလဲ သိရော ကျုပ်ရင်ခွင်ထဲကနေ 

မောင်ဓနဆီကို ပြေးသွားတယ်။ နှုတ်ကတော့ ဘာတစ်ခွန်းမှမပြောဘူး။ ဒါပေမယ့် မျက်လုံးကတော့ မျက်ရည်တွေ တွေတွေကျနေတယ်။ သူ့အဖေကိုလဲ လွတ်ထွက်သွားမှာစိုးသည့်အလား အတင်းကိုဖတ်ထားတယ်။ မောင်ဓနကလဲ 

ကျုပ်တို့စကားပြောနေရာကနေ ရပ်သွားပြီး သူ့မျက်ဝန်းမှာလည်း မျက်တွေကျလာတယ်။ အတန်ကြာတော့မှ သားလေးက ဘယ်တုန်းကလာတာလဲ၊ ဘယ်လိုလာတာလဲလို့ မေးရှာတယ်။ မောင်ဓနက ဒီလိုပဲ လှည်းတတန်၊ ကားတတန်၊ 

ရေတတန်၊ ကုန်းတတန် လာခဲ့ရတာပဲ လို့ပြောတော့မှ သားလေးက  စကားစပြောနိုင်တော့တယ်။ အဲဒီကျတော့မှ သူ့စိတ်ရဲ့အခြေဟာ အခြေမှန်အနေမှန်ကို ပြန်ရောက်သွားပြီ။ 

အပိုင်း (၇)

အဲဒီလိုနဲ့ လေးယောက်သား စကားတွေပြောလိုက်ကြတာ ကုန်ကိုမကုန်နိုင်တော့ဘူး။ မောင်ဓနက သူဟိုမှာ ကျန်ခဲ့တုန်းက ဘယ်မှမပြောင်းဘဲ အဲဒီမအေးစိန်တို့နဲ့ အရင်နေခဲ့တုန်းက ယာထဲက အိမ်လေးထဲမှာပဲ သူနေပြီးတော့ 

တစ်ဖက်က ယာလုပ်ငန်းကိုလုပ်၊ တစ်ဖက်ကလဲ သူတတ်ထားတဲ့ ဗေဒင်ပညာ၊ ဇာတာဖွဲ့ပညာတွေနဲ့ ဗေဒင်ဆရာလဲ လုပ်တယ်။ နောက် အပ်ချုပ်ပညာကိုသင်ပြီးတော့ အပ်ချုပ်တဲ့ အလုပ်ကိုလဲလုပ်တယ်။ ဘုန်းတော်ကြီးကျောင်းက 

တိုင်းရင်းဆေးပညာကို သင်ယူပြီးတော့ ဗိန္ဓောဆရာအဖြစ်နဲ့ ဆေးလဲကုတယ်။ အဲဒီလိုမျိုးနဲ့ ပိုက်ဆံတွေစုပြီး ရွာထဲမှာ အိမ်လေးနဲ့ ခြံလေးဝယ်ထားတယ်။ သူ့ရဲ့ စိတ်ကူးကလေးက ဘယ်သူဆီမှ လက်ဖြန့်တောင်းစရာ၊ မှီခိုစရာမလိုဘဲ၊ 

ကိုယ်လက်ကိုယ့်ခြေနဲ့ မိသားစုတွေပြန်ဆုံရင် အတူနေမယ်ဆိုတဲ့ စိတ်ကူးလေးနဲ့ ၀ယ်ထားခြင်းဖြစ်တယ်။ အိမ်ကလေးကလည်း သပ်သပ်ရပ်ရပ်နဲ့ အလွန်နေချင်စရာကောင်းပါတယ်။ ဒါပေမယ့် မိသားစုတွေ အတူစုံမှ နေမယ်ဆိုတဲ့ 

စိတ်ကူးလေးကြောင့် သူတစ်ယောက်ထဲ သွားမနေဖြစ်ဘူး။ ယာထဲက တဲလေးမှာပဲ နေရင်းနဲ့ ပိုက်ဆံစုတယ် ဆိုတဲ့ အကြောင်းတွေကို မောင်ဓနက ပြောပြတယ်။ အမှန်တော့ မိသားစုကို သူပြန်လာခေါ်တာပါ။ မအေးစိန်ကလဲ မောင်ဓန 

အဲဒီလိုပြောတော့ သူ့ဆုံးဖြတ်ချက်ကို မပြောရက်ဘူး။ အဲဒါနဲ့ စကားလမ်းကြောင်းလွှဲပြီး " ကိုရင်လဲ ဘာမှမစားရသေးဘူး မဟုတ်လား။ မိသားစုတွေအတူတူ ထမင်းစားရအောင်" ဆိုပြီး ထမင်းဝိုင်းပြင်တယ်။ ထမင်းလက်ဆုံ စားဖို့ဆိုတာ 

(၁) မိသားစုလည်းဆုံဦးမှ (၂) အသက်လည်းရှင်နေဦးမှ စားလို့ရတာ။ အခုဆုံကြပြီ၊ မတွေ့ရတာလဲ ကြာပြီဆိုတော့ ထမင်းက ဗိုက်ထဲဘယ်လိုရောက်သွားတယ် မသိပါဘူး။ မောင်ဓနလေ စကားတွေပြောရှာတာ ဖောင်ဖွဲ့နေတာပဲ။ 

သူပြောတာတွေကတော့ သူ့စိတ်ကူးယဉ်အိပ်မက်တွေပါပဲ။ ရှေ့ဆက် ဘယ်လိုလုပ်မယ်။ ပိုက်ဆံကို ဘယ်လိုထပ်စုပြီး ကိုယ်ပိုင် လယ်တွေယာတွေ ထပ်ဝယ်ပြီး မိသားစုကို သူများအောက်မကျအောင် 

ထားဖို့ကြိုးစားမယ်ဆိုတဲ့အကြောင်းတွေပါပဲ။ အရင် ကိုရင်ကြီးလူထွက် ဘာမှမလုပ်တတ်တဲ့ မောင်ဓနဟာ အခုတော့ လုပ်ငန်းတွေကို အကုန်ကျွမ်းကျင်နေပါပြီ။ သူ့မိန်းမ မအေးစိန်ကို ရွှေပေါ်မြတင် ထားချင်နေတာပါ။ 

သူမေ့နေတာတစ်ခုက မအေးစိန်ဟာ ပညာတတ်ကျောင်းဆရာမ တစ်ဦးဖြစ်နေပြီး ဒီရွာမှာ ရွာက ဆရာမဆိုပြီး ရိုသေလေးစားလွန်းလို့ စားဦးစားဖျားလေးတွေတောင် လာပို့ရတဲ့ ဂုဏ်သရေရှိအမျိုးသမီးတစ်ဦး၊ 

တပည့်ကျောင်းသားများသာမက ငယ်ရွယ်တဲ့ ကျောင်းသားမိဘများကပါ ကန်တော့တဲ့ ကန်တော့ခံဆရာမတစ်ဦး ဖြစ်နေပြီဆိုတာပါပဲ။ 

မအေးစိန်ကလဲ အခုလို အခြေကျပြီး သူဖြစ်ချင်တဲ့ ဆန္ဒတွေလဲ ဖြစ်နေပြီဆိုတော့ မောင်ဓန ခေါ်ရာ ဘယ်လိုက်ချင်ပါ့မလဲ။ တနည်းပြောရင် မအေးစိန်ကတော့ " နှမြောစရာကိုရင်ရယ်၊ အဲဒီအိမ်လေးတွေ ပြန်ရောင်းရင် 

ဘယ်လောက်လောက် ရနိုင်မလဲ တဲ့။ ကိုရင့်ကို ထမင်းစားပွဲရှေ့ရောက် ကျွေးမှာပေါ့။ ဆရာမဆိုတဲ့ ဂုဏ်ရှိသော်လည်း ဝေသန္တရာ ဇာတ်တော်ထဲကလိုပဲ မောင်တစ်ကျိတ်ပင်ရှိသော်ငြားလည်း ခင်ပွန်းမရှိသော မိန်းမသည် မတင့်တယ်လို့ 

မင်းဘူးဆရာတော် ဆိုခဲ့သလိုပဲ။ အခု ခင်ပွန်းသည်လဲ ရှိနေပြီ။ ကိုရင်က ရွာထဲမှာ သာရေး၊နာရေး လူမှုရေးတွေကို ဆောင်ရွက်ပေါ့တဲ့။ အဲဒီ ဗေဒင်ဟောတာ၊ ဇာတာဖွဲ့တာတွေက ဒီမှာလဲ လုပ်လို့ရတာပဲ။ အဲဒီနည်းအတူ 

တိုင်းရင်းဆေးကုတာကို ဒီမှာကုလည်း ရတာပဲ။ အဲဒီလိုတွေ မောင်ဓနကို ပြောတယ်။ 
မအေးစိန်ကလည်း ဒီအမေ၊ ဒီသား၊ ဒီခင်ပွန်းနဲ့ အတူနေချင်သလို မောင်ဓနကလည်း ဒီအမေ၊ ဒီသား၊ ဒီမိန်းမနဲ့ အတူနေချင်တဲ့ စိတ်ကူးတွေက နှစ်ယောက်စလုံး တူကြပေမယ့် နေရာရွေးတဲ့ နေရာမှာတော့ ကွဲလွဲကုန်ကြပါတယ်။ အဲဒါနဲ့ 

အမေကြီး ဒေါ်အေးခက  ကဲ အဲဒါတွေ နောက်မှ ဖြည်းဖြည်းပြောကြတာပေါ့လို့ ကြားက ပြောရတယ်။ မောင်ဓနက ဘယ်နေ့တွေ ခွင့်ယူလို့ရလဲ။ ရွာမှာ ဦးလေးဦးဘဦးရဲ့သား မောင်စီမောင်ကို ရှင်ပြုဖို့အလှူရှိတယ်။ အဲဒီအလှူမှာ 

သားလေး မောင်သိန်းကိုပါထည့်ပြီး ရှင်ပြုချင်လို့ လာခေါ်တာ။ လိုက်ခဲ့ကြပါလို့ ပြောတယ်။ အဲဒီလို အဖေက ပြောတော့ အမေက ကိုရင်ရယ် ကျွန်မတို့ ဒီမှာပဲ မိသားစု အတူတူနေရရင် ဘယ်လောက်ပျော်စရာကောင်းမလဲ။ 

ပညာတတ်ဖြစ်ပြီး အနှိမ်ခံခဲ့ရတဲ့ စည်ပါရွာ၊ တောင်သူလယ်လုပ်ခဲ့ရတဲ့ စည်ပါရွာ၊ အောက်ကျခံခဲ့ရတဲ့ စည်ပါရွာ၊ အဲဒီရွာကို လုံးဝမလိုက်ချင်တော့ဘူး၊ မသွားချင်တော့ဘူးလို့ အမေက တောင်းပန်တယ်။ အဲဒါနဲ့ အဖေက အဲဒီလိုလဲ 

မဟုတ်သေးဘူးလေ။ မောင်သိန်းကို ရှင်ပြုတာပဲ။ ဖအေလဲပါမှ၊ မအေလဲပါမှ၊ အဘွားလဲ ပါမှ ပိုပြီးတင့်တယ်မှာ မဟုတ်လားလို့ အကြောင်းပြတယ်။ အမေက သူ့ဆုံးဖြတ်ချက်က ဆည်ပါမှာလုံးဝမနေတော့ဘူး၊ အဖေဘယ်လောက်ခေါ်ခေါ် 

မလိုက်တော့ဘူးလို့ ဆုံးဖြတ်ထားတာဆိုတော့ အခုကိစ္စသေးသေးလေးကိုတော့ လိုက်လျောပါ့မယ်ဆိုပြီး ရွာသူကြီး ဦးစံဖေကို ခွင့်ပန်ကြား၊ မြို့နယ် လက်ထောက်ပညာရေးမှုးကိုလည်း ခွင့်စာတင်၊ အိမ်ကိုလဲ အိမ်နီးချင်းတွေကိုအပ်ခဲ့တယ်။ 

အနောက်ဘက်အိမ်က ဦးဘကိန်း၊ ဒေါ်မြကြည်တဲ့။ ဒေါ်မြကြည်ရဲ့မိခင်က ဒွေးချင်းတဲ့။ အရှေ့ဘက်အိမ်ကျတော့ ကိုအေးစောင်နဲ့ မအောင်။ သူတို့အိမ်ရဲ့ အရှေ့ဘက်ကျတော့ ဦးစောဖေ၊ ဒေါ်အေးတင်တဲ့။ တောင်ဘက်အိမ်ကတော့ 

ဦးဘတင်နဲ့ဒေါ်ခရုတဲ့။ ရွာမှာ ဆွေတကောင်းမျိုးတဖဲ့မှ မရှိဘူးဆိုပေမယ့်လည်း အားလုံးက ခင်ရာဆွေမျိုးမိန်ရာဟင်းကောင်းကိုး။ အခုတော့ တစ်ရွာလုံးက ဆွေမျိုးတွေပါပဲ။ အဲဒါ ရွာကအိမ်နီးနားချင်းတွေကို အိမ်လေးကို 

ကြည့်ပေးပါဆိုပြီးခဏအပ်၊ တံခါးပိတ်ပြီး လိုက်သွားကြတယ်။ ဒီလိုနဲ့ စည်ပါရွာကို နောက်တစ်ခေါက် ပြန်လိုက်သွားကြတယ်။

ဟိုရောက်တော့ အမေက ဦးအောင်ဒွန်း၊ ဒေါ်မှတ်တို့အိမ်ကြီးမှာ မတည်းဘူး။ ဒေါ်မှတ်တို့အိမ်ကြီးက အလွန်ကြီးပါတယ်။ ခြံကြီးရဲ့ ဧက ကလဲ တော်တော်ကျယ်ပါတယ်။ မီးဖိုခန်းကတောင် သူများအိမ်တစ်လုံးစာလောက် ရှိပါတယ်။ 

အဲဒီလောက်ထိ အိမ်ကြီးက ကျယ်တာပါ။ ရွာထဲကလူတွေကလည်း ဦးအောင်ဒွန်း၊ ဒေါ်မှတ်ဆိုရင် ရဟန်းဒါကာ၊ ရဟန်းဒါယိကာမကြီးဆိုပြီး အင်မတန် လေးစားပါတယ်။ ဒါပေမယ့် အဲဒီအိမ်မှာ မအေးစိန်တို့မတည်းဘူး။ ဒေါ်ချူးတို့ 

အိမ်မှာပဲ တည်းမယ်ဆိုတော့ အဖေက တည်းပါ၊ မင်းတို့အဆင်ပြေရင် ပြီးတာပါပဲလို့ပြောတယ်။ အဲဒါနဲ့ အဘွားရယ်၊ အမေရယ်၊ ကျုပ်ရယ်က ကိုမူတူးနဲ့ မချူးအိမ်မှာတည်းတယ်။ 

မအေးစိန်က မောင်ဓနနဲ့ လက်မထပ်ခင်က သူ့ရဲ့အသားအရည်လေးဟာ ဖြူဖွေးပြီးနုဖက်နေတာ။ ဆည်ပါကိုလည်းရောက်ကော မလုပ်ဖူးခဲ့တဲ့ အလုပ်ကြမ်းတွေ လုပ်ရတော့ အသားအရေတွေက နေလောင်ထိပြီး ညစ်နွမ်းခဲ့တယ်။ 

ငွေကလဲလည်း လက်ထဲမှာ မရှိသလောက်နီးပါးဖြစ်နေခဲ့တော့ ဆင်းရဲတဲ့ ပုံစံက သိသာနေခဲ့တယ်။ အခုတော့ သူလုပ်ချင်တဲ့အလုပ်ဖြစ်တဲ့ ကျောင်းဆရာမလဲဖြစ်ရော အရိပ်ထဲမှာပဲ နေရပြီး၊ ပင်ပန်းဆင်းရဲမှုကလည်း နတ္ထိ၊ 

စိတ်ချမ်းသာစွာနဲ့ ပြန်နေခဲ့ရတော့ အသားအရေကလည်း ပြန်ပြီး ဖြူဖွေးပြီးဝင်းလာတယ်။ ရုပ်ဆင်းအင်္ဂါလေးကလည်း ရှေးကထက်ပိုပြီးတော့ ဥပဓိရုပ်ကောင်းလာခဲ့တယ်။ မောင်သိန်းကလည်း ပြန်သွားစဉ်ကာလက နှစ်နှစ်နဲ့ 

ရှစ်လသားပဲရှိသေးတာ။ အခုကျတော့ သုံးနှစ်ခွဲသားဖြစ်လာပြီ။ အဲဒီလိုအချိန်မျိုးကျမှ ပြန်တွေ့ရတော့ တစ်ရွာလုံးက အရေးပေးကြတယ်။ အလှူပွဲကြီးကလည်း တစ်ရွာလုံး ချိမ့်ချိမ့်သဲပါပဲ။ အကြီးအကျယ်လုပ်တာပါ။ ရှင်လောင်းလှည့်တော့ 

ဝေါနဲ့ထမ်းပြီး လှည့်ကြတယ်။ ရွာလယ်ကောင် နတ်စင်မှာ နတ်ကန်တော့ခိုင်းတော့ သုံးနှစ်ခွဲသား မောင်သိန်းက ဘယ်လိုလဲမသိဘူး။ နတ်ကို ရှိမခိုးနိုင်ပါဘူး လုပ်တယ်။ မောင်စီမောင်ကတော့ ကန်တော့တယ်။ မောင်သိန်းက မရှိခိုးပါဘူး။ 

ဘယ်သူ့ရှိခိုးရမှာလဲဆိုတော့ နတ်ကို ရှိခိုးရမှာလို့ရွာက လူတွေက ပြောတယ်။ ဘယ်မှာလဲ နတ်ဆိုတော့ အဲဒီစင်ထဲမှာလေနတ်က။ မရှိပါဘူး နတ်စင်ထဲမှာ ဘယ်သူမှမရှိဘူး၊ အရုပ်ကြီးပဲ ရှိတယ်လို့ မောင်သိန်းကပြောတယ်။ 

သုံးနှစ်ခွဲသားကလေးတစ်ယောက်က နတ်ကို ရှိမခိုးနိုင်ပါဘူး။ မကန်တော့နိုင်ပါဘူးဆိုတော့ ပြဿနာတတ်လာတယ်။  သူ့အမေ မအေးစိန်ရယ်၊ အဘွားခ တို့ ၀ိုင်းပြောတော့လည်း အင်တင်တင်လုပ်နေတယ်။ အဲဒါနဲ့ နောက်ဆုံး 

သူအရမ်းချစ်တဲ့ အစ်ကိုလို့ သူခေါ်တဲ့ သူ့အဖေမောင်ဓနကို ပြောခိုင်းရင်တော့ သေချာပေါက် ရမှာပဲဆိုတာ အဘွားခက သိတော့ မောင်ဓနလည်းရောက်လာရော ပြောခိုင်းရတယ်။ အဲဒါနဲ့ မောင်ဓနလည်း သူ့သားကို ရှိခိုးရအောင်၊ 

အစ်ကိုလည်း ရှိခိုးမယ်ဆိုတော့မှ အဲဒီကျမှ သူ့အဖေနဲ့အတူ ရှိခိုးတယ်။ အဲဒီမှာ ရွာရဲ့အနောက်ဘက်ကကျောင်း၊ အဲဒီက ရဟန်းတော်ကြီးက ဦးဘိုရီတဲ့။ အဲဒီကျောင်းမှာ ရှင်သာမဏေလုပ်တယ်။ ရှင်သာမဏေလုပ်ရင် 

ညစာမစားရဘူးလို့ပြောတော့ မောင်သိန်း ညစာမစားဘူး။ အခြားရဟန်းတွေ၊ သာမဏေတွေလို သူလည်းမစားဘူး။ တစ်ရက်လဲ မစားဘူး။ နှစ်ရက်လဲ မစားဘူး။ တတိယမြောက်နေ့ကျတော့ ပြန်ဖို့ခရီးက ရှိသေးတယ်မဟုတ်လား။ အဲဒါနဲ့ 

မောင်သိန်းကို ကိုရင်လူထွက်ခိုင်းပြီးတော့ ဘေးဖြစ်တဲ့ ဦးအောင်ဒွန်းနဲ့ ဒေါ်မှတ်တို့ကို သွားကန်တော့ခိုင်းတယ်။ အမေနဲ့ အဘွားခကတော့ မလိုက်ဘူး။ ဒေါ်မှတ်တို့ကလဲ မုန့်ဖိုး၊ သရေစာဖိုးလေးတွေ ပြန်ပေးလိုက်တယ်။

အဲဒီလိုနဲ့ တောင်ပိုင်းကို ပြန်လာတော့ မောင်ဓနပါ ပြန်လိုက်လာတယ်။ မောင်ဓနပါ လိုက်လာပြီးတော့ အိမ်ကလေးက မပြီးသေးဘူးဆိုတော့ သူက လက်သမားပညာလဲတတ်တော့ ဦးဆောင်ပြီး လက်သမားတွေနဲ့အတူ သူပြီးအောင် 

ဆောက်ပေးတယ်။ သားအဖနှစ်ယောက်ကလည်း အမြဲတတွဲတွဲနဲ့။ မောင်ဓနက သူ့သားကို ဂုတ်ပေါ်တင်ပြီး တစ်ရွာလုံးလှည့်ပြီးလျှောက်သွားတယ်။ တစ်ရွာလုံးကလဲ ကိုဓန ကိုဓနနဲ့ ဟိုအိမ်ကခေါ်၊ ဒီအိမ်ကခေါ်နဲ့ ခင်ကြတယ်။ ရွာက 

သာရေး၊ နာရေး မှန်သမျှလဲ သူသွားတယ်။ အဲဒီလိုနဲ့ အိမ်ကလေးပြီးသွားတော့ မောင်ဓနနဲ့ မအေးစိန်က စည်ပါကိစ္စ၊ ထန်းပုကိစ္စ ပြောကြတယ်။ သမီးကလဲ ထန်းပုမှာပဲနေပါ။ ထမင်းစားပွဲရှေ့အရောက်ကျွေးပါရစေလို့ပြောတယ်။ 

မောင်ဓနကလဲ ဆည်ပါမှာ နေပါ။ အရင်တုန်းကနဲ့ ပြောင်းပြန်ဖြစ်စေရပါ့မယ်ပေါ့။ မောင်ဓနက သူ့မိခင် ဒေါ်အေးစိန့်က မုဆိုးမကိုး။ သူ့ဖခင် ဦးတီဆိုတာက အလုပ်တွေ အရမ်းလုပ်လွန်းလို့ ပင်ပန်းပြီးဆုံးသွားတာ။ သူက 

နှလုံးရောဂါကလည်း ရှိတော့ အမောဖောက်သွားတာနဲ့ တူပါတယ်။ အဲဒီတော့ သူကလဲ မုဆိုးမ သူ့အမေကို ပစ်မထားနိုင်ဘူး။ ဆွေတွေမျိုးတွေကလည်း စည်ပါမှာက တစ်ရွာလုံးနီးပါးလေ။ အဲဒါကြောင့် သူက ဟိုမှာပဲနေမယ်။ 

မအေးစိန်ကလဲ ဒီမှာပဲနေမယ်။ တစ်နေ့တစ်နေ့ ဒါတွေပဲ ပြောဖြစ်လာတယ်။ မအေးစိန်ကလည်း စကားနည်းရန်ဆဲဆိုတဲ့အတိုင်း " နောက်မှပြောကြတာပေါ့။ ကိုရင်ပြန်ဖို့ကလည်း ရှိသေးတယ်မို့လား။ ကျုပ် ဘက်က 

ကတိပေးနိုင်တာကတော့ ကျုပ်နောက်အိမ်ထောင်မပြုပါဘူး။ သစ္စာရှိပါ့မယ်။ ကိုရင်သာ ပြန်လာခဲ့ပါ လို့ပြောတယ်။ မောင်ဓနကတော့ ကိုရင်ကြီးလူထွက် စကားကလည်း သိပ်မကြွယ်တော့ ဟိုကိုသာ လိုက်ခဲ့ပါလို့ပဲ တတွတ်တွတ် 

ပြောနေတယ်။ အဲဒီလိုနဲ့ မောင်ဓန စည်ပါ ပြန်သွားခဲ့တယ်။ မောင်ဓနပြန်တော့ ရွာကလည်း ထန်းလျှက်တို့၊ ဆီးဆုပ်တို့ ပေါက်ပေါက်ဆုပ်တို့ အမျိုးစုံ ထန်းထွက်ပစ္စည်းတွေ ပေးကြတယ်။ မောင်သိန်းက 

အဖေပြန်တော့မယ်ဆိုတာလဲသိရော ထမင်းမစား ဟင်းမစားဖြစ်ပါလေရော။ အဲဒီမှာ ပြန်ရခက်၊ မပြန်ရခက်ဖြစ်ရော။ နောက်ဆုံးမှာ အဖေပြန်လာခဲ့ပါ့မယ်ဆိုပြီး မောင်ဓန မပြန်မဖြစ်လို့ ပြန်သွားခဲ့ရတယ်။ ဟိုမှာလည်း လုပ်ငန်းတွေက 

ထားခဲ့ရတာကိုး။
အဲဒီလို မောင်ဓနပြန်သွားတဲ့ နေ့ကစပြီး ခက်တာက မောင်သိန်းက ထမင်းစားပါဆိုရင် သူ့အမေကိုကြောက်လို့သာ နည်းနည်းလေးပဲစားတယ်။ ကျုပ်က ချော့မော့ပြီးတော့ ခွံ့ကျွေးရင်လည်း နည်းနည်းချင်းပဲစားတယ်။ မုန့်ကျွေးတော့လဲ 

မစားဘူး။ 

ဒုတိယကမ္ဘာစစ်ကြီးဖြစ်တော့မယ်ဆိုတော့ တစ်ရပ်တစ်ရွာလုံးက အေးကျင်းတွေ၊ ဗုံးကျင်းတွေ တူးကုန်ကြပြီ။ ဗုံးဒဏ်က လွတ်အောင်။ အဲဒီကျင်းထဲမှာ ပုန်းခိုဖို့အတွက် တူးကြပြီ။ စစ်ရိပ်စစ်ငွေ့တွေကလဲ သန်း၊ မောင်ဓနနဲ့ မအေးစိန်တို့ 

လွန်ဆွဲပွဲကလဲ ခပ်ကြမ်းကြမ်းပဲ။ သားလေး မောင်သိန်းကလဲ နေသားကျတော့မယ်ဆိုမှ သူ့ဖခင်က ပြန်ပေါ်လာပြီး အခုဖြုတ်ခနဲ ပြန်ပျောက်သွားတော့ သူ့ခမျာ အရင်တုန်းကလိုပဲ သူ့အဖေကိုလမ်းတသသ၊ တမှန်းဆဆနဲ့ 

ကျန်ရစ်ခဲ့ရရှာပြန်ရော။ အဲဒီလိုနဲ့ ဘ၀သံသရာကြီးဟာ တ၀ဲလည်လည်နဲ့ လူ့ဘ၀တွေဆိုတာ ပျော်စရာတွေထက် လွမ်းစရာတွေအများကြီးပါပဲ။ လွမ်းစရာကို နာစရာနဲ့ဖြေရတယ်။ နာစရာကို လွမ်းစရာနဲ့ ဖြေရတယ်ဆိုတဲ့ စကားလိုပါပဲ။ 

မောင်သိန်းမပြောနဲ့ ကျုပ်တောင် ကျုပ်သားမက်ကလေးကို လွမ်းတာပဲ။ ဇာတ်ထုတ်ကတော့ တကယ်ပြောရရင် အလွမ်းဇာတ်ထုတ်ပါပဲ။

အပိုင်း (၈)

တစ်နိုင်ငံလုံးပဲ ဖြစ်မှာပါ။ ကျုပ်တို့ ထန်းပုရွာမှာတော့ သတင်းတွေက ဂျပန်စစ်တပ်ကြီး ချီတက်လာပြီ။ မြန်မာပြည်ကို ကယ်တင်တော့မယ်။ နေမင်းနဲ့တူတဲ့ တပ်တော်ကြီးချီတက်လာပြီ။ အဲဒီတပ်တော်ကြီးကို ဦးဆောင်လာသူကတော့ 

ဗိုလ်ချုပ်အောင်ဆန်းပဲ။ ဗိုလ်ချုပ်အောင်ဆန်းဆိုတာ သိပ်ကြည်ညိုစရာကောင်းပြီး လေးစားစရာကောင်းတာပဲလို့ လူတိုင်းလူတိုင်းက နှုတ်ဖျားမှာ ဗိုလ်ချုပ်အောင်ဆန်းဆိုတဲ့ နာမည်ကိုပဲ ပြောနေကြတယ်။ တစ်ရွာလုံးပဲဆိုပါတော့။

ဂျပန်ကို အဲဒီတုန်းကတော့ ဂျပန်လို့မခေါ်ဘူး။ နီပွန်တဲ့။ နီပွန်တပ်ကြီးချီတက်လာပြီ။ ဗိုလ်ချုပ်အောင်ဆန်းက နီပွန်တပ်ကြီးနဲ့ပေါင်းပြီး မြန်မာပြည်ကြီးကို ကယ်တင်တော့မယ်တဲ့။ မြန်မာ့တပ်မတော်ကြီးလဲ ဖွဲ့ပြီးပြီတဲ့။ မြန်မာ့တပ်မတော်က 

တပ်မတော်သားတွေကလဲ ဘန်ကောက်မှာ ရဲဘော်သုံးကျိတ်ဆိုပဲ။ သွေးသောက်ရဲဘော်တွေတဲ့။ မြန်မာနိုင်ငံတော်ကြီး တိုးတက်တော့မယ်။ အောင်မြင်တော့မယ်။ အင်္ဂလိပ်တွေကို အလွန်ခွန်အားကြီးတဲ့ နီပွန်တွေက တိုက်တော့မယ်။ 

အင်္ဂလိပ်တွေလဲ ပြေးကြပြီ။ ဟိုးစစ်ကိုင်းတံတားကြီးတောင်မှ ရန်သူတွေအကူးအသန်းအသွားအလာမရှိအောင် ဖြတ်ထားခဲ့တယ်။ ရေနံတွင်းတွေကိုတောင် အင်္ဂလိပ်တွေလာပြီးတော့ ပိတ်ထားခဲ့တာတဲ့။ အဲဒီလို မစားရတဲ့ အမဲ 

သဲနဲ့ပက်ခဲ့ကြတယ်ဆိုပါတော့လေ။ အဲဒီလို သတင်းတွေကလဲ ဝေလို့ဆာလို့။ 

အဲဒီလိုနဲ့ ရွာမှာ ပုန်းကျင်းမတူးမနေရဆိုပြီး ရပ်ရွာကသူကြီး ကိုစံဖေကလဲ အိမ်တိုင်းစေ့ ပုန်းကျင်းတွေကို သေသေချာချာလုပ်ထားရဲ့လားလို့ သူကိုယ်တိုင်ဆင်းပြီးကြည့်တယ်။ ပုန်းကျင်းလုပ်ပုံကတော့ တွင်းကြီးအကျယ်ကြီး တူးတယ်။ 

အဲဒီ တွင်းကြီးပေါ်မှာ ထန်းသားခြမ်းတွေကိုတင်၊ အဲဒီပေါ်မှာမှ ရွှံဖန့်ဖန့်တွေကို ထန်းသားခြမ်းတွေကြားမှာ သေသေချာချာ ဆို့ပိတ်တယ်။ ပြီးတော့ အပေါ်က မြေဖုံးထားတယ်။ အပြင်ဘက်ကကြည့်လိုက်ရင် မြေပြင်ပဲ။ 

အဲဒီအပေါ်ကလျှောက်သွားလဲ ပြဿနာမရှိဘူး။ မြေပြင်ကမြေပြင်ပဲ။ အဲဒီအထဲကို ၀င်တဲ့ကျင်းရှိတယ်။ ၀င်တဲ့ကျင်းကိုတော့ အဖုံးလေးနဲ့ ဖုံးထားတယ်။ အဲဒီအဖုံးလေးကိုတော့ ပတ္တာတွေနဲ့တော့မဟုတ်ဘူး။ 

လက်နဲ့ပဲအတွန်းအရွှေ့လုပ်ကြတယ်။ ရွာနီးချုပ်စပ်ဖြစ်တဲ့ ထန်းစင်တို့၊ ဒင်္ဂါးတို့၊ ခံကုန်းတို့၊ နတ်စက်တို့၊ မယ်ဇလီကန်တို့၊ အုပ်ရှစ်ပြားတို့ စတဲ့ ရွာအကုန်လုံးမှာလဲ အဲဒီလိုပဲ ပုန်းကျင်းတွေ တူးကြရတယ်။ 
အင်္ဂလိပ်တွေက မြန်မာနိုင်ငံမှာ အုပ်စိုးလာကြတာ နှစ်ပေါင်းတစ်ရာကျော်ပြီပေါ့။ သူတို့က နီပွန်တွေကို ကြောက်တယ်ဆိုပဲ။ သူတို့တွေ အကုန်လုံး မှီရာကားနဲ့၊ မှီရာရထားနဲ့ ဟိုးဘက် အိန္ဒိယကိုသွားတယ်။ အဲဒီက ဆင်းမလားမြို့မှာ 

စစ်ပြေးအစိုးရရယ်လို့ ဖွဲ့ထားသတဲ့။  ကျုပ်တို့က အင်္ဂလိပ်ကို သိပ်အထင်ကြီးတာ။ အင်္ဂလိပ်အုပ်ချုပ်တာလေးက တယ်သိမ်မွေ့သကိုး။ အင်္ဂလိပ်ကို အထင်ကြီးပေမယ့် အင်္ဂလိပ်တွေက မြန်မာပြည်ကို ကျွန်ပြုတယ်။ နီပွန်တွေကတော့ 

မြန်မာနိုင်ငံကို လွတ်လပ်ရေးပေးတော့မှာပေါ့။ အဲဒီလိုနဲ့ မျှော်လိုက်ကြရတာ။ 

လာပါပြီ။ တာဝတိံသာ (သို့) သရက်တောကျောင်းတိုက်ရဲ့ လေးငါးဧကလောက်ကျယ်တဲ့ ကျောင်းဝင်းကြီးထဲမှာ ဂျပန်တွေလာပြီး တပ်ဆွဲကြတယ်။ ရွာကလူတွေကလဲ ထွက်ကြည့်ကြ၊ ကြိုကြ၊ လက်ခုပ်လက်ဝါးတီးကြပေါ့လေ။ 

ပြောရဦးမယ်။ ဒါကတော့ အများနဲ့တော့ ဆန့်ကျင်နေမှာပေါ့နော်။ ဒါပေမယ့် အမှန်တရားကို အမှန်တရားအတိုင်းတော့ ပြောပါရစေ။  အဲဒီ ဂျပန်တွေက အများတကာ ပြောကြတဲ့၊ အောက်ပြည်အောက်ရွာမှာ ဖြစ်ကြတဲ့ (၁) ရိုက်တယ်၊ 

နှက်တယ်၊ နှိပ်စက်တယ်၊ ညှင်းပန်းတယ်၊ (၂) အိမ်က ကြက်တွေဘာတွေ သက်စားတယ်။ (၃) မိန်းမပျိုလေးတွေကို မတော်မတရားစော်ကားတယ်။ (၄) လူငယ်တွေကို ချွေးတပ်စွဲတယ်။ အဲဒီအပြင် ရွာကိုလဲ 

ရက်ရက်စစ်စက်အုပ်ချုပ်တယ်။ လူတွေလဲ သက်တယ်ပေါ့။ ကင်ပေတိုင်ရုံးဆိုတာ တကယ်နှိပ်စက်ရာမှာ ကမ္ဘာကျော်တဲ့ရုံးဆိုပြီး အဲဒီလိုတွေ ပြောကြတယ်။ 

ဒါပေမယ့် ကျုပ်တို့ ထန်းပုရွာမှာတော့ ဂျပန်တွေက ထန်းလျက်အိုးမွှေတဲ့နေရာကိုတောင် ခွင့်တောင်းပြီး ၀င်လာတယ်။ ၀င်လာပြီး ပန်းကန်လေးနဲ့ ထန်းလျက်ပူခံတယ်။ အဲဒါကို ဂျပန်တွေ သိပ်ကြိုက်တာ။ အဲဒါကို သူတို့ ဂျပန် 

ပိုက်ဆံပေးတယ်။ ၅ ကျပ်၊ ၁၀၀၊ ၂၀၀ နဲ့ သိပ်ကိုရက်ရောတာပဲ။ ရပ်သူရွာသားတွေကိုလဲ တစ်ခါမှ မရိုက်ဘူး၊ မအော်ဖူးဘူး၊ မငေါက်ဖူးဘူး။ သတ်ဖို့ဆိုတာ ဝေလာဝေး။ ဂျပန်တစ်ယောက်က ပန်းကန်တွေပိုက်လာရင်းနဲ့ ချော်လဲလို့ 

ပန်းကန်တွေကွဲကုန်လို့ အဲဒီဂျပန်ကို သူ့ရဲ့စစ်ဗိုလ်က ရိုက်တာတော့ မြင်ဖူးတယ်။ အဲဒါလဲ ဒီတစ်ခါပဲ။ တောင်ဇရပ်ပေါ်မှာ သူတို့ပွဲတော်တွေ ကျင်းပတယ်။ ၀ါးလုံး၊ ၀ါးခြမ်းတွေပါတယ်။ အဲဒီ ၀ါးလုံး၊ ၀ါးခြမ်းတွေပေါ်မှာ ဆေးအနက်တွေ 

ရေးပြီးတော့ ကျင်းပတယ်။ 
မြေးကလေးက ကိုရင်ဝတ်ချင်တယ်ဆိုလို့ ကိုရင်ဝတ်ပေးလိုက်ရတယ်။ ကိုရင်ဝတ်ပေးထားတုန်း ဂျပန်တွေက သူ့ကို ဂျပန်စကားပြောသင်ပေးတယ်။ ဒါတင်မကဘူး။ ဂျပန်သီချင်းဆိုတာပါ သင်ပေးတယ်။ ဒါပေမယ့် ဂျပန်တွေက 

အရှက်တော့မရှိဘူး။ ကျောင်းမှာ မြောင်းကြီးတွေတူးပြီး အဲဒီအပေါ်မှာ တန်းတွေတင်ပြီး အကာမလုပ်ဘဲ ပြောင်ပဲ အိပ်သာတတ်ကြတယ်။  ရေတွင်းမှာ ရေချိုးပြီဆိုရင်လဲ သူတို့ရေချိုးနေတုန်း ရပ်သူရွာသားတွေ ဘယ်သူမှ မလာကြဘူး။ 

ဘာလို့လဲဆိုတော့ သူတို့က အ၀တ်မပါ ဗလာကိုယ်တီးကိုး။ တစ်နေ့ကြတော့ မြေးကလေး မောင်သိန်းက သီချင်းဆိုရာတာ ကိုရင်နဲ့မလိုက်ဘူး။ လူထွက်မယ်ပေါ့။ အဲဒီမှာ မောင်သိန်းကို သိပ်ချစ်တဲ့ ဂျပန်တစ်ယောက်ရှိတယ်။ နာမည်က 

အေးရှန်တဲ့။ အဲဒီဂျပန်က အိမ်လိုက်လိုက်လာတယ်။ တစ်ခုလိုညကျတော့ မောင်သိန်းကို ကျောင်းခေါ်တယ်။ ကျောင်းခေါ်ပြီးတော့ မောင်သိန်းကိုမေးတယ်။ မင်းမှာ ထည့်စရာ တောင်းတို့၊ ပုံးတို့ရှိလားတဲ့။ မောင်သိန်းက ရှိတယ်တဲ့။ 

အဲဒီဘုန်းကြီးကျောင်းမှာ မောင်သိန်းကိုရင်ဝတ်တုန်းက ကျန်ခဲ့တဲ့ သစ်စေးဖာလေးရှိတယ်။ အဲဒါလေးကို အေးရှန်ကို ပေးလိုက်တယ်။ အေးရှန်က အဲဒါလေးယူပြီး တစ်အောင့်လောက်ကြာတော့ အဲဒီဖာလေး ပြန်ပေးတယ်။ ဖာလေးက 

အလေးကြီးဖြစ်သွားတယ်။ အေးရှန်က ဒီညတော့ ကျောင်းမှာပဲ အိပ်လိုက်တော့တဲ့။ ဒါလေးကို ဘယ်သူမှမမြင်အောင် ယူသွားဆိုလို့ ကျောင်းပေါ်တက်ပြီး ကိုယ့်အခန်းထဲရောက်မှ အဲဒါလေးကို ဖွင့်ကြည့်လိုက်တော့ အထဲမှာ 

ဂျပန်ငွေစက္ကူတွေ အဲဒီ ဖာနဲ့တစ်လုံးအပြည့်ပဲ။ 

အေးရှန် ဒီလိုပေးနေတုန်းမှာ ထူးခြားချက်က သူ့မျက်နှာက ညို့မှိုင်းနေတာပဲ။ အေးရှန်ရဲ့အမူအရာတွေက ထူးခြားနေတယ်။ အရင်တုန်းကဆိုရင် သွက်လက်နေတာပဲ။ ပြုံးရွှင်ပြီး ရယ်လိုက်မောလိုက်၊ စလိုက်နဲ့။ အခုတော့  

သူ့ရဲ့အမူအရာတွေက ထူးခြားနေတယ်။ မောင်သိန်းက ပြန်လာပြီး ပြောပြတယ်။ သူအခုလို ပိုက်ဆံတွေ အများကြီး တစ်ခါမှ မမြင်ဖူးဘူး ၀မ်းသာလိုက်တာ အမေခရယ်ဆိုပြီး မောင်သိန်းက ပြန်ပြောလို့သာ သိရတယ်။ အေးရှန်က 

မောင်သိန်းကို အရမ်းချစ်တာ။ မနက်ခင်း အရင်တုန်းကဆိုရင် သူတို့အသံတွေကြီးပဲ ဆူဆူညံညံနဲ့။ ဒီနေ့ကြတော့ ဘာအသံမှ မကြားရဘူး။ ဘာများဖြစ်တာပါလိမ့်ပေါ့။ အောက်ဆင်းကြည့်တော့လဲ ဘယ်သူမှ မရှိဘူး။ ဂျပန်ဆိုလို့ 

တစ်ယောက်မှကို မရှိတော့တာပါ။ သူတို့စီးတဲ့ လှည်းတို့ သူတို့စီးတဲ့ ဖိနပ်တို့ဆိုတာတွေလဲ မတွေ့တော့ပါဘူး။ ကျောင်းထဲကို သွားကြည့်တော့လဲ မတွေ့ဘူး။ အဲဒါနဲ့ အပေါ်တက်ကြည့်၊ ဇရပ်သွားကြည့်တယ်။ ဘယ်နေရာမှာမှ 

မတွေ့တော့ပါဘူး။ ကိုရွှေဂျပန်တို့ တပ်ကို ဆက်လက်ပဲ ချီတက်သွားကြတာလား။ တပ်ပျက်သွားတာလား။ တပ်ပဲဆုတ်သွားတာလား။ မသိနိုင်တော့ပါဘူး။ 

မောင်ဓနကတော့ စစ်အတွင်းမှာ တာဝန်ကျေပွန်ရှာတယ်။ ကျည်ဆံကြို ကျည်ဆံကြားကနေ ဟိုးမြောက်ဘက် စည်ပါရွာကနေ ထန်းပုရွာလာပြန်တယ်။ ထန်းပုရွာလာပြန်တော့ သူတို့သားအဖနှစ်ယောက် ချစ်နေလိုက်ကြတာ။ သွားအတူ၊ 

စားအတူ တစ်ရွာလုံးကို သားအဖနှစ်ယောက် လျှောက်သွားကြတယ်။ တစ်ရွာလုံးကလဲ ကိုဓန ကိုဓန နဲ့ ခင်ကြတာကိုး။ အဲဒီလို နေရင်းနဲ့ မောင်ဓနက အမေခရယ် စစ်ကြီးကလဲ ဖြစ်နေတယ်။ ဒီကိုလာတုန်းကလဲ လမ်းမှာ တိုက်ပွဲတွေ 

တွေ့ခဲ့သေးတယ်။ အသက်လုပြီး လာခဲ့ရတာ။ ဟိုမှာကလဲ အမေရယ်၊ အဘွားတို့၊ အဘိုးတို့၊ ဦးလေးတို့၊ တူ၊ တူမတွေ ကျန်ခဲ့သေးတယ်။ ဒါကြောင့် ရွာပြန်ပါရစေဦးဆိုပြီးတော့ ရွာပြန်သွားတယ်။ သူ့ဇနီးမအေးစိန်ကိုတော့ 

အကြိမ်ကြိမ်ခေါ်ပါတယ်။ မအေးစိန်က စစ်ကြီးကလဲ ဖြစ်နေတယ်။ ပစ္စည်းတွေကလဲ ရွှေ့ဖို့မလွယ်ဘူး။ အဲဒါကြောင့် မလိုက်ဘူးလို့ အကြောင်းပြပါတယ်။ သူကတော့ စည်ပါကို မလိုက်တော့ဘူးလို့ သူ့စိတ်ထဲမှာ 

ရာသက်ပန်ဆုံးဖြတ်ချက်ချထားပြီးပါပြီ။ အဲဒီလိုနဲ့ မောင်ဓနလဲ မြောက်ဘက် စည်ပါရွာ ပြန်သွားပြန်ပါတယ်။ မောင်သိန်းလဲ ဘာလိုလိုနဲ့ အသက်က ၆ နှစ်ထဲ ရောက်လာပြီ။ အခုထက်ထိ အဖေပြန်လို့ ၀မ်းနည်းရတဲ့ ဒုက္ခ၊ အဖေလာလို့ 

ပျော်ရတဲ့ သုခ။ သူ့ခမျာ ဒုက္ခနဲ့ သုခဘုံ ကို ရက်ကန်းရက်သလို အပြန်အလှန်ဖြစ်နေရရှာတော့တာပဲ။ မြေးကလေး ငယ်ငယ်ရွယ်ရွယ်နဲ့ လောကဓံရဲ့ မုန်တိုင်း ကစုန်ဆိုင်းတဲ့ ဒဏ်ကို ခံနေရရှာတယ်။ မောင်ဓန ပြန်သွားတဲ့ နေ့ဆိုရင် 

မောင်သိန်းက ထမင်းတောင်မစားဘူး။ ကျွေးလို့လဲ မရဘူး။ စကား တစ်ခွန်းမှလဲ မပြောဘူး။ သူ့မျက်နှာလေးက လွမ်းနေတဲ့ မျက်နှာ၊ ၀မ်းနည်းနေတဲ့ မျက်နှာ။ သူ့ခမျာ ကျိတ်မှိတ်ပြီး ခံစားနေရတာ။ ကျုပ်ဖြင့် 

ကြည့်တောင်မကြည့်ရက်ပါဘူး။ အဲဒါကြောင့် သူအင်မတန်ကြိုက်တဲ့ ပုံပြင်လေးတွေကို လက်ဖက်နံ့သင်းတဲ့ ခံတွင်းလေးနဲ့  ပြောပြရတယ်။

 

အပိုင်း (၉)

အဲဒီလို သူစိတ်ကျေနပ်အောင် ညအိပ်ရာဝင်ရင် သူအလွန်ကြိုက်တဲ့၊ မထွေးပုံပြင်၊ လင်းမြွေကြီးပုံပြင်၊ တစ်ပတ်လျော့လိုက်ပါဦး၊ နှစ်ပတ်လျော့လိုက်ပါဦး ဆိုတဲ့ မြွေကြီးဇာတ်လမ်းတွေကို ပြောပြရင်း ကလေးကို သူ့အဖေ လွမ်းတဲ့ 

အလွမ်းတွေ ပြေပျောက်ပါစေတော့လို့ ဆုတောင်းမိတယ်။ အဲဒီအချိန်မှာပဲ အကုန်လုံး အံ့သြ၀မ်းသာရတဲ့ အဖြစ်က မအေးစိန်မှာ ကိုယ်လေးလက်ဝန်ရှိနေပြီ။ ကျွန်မကတော့ ပျော်လိုက်တာ။ မအေးစိန်ကတော့ ပျော်တစ်ဝက် 

မပျော်တစ်ဝက်ပေါ့။ ကလေးကို သားလေးလား သမီးလေးလား မသိသေးဘဲ  ဖွားမြောက်သန့်စင်တဲ့အခါ ကိုယ်လက်အင်္ဂါစုံပါစေ၊ အသားအရေကောင်းခြင်းနဲ့ ပြည့်စုံပါစေ၊ ဒီကလေးမှာ ဥာဏ်ပညာလည်း ထက်မြက်ပါစေလို့ ကျုပ်ရော 

မအေးစိန်ရော ဆုတောင်းကြတာပေါ့လေ။ မအေးစိန်က ကလေးကိုလွယ်ထားရတာ ပျော်ပေမယ့် တစ်ခါတစ်ခါ မလိုချင်သလို ဖြစ်နေပြန်တယ်။  

ဒါပေမယ့်လို့ မျက်နှာမောင်နှံ တူစံလက်ရာ၊ စွဲလှသန္ဓေ၊ နေသည့်ကာလ၊ ထကြွနေနေ၊ ကိုယ်ရေးကိုယ်ထွက်၊ ဆယ်ဆတက်၍ သက်သက်ကျင့်သား၊ မောင့်ကိုသာလျှင်၊ ချမ်းသာစေကြောင်း၊ လက်ဆယ်ချောင်းကို၊ ခေါင်းမှာရွက်တင်၊ 

မျက်နှာမြင်လျက်၊ ရွှေစင်အလား၊ သားယောက်ျားကို၊ ငါ့သားဖြစ်လို၊ တောင်းဆုဆို၍၊  ညကိုရေချမ်း၊ နေ့ကို ဆွမ်းနှင့်၊ ဖြန့်မွန်းတုလွတ်၊ သုံးလူ့နတ်ဝယ် မြင့်မြတ်ပူဇော်၊ ဂုဏ်ရည်တည်းလို့ ရွာရဲ့ တောင်ဘက်က ဆားထုံးရွာ စာဆိုတော် 

ဆရာတော်ဘုရားကြီးရဲ့ ပုတ္တောဝါဒပျို့မှာ ဖွင့်ဆိုခဲ့သလိုပါပဲ။ 
အဲဒီလိုနဲ့ သားလေးဖွားမြောက်သန့်စင်လာတယ်။ အဲဒီသားလေးရဲ့ အသားအရေကလဲ ၀င်းနေတာပဲ။ မောင်ဓနနဲ့လဲ ချွတ်စွတ်တူတယ်။ မတူတာက အသားအရေပဲ မတူတာ။ မောင်ဓနက အသားညိုတယ်။ ဒီကလေးလေးက 

အသားအရေကို ၀င်းနေတာပဲ။ အသားအရေနဲ့ ဥာဏ်ပညာကတော့ သူ့အမေနဲ့တူတယ်။ 

ဒီလိုနဲ့ ရွာမှာ ယားနာတွေ ပေါက်ကြပြီး စစ်ကြီးဖြစ်နေကြတော့ ဘာဆေးမှ ၀ယ်လို့မရနဲ့ ဒုက္ခကို အကြီးကြီးရောက်ကြတယ်။ လူတိုင်းလူတိုင်း အိမ်တိုင်းအိမ်တိုင်းမှာ ဂျပိုးတွေ၊ သန်းတွေနဲ့။ အ၀တ်အထည်တွေကလဲ ၀တ်စရာမရှိ။ 

ဝယ်စရာလည်း ပိုက်ဆံက မရှိ။ စစ်ကြီးဖြစ်နေတော့ လခလဲ မရဘူး။ လခပေးတဲ့ အစိုးရတောင် ဆင်းမလားထိတောင် ပြေးပြီပဲ။ အဲဒီတော့ လခထုတ်ပေးမယ့်သူမရှိတော့။ အိမ်မှာလဲ ဆင်းရဲမွဲတေနေတာ။ အရင်လတွေက  စုခဲ့မိလို့သာ 

အထိုက်အလျောက် တော်သေးတာပေါ့။ ဒါပေမယ့် ၀တ်စရာ စားစရာ မရှိတော့ အိမ်မှာ ပိုနေတဲ့ စောင်ကြီးတွေကိုပဲ ဖြတ်ပြီး ထဘီချုတ်ရ အင်္ကျီချုပ်ရနဲ့။ အဲဒီလို ကြံကြံဖန်ဖန်တွေကို ၀တ်ကြရ စားကြရတယ်။
  
အဲဒီလိုနေတုန်းမှာပဲ စစ်ကြီးဖြစ်ပြီဆိုတော့ အလိုအလျောက် ကပ်ကြီးသုံးပါးက လာတော့တာပဲ။ နံပတ်တစ်ကတော့ သတ္တန္တရ ကပ်ပေါ့နော်။ လက်နက်တွေပေါ့။ ဒုတိယကတော့ ရောဂါန္တရကပ်ပေါ့။ အနာရောဂါတွေ ပေါလိုက်တာ။ 

တတိယနဲ့ နောက်ဆုံးကတော့ ဒုဗ္ဘိက္ခန္တရကပ်။ ယာလုပ်မယ့်သူလဲမရှိ၊ လယ်လုပ်မယ့်သူလဲမရှိနဲ့ အဲဒီတော့ ဘာတွေဖြစ်ကုန်လဲဆိုတော့ အစာရေစာရှားပါးလာပြီ။ 

အရင်တုန်းကအိမ်မှာ ဆန်ထမင်းစားတယ်။ တစ်ရွာလုံးကတော့ ပြောင်းထမင်းပဲစားတယ်။ ဆန်ထမင်းလေး မမြင်ဖူးလို့ ဆရာမကြီးအိမ်မှာ ကြည့်ဦးမယ်လို့တောင် ပြောကြရတယ်။ အခုတော့ ပြောင်းထမင်းစားဖို့တောင် ပြောင်းက 

အလျင်မီအောင် ၀ယ်လို့မရဘူး။ 

အဲဒါနဲ့ပဲ ပိန်းဥတို့၊ မျောက်ဥတို့ကို အဟာရဖြစ်တာ မဖြစ်တာအသာထား ဆာလောင်နေတဲ့ အစာအိမ်ပြည့် ပြီးရောပေါ့လို့ ချက်စားကြရတယ်။ အောက်ပြည်က လာတဲ့ ဆန်တွေကလဲ မိုးရေတွေမိထားတော့ ပုတ်သိုးနေတာပဲ။ 

အဲဒီဆန်တွေကို ချက်လိုက်တာနဲ့ တစ်ပြိုက်နက်ထဲ ယင်ကောင်တွေကလာတယ်။ အဲဒီချက်ထားတဲ့ ထမင်းတွေကို ဘယ်သူမှ မစားနိုင်ကြဘူး။ အနံ့ကလည်း မစင်နံ့နဲ့တောင် တူပါတယ်။ ပြီးတော့ ထမင်းတွေက ခဏလေးနဲ့တင် 

ယင်ကောင်တွေနဲ့ မဲတူးသွားတယ်။ ဒါပေမယ့် စားစရာကလဲ မရှိတော့ အဲဒီ ထမင်းပုပ်တွေကိုပဲ မျက်လုံးကို မှိတ်ပြီး ထမင်းပန်းကန်ထဲလက်ထိုးထည့်တယ်။ လက်ထိုးထည့်လိုက်တော့ ထမင်းအထဲဆိုတော့ ယင်ကောင်တွေနဲ့ 

လွတ်သွားတယ်။ အဲဒီ ထမင်းတွေကို စုပ်ပြီး နှာခေါင်းကို အမြန်ပိတ်ပြီး ပါးစပ်ထဲထည့် မျိုချရတယ်။ မျိုချရင်းနဲ့ ပြန်အန်တာတွေလဲ ရှိတာပေါ့။ အဲဒီလို အငတ်ဘေးကြီးနဲ့လဲ ကြုံရတယ်။ 

အဆိုးတကာ့ အဆိုးဆုံးကတော့ ကျောက်ကြီးပေါက်တဲ့ ရောဂါဖြစ်တာပါပဲ။ ဟိုး မယ်ဇလီကန်မှာ ကျောက်ကြီးတွေ ပေါက်ကုန်ပြီတဲ့။ ဟိုး ဥသျှစ်ဖျားမှာ တစ်နေ့ကို လေးငါးခြောက်ယောက်လောက် သုသာန်ကို ပို့ပြီး သငြိုဟ်နေရသတဲ့။ 

မယ်ဇလီကန်မှာလဲ ကျောင်းသူကျောင်းသားထဲက ဘယ်သူတွေ ပါသွားပြီ။ ဆရာမကြီး တပည့်ထဲက ဘယ်သူတွေပါသွားပြီဆိုတဲ့ သတင်းတွေ ကြားရတုန်းမှာပဲ ထန်းပုရွာထဲမှာ ဦးဘချစ်တို့ ဒေါ်ကောင်းကြွယ်တို့သား မောင်ကျောက်ခဲတို့ 

ကျောက်တွေ ပေါက်ကုန်ပြီတဲ့။ မောင်ကျောက်ခဲဆိုတာ ကျောင်းအနောက်ဘက် ကပ်လျက်အိမ်မဟုတ်လား။ အဲဒီတော့ အနောက်ပိုင်း တစ်ပိုင်းလုံး ကျောက်ရောဂါက ကူးပါလေရော။ အနောက်ပိုင်းတစ်ပိုင်းလုံးလဲ ကူးပြီးရော  

အဲဒီကျောက်ကြီးရောဂါဟာ အရှေ့ပိုင်းလဲ ရောက်လာပြီ။ 

အရှေ့ပိုင်းဆိုတာ ကျုပ်တို့နေတဲ့အရပ် အရှေ့အရပ်ခေါ်တာပေါ့။ ကာကွယ်စရာလဲ မရှိဘူး။ အဲဒီတော့ ကလေးလေးကို တိုင်းရင်းဆေးမှာ သိပ်တော်တဲ့ ကျုပ်မောင် မောင်ဖိုးအေး ဖော်စပ်ထားတဲ့ ကလေးသူငယ်နာပေါင်းချုပ်ဆိုတဲ့ 

ဆေးကြီးကို ခွံ့ခွံ့ပြီး ကာကွယ်လို့များ ရမလားဆိုပြီး ကာကွယ်နေရတယ်။ ဒါပေမယ့် ကာကွယ်လို့ မရလိုက်ပါဘူး။ ခုနစ်လသား သိပ်ချစ်စရာကောင်းတဲ့ မောင်သိန်းရဲ့ညီလေး မောင်ဝင်းမောင် ကျောက်ကြီးရောဂါ စရပြီ။ တစ်ရွာလုံးမှာလဲ 

သမားတော်က တစ်ယောက်ပဲရှိတယ်။ ဦးချစ်မြဲကို ပင့်ပြီးကုရတယ်။ ကျုပ်မောင် မောင်အေးနေတဲ့ ချစ်တွင်းမြစ်နဲ့က သိပ်မဝေးပါဘူး။ တစ်မိုင်လောက်ပဲ သွားရတယ်။ သူနဲ့ကုရင်လဲ ရပေမယ့် ကျုပ်မောင် မောင်အေးက လွန်ခဲ့တဲ့ 

သုံးလလောက်ကပဲ ကွယ်လွန်ခဲ့တယ်။ ဒီတော့ ရွာက ဆရာကြီး ဦးချစ်မြဲပဲ အားကိုးရတယ်။ အဲဒီမှာပဲ အမေ့ တပည့်ကြီး ကိုရင်ကြီးလူထွက် ကိုရင်ပေါဝ ရောက်လာတယ်။  မောင်သိန်းကို  မင်းတို့ အမျိုးတွေရှိတဲ့ ဆင်ကျွန်းတို့ ဘုမနိုးတို့ကို 

မင်းနဲ့ငါနဲ့ အလည်သွားရအောင်တဲ့။ ဆင်ကျွန်းကတော့ မရှိတော့ဘူးဆိုတော့ ဘုမနိုးမှာ မင်းရဲ့ ဦးကြီး ဦးသာရင်တို့ သူ့သား ကိုထွန်းလှိုင်၊ သူ့သမီး မစန်းရင်တို့ ရှိတယ်။  ဆရာမကြီးကလဲ လွှတ်တော့ အဲဒီကို အလည်သွားရအောင် 

ဆိုတော့ ဘာမှန်းမသိ ညာမှန်းမသိနဲ့ လိုက်သွားတယ်။ ဟိုမှာ ဦးကြီး ဦးသာရင်ရဲ့သား မောင်ထွန်းလှိုင်က မောင်သိန်းထက် လေးလငယ်တယ်။ မစန်းရင်က မောင်သိန်းထက် နှစ်နှစ်လောက်ကြီးတယ်။ သူတို့ မောင်နှစ်မသုံးယောက် 

ပျောက်လိုက်ကြတာဆိုပဲ။ ကိုရင်ပေါဝကြီးက အဲဒီမှာ မောင်သိန်းအခြေကျရဲ့လားဆိုတာ ကြည့်ပြီးမှ ပြန်လာတာ။ မောင်သိန်းကတော့ အဲဒီမှာ ကစားလို့လဲ မဆုံးဘူး။ ပျော်လို့လဲ မဆုံးဘူး။ ဦးသောဘိတဆိုတဲ့ 

ဘုန်းတော်ကြီးကျောင်းသွားပြီးတောင် စာတတ်နေသေးသတဲ့။ ရောက်လေရာအရပ်မှာ အဲဒီလို ဘုန်းတော်ကြီးတွေနဲ့လဲ ပြောတတ်ဆိုတတ်တယ်။ ပြန်ဖြေတတ်တယ်။

အဲဒီလိုနေတုန်းမှာပဲ အရမ်းချစ်စရာကောင်းတဲ့ မောင်ဝင်းမောင်လေးကို ဘယ်လိုမှမကယ်နိုင်ဘဲ ဆုံးရှုံးလိုက်ရပြီ။ ဆုံးရှုံးလိုက်ရပြီဆိုတဲ့အခါ ကျုပ်အသည်းတွေကွဲပါပြီ။ ကျုပ်မှာ ချစ်စရာ မြေးကလေး နှစ်ယောက်ပဲရှိတာ။ မောင်သိန်းက 

ခုနစ်နှစ်သား ဆိုတော့ နည်းနည်းကြီးနေပြီလေ။ သူ့ညီလေးလဲ သူတုန်နေအောင် ချစ်ရှာတာပဲ။ မောင်ဝင်းမောင်လေးကို မစွန့်ရက် မသငြိလ်ရက်ပါဘဲနဲ့ သူ့ကို စောင်လေးနဲ့ထုပ်ပြီး အများအတိုင်း ပုခတ်လေးနဲ့ထမ်းပြီး ရွာတောင်ဘက်က 

မကျီးလေးပင်သုသာန်မှာ မြုပ်နှံလိုက်ရပြီ။ မျက်စိအောက်က မြေးလေးမောင်ဝင်းမောင် ပျောက်သွားပါပြီ။ မအေးစိန်လည်း ငိုလိုက်တာဆိုတာလေ။ မအေးစိန်ထက်ပိုပြီးတော့ ငိုမိတာက ကျုပ်ပါပဲ။ ဒီမြေးကလေးကို ဘယ်လောက်များ 

ချစ်လိုက်ရသလဲဆိုရင် ပြောကို မပြောတတ်လောက်အောင်ကို ချစ်တာ။ အဲဒီ အလွန့်အလွန်ချစ်ရတဲ့ ကလေးလေးက ခေတ်ဆိုးကြီး ခေတ်ပျက်ကြီးထဲမှာ ကျောက်ကြီးရောဂါနဲ့ ကွယ်လွန်သွားခဲ့ပြီ။ 

ကျုပ်လည်း အဲဒီလိုနဲ့ ထမင်းလဲ မစားချင် အိပ်လဲ မအိပ်ချင်နဲ့ အမြဲတစေ မြေးကလေး မောင်ဝင်းမောင် ဆုံးရှုံးလိုက်ရတဲ့ ကိစ္စကိုပဲ စဉ်းစားပြီး တွေးနေမိတယ်။ မောင်ဝင်းမောင်လေးကို မြင်ယောင်ပြီး မြေးကလေးခမျာ ဒီရောဂါကြီးကို 

အရွယ်နဲ့မလိုက်အောင် မရှုမလှခံရပြီး နောက်ဆုံးမှာ အသက်တောင် ဆုံးရှုံးသွားရှာတယ်။ မအေးစိန်ကတော့ ကျုပ်စားဖို့ ချက်တာပြုတ်တာ လုပ်နေတယ်။ ဒီလိုနဲ့ တစ်ရက် နှစ်ရက် သုံးရက်လောက်ကြာတော့ ကျုပ် အိပ်ရာထဲလဲပြီ။  

ရက်တွေက တစ်ရက်ထက်တစ်ရက်တိုးလာပြီး လေးငါးခြောက်ရက်ကြာတော့ ရင်ဘက်ထဲကလဲ အောင့်လာလိုက်တာ။ ကျုပ် ဘယ်ဘက်ရင်ဘက်က စူးခနဲ စူးခနဲနဲ့ တစ်ယောက်ယောက်က ရင်ဘက်အောက်ကရှိတဲ့ တစ်စုံတစ်ရာသော 

ကိုယ်အင်္ဂါ အစိတ် အပိုင်းတစ်ခုခုကို လက်နဲ့စုပ်ပြီးတော့ အတင်းချေမွပစ်နေသလိုခံစားနေရတယ်။ 

ဝေဒနာကတစ်ဖက်၊ ထမင်း မစားချင်တာက တစ်မျိုး၊ မြေးကလေးကို လွမ်းဆွတ်တာကတစ်ဖုံနဲ့ အဲဒီဒဏ်တွေကို မရှုမလှခံရဆဲမှာပဲ  ခုနစ်ရက်မြောက်တဲ့နေ့မှာတော့ ကျုပ်မြေးကလေးကို ကျုပ်မြင်နေတယ်။ မြေးကလေးက ကျုပ်ကို 

ပြုံးပြနေတာတွေ၊ သူ့လက်ကလေးနဲ့ ကျုပ်လည်ပင်းကို ဖက်တွယ်တာတွေ၊ ကျုပ်နမ်းသလို ကျုပ်ကို ပြန်နမ်းတာလေးတွေကို ပြန်မြင်ယောင်နေရင်းနဲ့ မြေးကလေး အပြင်မှာ တကယ်ရှိနေသလို မြင်နေရတယ်။ ကျုပ်ဖြင့် ပျော်လိုက်တာ။ 

အဲဒီလိုမြင်နေရင်းမှာပဲ ကျုပ်ရဲ့ နားတွေ ဘာမှလဲ မကြားရတော့ဘူး။ မျက်လုံးတွေကလဲ ဘာမှ မမြင်တော့သလိုဘဲ။ တဖြည်းဖြည်းနဲ့ အမြင်အာရုံတွေ မှောင်မှောင်လာလိုက်တာ အလွန့်အလွန်ကြီးမားတဲ့ အမှောင်ထုကြီးတစ်ခု 

ကျသွားတယ်။ အမှောင်ထုကြီးတစ်ခုက ပိတ်ဖုံးသွားပါတော့တယ်။

 

အပိုင်း (၁၀)

ကျုပ်က မအေးစိန်ပါ။ သားကလေး မောင်သိန်းကို သူ့ညီ မောင်ဝင်းမောင်ရဲ့ ကျောက်တွေ ကူးမှာစိုးလို့  ဘုံမနိုးမှာနေတဲ့ မောင်ကြီးသာရင်တို့ အိမ်ဆီ ကိုရင်ပေါဝကို အပို့ခိုင်းရတယ်။ ဒီနေ့တော့ အမေခလဲ ဆုံးပြီ။ သူ့ညီလေး 

ဆုံးတုန်းကတော့ ခေါ်ဦးမလို့ပေါ့လေ။ ဒါပေမယ့် သူအလွန်ချစ်တဲ့ အဘွား ဆုံးသွားပြီ။ သူ့အဘွားအတွက် သူက လက်သုံးတောင်ဝှေး၊ သူ့အတွက်လဲ အဘွားက အရိပ်ကြီးလှတယ်။ ဒီအဘွားဆုံးတာကိုတော့ သားကလေးကို 

အသိပေးဖို့လိုတယ်။ အမေ့အလောင်းကိုပြင်ပြီး မောင်ပေါဝကို " ကဲ မောင်ပေါဝရေ သားကလေးကို သွားခေါ်ချေပါဦး။ အကျိုးအကြောင်း၊ အဆိုးအကောင်းကိုတော့ ဘာမှမပြောပါနဲ့ဦး" လို့ မှာလိုက်ရတယ်။  မောင်ပေါဝလဲ 

ဘုမနိုးရောက်တော့ " ကဲ မောင်သိန်းရေ၊ မင်းလဲ ဒီကိုရောက်တာ ၁၄ ရက်၊ ၁၅ ရက်တောင် ရှိသွားပြီ။ မင်းလည်း ပြန်ချင်မှာပဲလို့ ပြောပြီး ပြန်ခေါ်လာတယ်။ မောင်သိန်းလဲ မောင်ပေါဝ မျက်နှာမကောင်းတာကိုကြည့်လဲ တစ်လမ်းလုံး 

ဘာဖြစ်လို့လဲ ဆိုပြီး မေးလာတယ်။ မောင်ပေါဝကလဲ မုသားမပါလင်္ကာမချောဆိုသလို ကြံကြံဖန်ဖန်တွေပြောပြီး ပြန်ခေါ်လာတယ်။

 ဒီလိုနဲ့ မောင်သိန်းရွာပြန်ရောက်လာပြီ။ ကျုပ်ကပဲ ဆင်းပြီးတော့ " ငါ့သား၊ ငါ့သားက စိတ်ခိုင်ပါတယ်။ ငါ့သားက တကယ့်သားပါ ဆိုပြီး အိမ်ပေါ်ခေါ်လာရတယ်။ အိမ်ပေါ်ရောက်တဲ့အခါကျတော့ အဲဒါ မင်းအဘွားပဲ။ မင်းညီလေးဆုံးလို့ 

(၇) ရက်အကြာမှာ ရင်ကွဲနာကျပြီးတော့ မင်းအဘွားလည်း ကွယ်လွန်သွားပြီလို့ ကျုပ်ပြောလိုက်တယ်။ ကွယ်လွန်တာကို ကျုပ်က သိပြီးသားဆိုတော့ ခံစားရတာပေါ့လေ။ ကျုပ်ကတော့ အဟောင်း၊ မောင်သိန်းကတော့ 

အသစ်ဖြစ်နေတယ်။ အခုမှရောက်တာကိုး။ ပြီးတော့ သူအလွန်ချစ်မြတ်နိုးလှတဲ့ သူ့ညီလေးလဲ မကျည်းလေးပင်ကို ရောက်သွားပြီ။ အခုအဘွားလဲ အဲဒီကို ရောက်သွားပြီ။ 

အဘွားက မြေးလေးနဲ့ မခွဲနိုင်၊ မြေးလေးနောက် ကောက်ကောက်ပါအောင် လိုက်သွားရှာပြီပေါ့။ သူ့အဘွားရဲ့ လက်ကလေးတွေ ကိုင်ကြည့်၊ နဖူးလေးတွေ ကိုင်ကြည့်၊ ခြေဖမိုးလေးပေါ်မှာ သူ့နဖူးလေးတင်ပြီးတော့ ကန်တော့နေတယ်။ 

ပြီးတော့ ဘယ်လိုလုပ်ကြမှာလဲ။ ဘယ်လိုသင်္ဂြိုလ်ကြမှာလဲ လို့ မောင်သိန်းကမေးတော့ ကျုပ်ကလဲ အများနည်းတူ မြေမြုပ်သင်္ဂြိုလ်ရမှာပေါ့ သားရယ်လို့ ပြောတော့ သားက မလုပ်ပါနဲ့ အမေရယ်။ အုတ်ဂူလေး လုပ်ပေးပါ လို့ပြောတယ်။ 

သားရယ် အုတ်ဂူလုပ်ရင် (၅) ကျပ်တောင် ကုန်မှာ။ အခု အမေ့မှာ (၅) ကျပ်မပြောနဲ့၊ ငါးမူးတောင် မလွယ်ဘူးလို့ ပြန်ပြောလိုက်ရတယ်။ အဲဒီလိုလဲ ပြောလိုက်ရော မောင်သိန်းက သူစုထားတဲ့ငွေတွေ ယူလာတယ်။ အမေစိန်က 

မုန့်ဖိုးပေးတာတွေ၊ အမေခက မုန့်ဖိုးပေးတာတွေ၊ ဟိုလူကပေးတာတွေ၊ ဒီလူကပေးတာတွေကို မစားဘဲနဲ့ သူစုထားတာ (၅) ကျပ်ကျော်ကျော် လောက်ရှိတယ်။ အိတ်ရှုံးလေးနဲ့ စုထားတဲ့ အဲဒီပိုက်ဆံတွေကို ယူလာပြီး အမေဒီမှာ (၅) 

ကျပ်တောင်မကဘူး။ (၅) ကျပ်နဲ့ (၃) မူးတောင်ရှိမယ်နဲ့ တူတယ်၊ သားစုထားတဲ့ မုန့်ဖိုးလေးတွေကို အမေခအတွက် အုတ်ဂူလေးလုပ်ပေးပါလို့ တောင်းပန်ရှာတယ်။ သူ စုဆောင်းတတ်တာလေးကို ကျုပ်က၀မ်းသာရတယ်။ အဲ့ဒါအပြင် 

အဲဒီ ပိုက်ဆံတွေကို ကိုယ်ကျိုးဆန္ဒကိုယ့်ကိစ္စအတွက် မသုံးဘဲ သူ့အဘွား သင်္ဂြိုလ်ရာမှာ အုတ်ဂူလုပ်ပေးရမယ်လို့ဆိုတဲ့ သူရဲ့ ကျေးဇူးတရားကို သိလည်း သိတတ် ဆပ်လည်းဆပ်တတ်တာလေးကို ကျုပ်သဘောကျပါတယ်။ 

တကယ်တော့ ကျုပ်သားလေးကို ကျုပ် ရိုက်လည်းရိုက်ဖူးပါတယ်။ ငေါက်လည်း ငေါက်ဖူးပါတယ်။ နေ့စဉ်လိုလိုလည်း ငေါက်၊ နေ့စဉ်လိုလိုလည်း ရိုက်မိတာပါပဲ။ ဒီသားလေး ပျက်စီးသွားရင်အခက်၊ ဖခင်အုပ်ထိန်းလို့ ကြီးပြင်းရတာလဲ 

မဟုတ်၊ မိခင်အုပ်ထိန်းလို့ ကြီးပြင်းရတဲ့သားလေး၊ ဒီ သားလေး ပျက်စီးသွားရင်အခက်လို့ စဉ်းစားမိတယ်။ ဒါပေမယ့် သားလေးမောင်သိန်းက အခု အတော့်ကို လိမ္မာတာပဲ။ သူစုထားတဲ့ မုန့်ဖိုးလေးတွေကို သူ့လက်ထဲတပြားမှ 

မချန်ဘဲအကုန်အပ်တယ်။ 

အဲ့ဒီအချိန် ဘာကိုသတိရမိသလဲဆိုရင် ကိုရင်။ ကိုရင်ကို သွားသတိရမိတယ်။ ကိုရင်ရေ ဒုက္ခသုခ တွေကို မျှဝေခံစားလှည့်ပါဦးလို့ မိန်းမသားတစ်ယောက်အနေနဲ့ ဟိုး စည်ပါရွာက ကလေးတွေရဲ့ အဖေ ကိုဓနကို သတိရလိုက်တာ။ 

အလွန်ချစ်ရတဲ့ သားရတနာ မောင်ဝင်းမောင်လေး ကျောက်ကြီးရောဂါနဲ့ ကွယ်လွန်ခဲ့ပြီ။ ကျေးဇူးကြီးမားလှတဲ့ အမေလဲ ဘာနဲ့မှ ကျေးဇူးပြန်မဆပ်ရသေးခင်မှာဘဲ အမေက သားလေးမောင်ဝင်းမောင်နောက် ကောက်ကောက်ပါအောင် 

လိုက်သွားပြီ။ ဒုက္ခတွေ ကြားထဲမှာ ကိုရင်လည်း မရှိဘူး။ မတတ်နိုင်ပါဘူး။ အဲဒီလိုနဲ့ ရပ်ရွာက ကောင်းကြရှာပါတယ်။ အရပ်ကောင်းတော့ အလောင်းလှတယ် ဆိုတဲ့ စကားအတိုင်းပါပဲ။ တစ်ရပ်တစ်ရွာလုံးက ကူညီကြတယ်။ 

အသုဘအတွက် လိုက် လို့ခေါ်တဲ့ လက်တွန်းလှည်းလေးပေါ့။ အလွန်လှပအောင် အပေါ်က အမိုးတွေနဲ့၊ ဘေးမှာ ဖားလျားလေးချ၊ ဖားလျားလေးချ ဖဖွားတွေနဲ့၊ ပြီးတော့မှ အခေါင်းနဲ့ အခေါင်းရဲ့ဘေးမှာမှ လိုက်ကာလေး ရင်ခွဲထားသလို 

တစ်စစီချည်။ အဲဒီလိုနဲ့ သုသာန်ကို ရပ်များဆွဲတယ် ခေါ်တာပေါ့။ ပိတ်အုပ်နဲ့ ။ အဲဒီ ပိတ်အုပ်နဲ့ ချည်ပြီးတော့ ရပ်များဆွဲသလိုပေါ့။ အရှေ့က လူပေါင်းများစွာနဲ့ ဆွဲရတယ်။ ကျုပ်တပည့်တွေက သိပ်လိမ္မာကြတယ်။ ကျုပ်ရဲ့ ဒုက္ခတွေကို 

သူတို့လာပြီးတော့ မျှဝေခံစားကြတယ်။ ရပ်များ ဆွဲတဲ့သူက ဆွဲ၊ တွန်းတဲ့သူက တွန်းကြနဲ့။ 

ဆွဲရင်းတွန်းရင်း မကျည်းလေးပင်အရောက် အမေ့အတွက် လုပ်ထားတဲ့ အုတ်ဂူက တော်တော့်ကို သားသားနားနား ကြီးကြီးမားမား အုတ်ဂူပါ။ နောက်ဆုံးအနေနဲ့ အခေါင်းကို ဖွင့်ပြီးတော့ အမေ့ကို ကန်တော့ကြ နှုတ်ဆက်ကြရတယ်။ 

တစ်ရွာလုံးသော ရွာသူရွာသားတွေကလဲ အမေခကို ဦးချကန်တော့ကြတယ်။ ဇရပ်မှာ ဆရာတော်၊ သံဃာတော် ၁၂ ပါးကို မရှိရှိတဲ့ လှူဖွယ်တန်းဖွယ်လေးတွေနဲ့ လှူတယ်။ ဆရာတော် သံဃာတော်တွေက သရဏဂုံတင်ပြီးတော့မှ 

ဂူသွင်းလိုက်တယ်။ ရင်ထဲမှာလေ သားလေးကို စွန့်ပစ်ရတုန်းကလဲ ဒီသင်္ချိုင်းပဲ။ အမေ့ကို အုတ်ဂူန်ဲ့ အလုံပိတ်ပြီးတော့ ထားခဲ့ရတာလဲ ဒီ သင်္ချိုင်းပဲ။ ဒါ့ကြောင့် မကျည်းလေးပင် သုသာန်ဆိုတာကို စိတ်ထဲမှာ မုန်းနေမိတယ်။

ဒါပေမယ့် ကျုပ်တို့လဲ သေကြပြီဆိုရင် ဒီသုသာန်မှာ မြုပ်နှံခံရမှာပဲ။ လူဆိုတာ တစ်နေ့သေမှာပဲဆိုပြီး တွေးနေရတယ်။ အခုတော့ သားကလေးမောင်ဝင်းမောင်၊ အလွန်ကျေးဇူးကြီးမားလှတဲ့ သမီးကလေးဆိုပြီးတော့ ချစ်မြတ်နိုးတတ်တဲ့ 

အမေ။ သူလဲ ဒီမှာပဲ ထာဝရလဲလျောင်းခဲ့ပြီ။ အုတ်ဂူကိုလဲ ဦးတုတ်က သူ့မြေးလေးရဲ့ ဘေးမှာပဲ ကပ်လျက်ထားပေးတယ်။ အဲဒီ နေရာမှာပဲ မြေးအဘွားနှစ်ယောက် နေကြရပြီပေါ့။ အဲဒီလိုနဲ့ ရက်လည်ဆွမ်းတွေသွတ်တယ်။ လူတွေ 

အများကြီးကနေ တဖြည်းဖြည်းနဲ့ ဆဲသွားပြီး နောက်ဆုံး အိမ်မှာ ဘယ်သူကျန်တော့လို့တုံး။ အရင်တုန်းက မောင်ဓနရယ်၊ အမေခရယ်၊ မောင်သိန်းရယ်၊ မောင်ဝင်းမောင်လေးရယ်၊ ကျမရယ်။ အခုတော့ ကျုပ်နဲ့ မောင်သိန်းနဲ့ 

သားအမိနှစ်ယောက်ပဲ ကျန်တော့တယ်။ 

အဲ့ဒီအချိန်မှာပဲ စစ်ကြီးကလဲ တစ်လထက်တစ်လ ပိုပိုပြီး သောင်းကျန်းလာပြီ။ ရွာက သံချောင်းခေါက်ပြီဆိုရင် လေယာဉ်ပျံလာလို့ အချက်ပေးတာ။ သံချောင်းခေါက်ပြီး မောင်းထုပြီဆိုရင် အကုန်လုံး ပုန်းကျင်းတွေထဲမှာ 

အပြေးအလွှားဝင်ကြရ၊ တစ်ချို့ လိမ့်ကျသူက လိမ့်ကျ၊ ဒီလိုနဲ့ လေယာဉ်ပျံတွေက ကောင်းကင်ပေါ်မှာဝဲလို့။ တစ်ည ကောင်းကင်ပေါ်မှာ လေယာဉ်ပျံ အသံကြားရတယ်။ ညကလဲ အမှောင်လကွယ်ည။ ရွာတွေမှာကလဲ 

လျှပ်စစ်မီးလဲမရှိဘူး။ ရေနံဆီကလဲ ချွေတာရတာဆိုတော့ အရေးတကြီး ကိစ္စမရှိရင် မီးခွက်တွေ မှုတ်ထားရတာပေါ့။ ဒီလို မဲမှောင်နေတဲ့ ညကြီးမှာ ဘယ်လေယာဉ်ပျံက လာပြီးတော့ ဘယ်လိုလုပ် ဗုံးကြဲမလဲလို့ စဉ်းစားမိတယ်။ 

ခဏကြာတော့ လေယာဉ်ပျံပေါ်က ဒုတ်ခနဲ အသံကြားရတယ်။ အသံကြားလိုက်လို့ ကြည့်လဲကြည့်လိုက်ရော တစ်လောကလုံး ညကနေ နေ့အဖြစ်ကို ချက်ချင်းရောက်သွားတယ်။ ဘာဖြစ်လို့လဲဆိုတော့ မီးကျည်ပစ်လိုက်တာကိုး။ 

မီးကျည်လဲ ပစ်လိုက်ကော အကုန်လုံးကို မြင်ရတာ။  သူတို့ သတင်းရထားတာကိုး။ ဒီကနေ အလွန်ဆုံးဝေးရင် တစ်မိုင်လောက်က ရွာမှာ ဆရာတော်၊ သံဃာတော်တွေ သီတင်းသုံးတဲ့ကျောင်းကြီး၊ ဗိမာန်ကြီးတွေလဲ အကြီးကြီးတွေကိုး။ 

အဲဒီနားမှာ နီပွန်တွေဘက်က တပ်စခန်းတစ်ခု ချထားတယ်။ အဲဒီဘက်မှာ စက်သေနတ်နဲ့ ပစ်တာတွေကို မြင်နေရတယ်။ ချလိုက်တဲ့ ဗုံးတွေကလဲ တစ်လုံးပြီးတစ်လုံး မြေကြီးတွေပါ တုန်တယ်။ ပုန်းကျင်းထဲက ပုန်းနေတဲ့ 

လူတွေလဲထွက်ပြေးရတယ်။ မီးကျည်ကြည့်လိုက်၊ ပြန်တက်လိုက်နဲ့။ ဗုံးတွေ ဗုံးတွေ ကျလိုက်တာ တစ်လောကလုံး ဆူညံပွက်လောရိုက်နေတာပဲ။ အဲဒီလို အခြေအနေမျိုးမှာ ကျွန်မတို့ သားအမိနှစ်ယောက် ပုန်းကျင်းလဲတူးရတယ်။ 

ပုန်းကျင်းတူးတာ ပင်ပန်းပေမယ့် ကျုပ်ကလဲ တပည့်တွေကို ချက်ချင်း ခေါ်ခေါ်ပြီးတော့ မလုပ်ခိုင်းရက်ဘူး။ အဲဒီတော့ (၆) နှစ်ကျော် (၇) နှစ်သားသာ ရှိသေးတဲ့ မောင်သိန်းကလဲ တူးရွင်းလေးနဲ့တူး။ ကျုပ်ကလဲ တူးရွင်းလေးနဲ့ 

တူးပေါ့လေ။ အရွယ်မရောက်သေးတဲ့ ကလေးလေးတစ်ယောက်နဲ့၊ မိန်းမသားဖြစ်တဲ့ ကျုပ်တို့ တူးတဲ့ ပုန်းကျင်းက မနက်သေးပါဘူး။ အရင်တုန်းက သူကြီးကိုစံဖေက ပုန်းကျင်းတွေ အဆင်ပြေရဲ့လားလို့ လိုက်စစ်တုန်းက လာကြည့်တယ်။ 

မိန်းမသားနဲ့ ကလေးပဲရှိတာမို့ ၀ိုင်းတူးပေးကြဖို့ ပြောပြီး လေးငါးဆယ်ရက်ကျရင် ထပ်လာကြည့်ဦးမယ်လို့ ပြောသွားတယ်။ ဒါပေမယ့် အခုလို မြန်မြန်ဆန်ဆန်ကြီး ဗုံးလာကြဲမယ်မထင်လို့ အေးအေးဆေးဆေးလုပ်ခဲ့တာ။ အခုတော့ 

အမိုးလည်းမရှိ သိပ်လည်း မနက်သေးတဲ့ ပုန်းကျင်းထဲမှာ သားအမိနှစ်ယောက် စိုးရိမ်ထိတ်လန့်စွာနဲ့ ပုန်းခိုနေရတယ်။

 

အပိုင်း (၁၁)

 ဒီသားနဲ့ဒီအမေ မကြာခင် အမေခနဲ့ မင်းညီလေးမောင်ဝင်းမောင်တို့ဆီ ဒီ ဗုံးဆံတွေ၊ ဒီစက်သေနတ်တွေနဲ့လိုက်ရတော့မယ်ထင်ပါရဲ့။ စားရတော့လဲ မစင်နံ့တလောင်းလောင်းထနေတဲ့ ဆန်ပုပ်ဆန်ဆွေးဆန်ဝါတွေကိုပဲ 

ထမင်းချက်စားရတယ်။ အငတ်ဘေးပေါ့လေ။ အဲဒီလို အဖြစ်တွေကြောင့် ဘယ်တုန်းကမှ မျက်ရည်မကျဘူးတဲ့ ကျုပ်ဟာ စိတ်အားငယ်မှုကြောင့် မျက်ရည် ကျမိတယ်။ သားက 
ကျုပ် မျက်ရည်တွေကိုသုတ်ပေးတယ်။ ပြီတော့ သားကလေးမောင်သိန်းက "အမေကျွန်တော်ရှိတယ်။ အမေဘာမှမကြောက်နဲ့ သားတစ်ယောက်လုံးရှိတယ်။ အမေမွေးတဲ့သားက အမေအားပါ" လို့ပြောတယ်။ 

 ကြံကြံဖန်ဖန် ဒီလောက်ကြီးတဲ့ စကားပြောတော့ "သြော် ငါ့သားက သာမန်သားမှဟုတ်ပါလေစွ၊  ဒီကလေးရှိလှ ၁၂ နှစ်ပေါ။့ ဒါပေမယ့် အခုလို အသက်အရွယ်နဲ့မလိုက် အလွန်လိမ္မာတော့  ကျုပ်လဲအားရှိတာပေါ့။ "ဒါပေမဲ့ ကိုရင့်ကိုတော့ 

မျှော်မိသေးတာပဲ။ သားအမိနှစ်ယောက် အိမ်ကလေးကတစ်စောင်၊ စားစရာကလဲ ဆန်ပုပ် ၊ ၀တ်စရာကလဲ စောင်တွေကိုဖြတ်ချုပ်ပြီး ၀တ်ရတယ်။ နေစရာအိမ်ကလေးတော့ရှိပါတယ်။ ဗုံးမချသေးရင်တော့ နေလို့ရပါသေးတယ်။ 

အငတ်ဘေး၊ ရောဂါဘေး ၊လက်နက်ဘေးဆိုတဲ့ ဘေးဆိုးကြီး
သုံးပါး၊ ကပ်ကြီးသုံးပါး အတွင်းမှာ ကျုပ်တို့သားအမိ ကျရောက်နေပြီ။ အလွန့်အလွန်အားကိုးရတဲ့ အမေလဲမရှိတော့ဘူး။ ချစ်စရာကောင်းလှတဲ့သားလေး သူလဲမရှိတော့ဘူး။ ကျုပ်ကိုအလွန်ချစ်ရှာတဲ့ ကျုပ်ရဲ့ခင်ပွန်းလဲ အနားမှာ မရှိဘူး။ 

ကျုပ်နဲ့ နည်းနည်းလေးမှ မခွဲနိုင်ဘူးဆိုပေမယ့်လဲ  ဒီက မယားနဲ့သားနှစ်ယောက်တည်း။ ဟိုမှာက မိခင်၊ အဘိုးနဲ့အဘွားလဲ ရှိသေးတယ်။ သူတို့ကို ပစ်ပြီးတော့ စစ်ကြီးအတွင်း သူဘယ်လိုလုပ် လာလို့ ရမလဲလေ။ 

 အဲဒီလိုနဲ့  တစ်နေ့ မနက်အစောကြီး အိပ်နေကြတုန်း တံခါးကိုလက်နဲ့ခေါက်ပြီး မစိန် မစိန်၊ ဖိုးသိန်း ဖိုးသိန်းလို့  အော်ခေါ်သံကြားနေတယ်။ ဒါ ကိုရင်အသံပဲ။ သူ့သားကို ချစ်မြတ်နိုးလို့ ချစ်စနိုးနဲ့ ဖိုးသိန်းလို့ခေါ်တာလေ။ 

သူ့အဖေသံကြားတော့ သားလေး မောင်သိန်းက  ချက်ချင်း တံခါးသွားဖွင့်ပေးတယ်။ သားအဖနှစ်ယောက် ၀မ်းသာအားရပွေ့ဖက်ကြပြီးတော့ အိမ်ပေါ်တက်လာကြတယ်။ ကျုပ်လဲ အိပ်ရာကထပြီး စောင့်နေလိုက်တယ်။ ကိုရင်က 

အဒေါ်ခရောလို့ မေးနေတယ်။ သူက သူ့ယောက္ခမကိုပဲ သိတာလေ။ သူ့ရဲ့ အငယ်ဆုံးသားလေး မောင်ဝင်းမောင်ကို မမြင်လိုက်ရှာဘူး။ မသိလိုက်ရှာဘူး။ ကျုပ်လဲ ကိုရင်ကို အဖြစ်အပျက်တွေ အတိုဆုံး ရှင်းပြလိုက်တယ်။  အဲဒီမှာ 

ကိုရင်က အထုပ်ကြီး တစ်ထုပ်လှမ်းပေးတယ်။  အဲဒီအထဲမှာ သူရှာဖွေစုဆောင်းလာတဲ့ ဂျပန်စက္ကူ ငွေစက္ကူ တွေ အများကြီးပါပဲ။ ကျုပ်က " ကိုရင် ဒီအချိန်မှာ ကျွန်မတို့သားအမိ အဲဒီငွေတွေ လိုပါတယ်။ ဒါပေမယ့် အဲဒီငွေတွေထက် 

လိုတာကတော့
ကိုရင်ပါပဲ။ အခုလို ဗုံးဆံ ကျည်ဆံ တွေကြားမှာ ကိုရင်ရှိဖို့လိုအပ်ပါတယ်။ တကယ်လိုအပ်တာ အဲဒီပိုက်ဆံတွေ မဟုတ်ပါဘူး ကိုရင်ပါပဲ လို့ဆိုတော့ ကိုရင်က ဘာမှမပြောရှာဘူး။   ဒေါ်ခ ဒေါ်ခ ဆိုပြီးတော့ သူအလွန်လေးစားတဲ့ 

သူ့ယောက္ခမ၊ သူ မမြင်လိုက်ရရှာတဲ့ သူ့ သားလေးတို့  မန်ကျည်းလေးပင် သုသာန်ကို ရောက်သွားပြီဆိုတဲ့ ဒီသတင်း တွေကြားရတဲ့ အခါမှာ သူ့မျက်လုံးအိမ်ထဲမှာ မျက်ရည်တွေအပြည့်နဲ့ အံကိုကျိတ်ထားတယ်။ ပြီးတော့မှ သူ 

မကျည်းလေးပင် သုသာန်သွားအုံးမယ်တဲ့။ သားလေးရဲ့မြေပုံကိုသွားပြီး သူ့ ဘ၀အဆက်ဆက်ပြုခဲ့တဲ့ ကုသိုလ်ကောင်းမူတွေ၊ ၁၇ နှစ်သား အထိ ကိုရင်ကြီးဝတ်တဲ့ ကုသိုလ်ကောင်းမူတွေ အမျှအတန်းသွားပေးမယ်တဲ့။ ဒေါ်ခဆီလဲ 

ဝင်ခဲ့မယ်။ ဒေါ်ခဆီလဲ သွားမယ်တဲ့။ အဲဒါနဲ့ ကျုပ်တို့သားအမိနှစ်ယောက်လဲ ကိုဓနနဲ့ မန်ကျည်းလေးပင် သုသာန်ကို လိုက်ခဲ့တယ်။ သုသာန်ကိုရောက်တော့ သားလေးမြေပုံနဲ့ အမေခ အုတ်ဂူရှေ့မှာ  မေတ္တာတွေပို့ အမျှတွေဝေ ပြီးတော့ 

ပြန်လာခဲ့ကြတယ်။ ကိုရင် မျက်နှာကို ကျုပ်ရဲရဲ မကြည့်ရဲဘူး။ သူ့ မျက်လုံး အိမ်ထဲက မျက်ရည်တွေကြောင့်ပါ။ သူ့ ရင်ထဲမှာ အလွန်ပူလောင်လွန်းမက ပူလောင်လို့ ထင်ပါရဲ့။ သူမျက်လုံးအိမ်ထဲကနေ မျက်ရည်တွေ 

တောက်လျှောက်စီးကျနေတယ်။ ဘယ်တုန်းကမှ မျက်ရည်ဆိုတာ မသိဘူးတဲ့ ကိုရင်၊ အခုတော့ သူ့မျက်လုံးအိမ်နှစ်ခု ထဲကထွက်လာတဲ့ မျက်ရည်တွေကို သူကိုယ်တိုင် လက်နဲ့ သုတ် သင်ရှင်းလင်းနေရရှာပါပြီ။ 

ဒီလိုနဲ့ ကြည့်စမ်းပါအုံး စစ်ကြီးအတွင်းမှာ ကိုရင်ဟာ ကျုပ်တို့သားအမိတွေကို ချစ်တဲ့ဇောနဲ့ အမြှောက်တွေ၊ ဗုံးတွေ၊ အင်္ဂလိပ်စစ်သား၊ ဂျပန်စစ်သားတွေကြားထဲကနေ မရောက်ရောက်အောင် ကျုပ်တို့ဆီကို လာပြီးတော့ ဒီ ငွေစက္ကူတွေကို 

လာပေးရှာတယ်။  ဒါ ကိုရင့်ရဲ့ သိသာထင်ရှားလှတဲ့ မေတ္တာပေါ့။ အဲဒီလိုနဲ့ သားအမိသားအဖ သုံးယောက် ဆုံနေနေကြပြီဆိုတော့ တစ်ခါတစ်ခါ အမေခတို့ ပြီးတော့ မောင်ဝင်းမောင်တို့ သူတို့ကိုတောင် မေ့နိုင်သွားတယ်။ 

သားအမိသားအဖ သုံးယောက် မရှိလဲ ရှိအောင်စား၊ စားလို့မရ ရအောင် စားကြရ နေလို့မရ ရအောင်နေကြရ၊ ၀တ်လို့ မဖြစ်ဖြစ်အောင်ဝတ်ကြနဲ့ နေလာကြရင်း တစ်နှစ်တောင် ရှိသွားပြီ။ 

စစ်အရှိန်က ပိုမြင့်လာပြီ။ ဟိုး မုံရွာမြို့ကြီး ဗုံးကြဲခံရလို့တဲ့။ ဒီကို ကိုရင်လာတုန်းက လမ်းတွေပေါ်မှာ စစ်သားကြို စစ်သားကြား၊ မီးလောင်ပြင်ကြီးတွေကြားထဲက သူ မရောက်ရောက်အောင် လာရှာတယ်။ အဲ့ဒီထက်ဆိုးတာက သူ 

ကျောက်ကြီးပေါက်နေတာလေ။ ဒီလိုဖြစ်နေတာတောင်မှ သူ ကျုပ်တို့ဆီကို အရောက်လာခဲ့တဲ့အတွက် ကျုပ် ကိုရင့်ကို အလွန်ကျေးဇူးတင်ရပါတယ်။  ဒီရောက်တော့မှ သမားတော် ဦးချစ်မြဲကို ပင့်ပြီး ကုရတယ်။ တော်သေးတာက 

ကိုရင့်မှာ ကျောက်က တစ်ကိုယ်လုံးမှ ဆယ့်လေးငါးလုံးဆိုတော့ အသက်အန္တရာယ် မစိုးရိမ်ရဘဲနဲ့ သာမန်ဆေးဝါးလေးလိမ်းရုံ၊ သောက်ရုံမျှနဲ့ ကျန်းကျန်းမာမာ ချမ်းချမ်းသာသာပြန်ဖြစ်သွားတယ်။ ကျုပ်တို့ ၀မ်းသာလိုက်တာလေ။

(၁) နှစ်လောက်ကြာတော့ ကိုရင်က ဘာပြောလာလဲဆိုတော့ သူပြန်အုံးမယ်တဲ့။ အဲဒါနဲ့ ကျုပ်က " ဗုံးတွေ စက်သေနတ်တွေကြားထဲ ကိုရင်ပြန်ရင် ကျုပ်တို့နှစ်ယောက်လဲ မျက်စိသူငယ်နားသူငယ်နဲ့ နေကြရမယ်။ ကိုရင့်ရဲ့ အသက်လဲ 

ဆုံးရှုံးနိုင်တာကို ကိုရင် သိလျက်သားနဲ့ မပြန်ချင်ပါနဲ့။ ဘာလို့ပြန်ရမှာတုံး" လို့ဆိုတော့ ကိုရင်က  " ဟိုမှာ အမေကြီးတို့ ဘကြီးတို့ ဘယ်လိုနေကြသလဲ မသိဘူး။ အဲဒီတော့ ပြန်မှရမယ်" ဆိုပြီး ပြန်ဖြေတယ်။ အလွန်မာန ကြီးတဲ့ ကျုပ်ဟာ 

ဒီတစ်ခါတော့ ကိုရင့်ကို တားတယ်။ အကြိမ်ပေါင်းများစွာ တားပါတယ်။ ဒါပေမယ့် မရပါဘူး။ ကိုရင်ကလဲ သူ့ ဆုံးဖြတ်ချက်ဆိုရင် ဘယ်တော့မှ ပြင်လေ့ရှိတဲ့လူ မဟုတ်ဘူးလေ။ အလွန်လဲထက်မြက်တဲ့လူပါ။ ကျုပ်ကိုချစ်လွန်းလို့သာ သူရဲ့ 

ထက်မြက်တဲ့ ဥာဏ်ရည်ဥာဏ်သွေးတွေ ငုပ်လျှိုးနေရတာ။ ကိုရင် ပြန်သွားရင် ငွေတွေတော့ ပြန်ယူသွားပါဆိုတော့ ကိုရင်က မယူဘူး။ ဒီလောက်တောင် ဆိုးဆိုးဝါးဝါး အခြေအနေမျိုးမှာ အရာရာကို ပိုက်ဆံနဲ့ ကျော်လွှားရမှာ။ ငွေကို 

တံတားခင်းသွားမှ စည်ပါရွာကို ရောက်နိုင်မှာဖြစ်လို့ ကိုရင် ပြန်ယူသွားပါ။ ကျုပ်တို့မှာလဲ မောင်သိန်းနဲ့ ခင်တဲ့ ဂျပန်လေး ပေးထားခဲ့တဲ့ ငွေစက္ကူ နည်းနည်းတော့ ကျန်ပါသေးတယ်လို့ ပြောတော့မှ ကိုရင်က ပြန်ဖို့ ခရီးစရိတ်အတွက် 

ငွေနည်းနည်းပြန်ယူသွားတယ်။ 

"ကိုရင်တစ်ယောက် ဘယ်သောင်တင်လို့ ဘယ်ကမ်းစိုက်မယ်။ စစ်ကြီးထဲမှာဘယ်သို့ ဘယ်ပုံသွားရရှာတယ်။ စည်ပါကို ချောချောမွေ့မွေ့မှ ရောက်လေမလား။ သို့မဟုတ် လမ်းခရီးမှာ စက်သေနတ်တွေ လေယာဉ်ပျံပေါ်ကကျလာတဲ့ 

ဗုံးတွေ ကျည်ဆံတွေမှန်လို့ အသက်ပဲပျောက်သွားမလား  ဒါကိုကျုပ်တို့ စိတ်ပူရတယ် ကိုရင်" လို့ ပြောတော့ ကိုရင်က "မစိန်ရယ် ရောက်အောင်သွားပါ့မယ်။ ဘေးမသီရန်မခစေရပါဘူး။ သူတော်ကောင်းတရားနဲ့ နေခဲ့တာပါ။ 

သူတော်ကောင်းတရားနဲ့ နေတဲ့လူတွေဟာ ဘေးမသီရန်မခတက်ဘူးဆိုပြီး သားလေးကိုလဲ အမေကိုစောင့်ရှောက်ပါလို့ အကြိမ်ကြိမ် အခါခါမှာတယ်။ အမေ့ကို စောင့်ရှောက်ဖြစ်အောင်စောင့်ရှောက်ဖို့ အဖေကတာဝန်ပေးအပ်ထားတဲ့ 

သူတစ်ယောက်အဖြစ်နဲ့ရော အမေကို စိတ်ချမ်းသာအောင်ထားတဲ့ သားလေးက "ကျုပ်ကို ချုံးပွဲချငိုမလားဆိုပြီး" စိုးရိမ်နေတယ်။ ဒါပေမယ့် ကျုပ်မငိုပါဘူး။ ရင်ထဲမှာ ၀မ်းနည်းနေပေမယ့်  ကိုရင်ကို အိမ်ရှေ့ 

ရောက်အောင်လိုက်ပို့လိုက်သေးတယ်။ ပြီးတော့ အဖေကိုလိုက်ပို့မယ့် သားလေးကို "သားရယ် မင်းအဖေကို ဟိုး ကားဂိတ်ရာက်အောင်လိုက်ပေးလိုက်အုံး။ ကားတက်မှ မင်းပြန်လာလေ။ မင်းတို့သားအဖနှစ်ယောက် 

ကားပေါ်တက်တဲ့အထိ စကားပြောလို့ရတာပေါ့။ ဒါပေမယ့် ပြန်ဖြစ်အောင်တော့ ပြန်လာနော်။ အမေ့တစ်ယောက်ထဲဆိုတော့ ဘယ်လိုမှမရဘူး။ အဲဒီတော့ အမေဆီတော့ ပြန်လာ။ မင်းအဖေနဲ့တော့လိုက်မသွားနဲ့ " လို့ မှာရတယ်။ 

အဲဒီလိုနဲ့ ကျုပ်ရဲ့ခင်ပွန်း ကိုဓနပြန်သွားပြီ။ ကျုပ်ရင်ထဲမှာ ဟာတိဟာတာနဲ့။   အမေရှိတုန်းကတော့ ဘာမှဂရုမစိုက်ခဲ့ပေမယ့် အခု အမေ မရှိတဲ့အခါ သူဟာကျုပ်ရဲ့ အားကိုးအားထား ပြုစရာဖြစ်လာတယ်။ ပြီးတော့ သူပြန်သွားတာကလဲ 

အင်္ဂလိပ် နဲ့ ဂျပန် စစ်ဖြစ်နေကြတဲ့  စစ်ကြီးအတွင်းမှာ။ ဂျပန်တွေထွက်ပြေးတော့မယ်။ အင်္ဂလိပ်မဟာမိတ်တပ်ကြီးက တဖြည်းဖြည်း ချီတက်လာပြီဆိုတဲ့ သတင်းတွေလဲပြန်နှံ့နေပြီ။ ရေဒီယိုရှိတဲ့ အိမ်တွေကလဲ ပြောနေတော့ 

တစ်ဆင့်စကား တစ်ဆင့်နားနဲ့လဲ ကြားနေရတယ်။ ကျုပ်လဲ အိမ်ဘေးနားမှာရှိတဲ့ သပြေပင်ကြီးက သပြေရွက်တွေ သပြေညွန့်တွေချိုးပြီးတော့ ဘုရားမှာကပ်လှူပူဇော်ပြီးတော့ ကိုဓန စည်ပါရွာကို ဆိုက်ဆိုက်မြိုက်မြိုက်ရောက်ပါစေလို့  

ဆုတောင်းနေမိတယ်။ ကိုရင်ဟာ သူ့ဝတ္တရားကျေပွန်အောင် ငွေလဲလာပို့တယ်။ ပြီးတော့ ၁ နှစ်လောက်လဲအတူနေသွားတယ်။ ဒါပေမယ့် ဟိုမှာ သူ့အမေ၊ သူ့အဘိုးအဘွား ဦးအောင်ဒွန်းတို့ ဒေါ်မှတ်တို့၊ သူ့ဦးလေးတွေ၊ တူမတွေ 

ရှိသေးတော့ ပြန်ချင်မှာပဲလေ။ သူလဲ သူ့အမေကို ချစ်ရှာမှာပေါ့။  ကျုပ်ကတော့ ဒီကနေပြီး စိတ်ပူနေရတယ်။ 

စစ်အတွင်းမှာ လေယာဉ်ပျံပေါ်ကနေ မော်တော်ကားမြင်ရင်လဲ ဗုံးကြဲချတယ်။  အဲဒီတော့ ကားပေါ်မှာပဲ သေလေရှာမလားဆိုပြီး လက်နက်ဘေးတွေ စိုးရိမ်နေရတယ်။ စစ်မြေပြင်ကိုဖြတ်ပြီးတော့ သူ့ရွာ သူပြန်သွားပြီ။
 ရွာကိုခလုတ်မထိ ဆူးမငြိဘဲရောက်ပါစေ။ ကိုရင်သွားလမ်းလဲသာ ပြန်လမ်းလဲဖြောင့်ပါစေ ။ နောက်တစ်ခေါက် အမြန်ဆုံးပြန်လာနိုင်ပါစေလို့ ဘုရားမှာလဲဝတ်ပြုဆုတောင်းမိပါတယ်။ လူဆိုတာ သံယောဇဉ်ကောင်တွေပဲ။
ဒီသံယောဇဉ်တွေနဲ့ နှောင်ဖွဲ့ထားတာပဲ။ အခုတော့ သားအမိနှစ်ယောက်ကို စစ်ဘေး စစ်ဒဏ် စစ်အန္တရာယ်ကြားထဲမှာ ပစ်ခဲ့ပြီး ကိုရင်ပြန်သွားပြီ။ ကျုပ်ရင်ထဲမှာ  မဖြစ်စဖူး ဟာလာဟင်းလင်းပြင်ကြီးက ရင်ထဲမှာ ဖြစ်ပေါ်နေပါတော့တယ်။

Contact

General Inquiries

Please use this email address to contact me by email.

ceomoenaymin@mmcities.com

Connect with me