15 May 2017

မြန်မာနိုင်ငံအတွင်းမှာ မှီတင်း၍ နေထိုင်ကြကုန်သော လူပုဂ္ဂိုလ်အပေါင်းတို့သည် နှစ်ဟောင်းကုန်၍ နှစ်သစ်သို့ ကူးပြောင်းကြတော့မည်ဖြစ်သဖြင့် သင်္ကြန်ရက်ကာလများမှာ တီးကြ၊ မှုတ်ကြ၊ ကကြ၊ ခုန်ကြ၊ ပျော်ကြ၊ ပါးကြ၊ ရေတွပက်ကြနှင့် အပျော်ကြီး ပျော်ခဲ့ကြလေပြီ။ ဒီလို ပျော်ပါးရင်းဖြင့်ပင် ပိုးဖလံမျိုး မီးကိုတိုး ကိုယ်ကျိုးနည်းလိမ့်မည်ဆိုတာလို မိမိကိုယ်မိမိ ဒီသင်္ကြန်မှာ သေရမှာပါလားလို့ မသိကြတော့ဘဲ ဇွတ်တိုးကာ ပျော်ပါးရင်းမှ ကားအက်ဆီးဒင့် ဆိုင်ကယ်အက်ဆီးဒင့်များ ဖြစ်ပေါ်ကာ သေကျေပျက်စီးသွားကြတဲ့ သူများလည်း မနည်းပေ။

ယခုကာလတွင် နည်းပညာများ၏ တိုးတက်ထွန်းကားလာမှုကြောင့် တစ်နေ့တည်းတစ်ရက်တည်းမှာပင် ရန်ကုန်မှာ ကခုန်မြူးတူးပျော်ပါးနေကြသလို မန္တလေးမှာလည်း တစ်ချိန်ထဲ တစ်ခါတည်း တရက်ထဲဆိုသလို မြူးတူး ပျော်ပါးနေကြသည်။ မုံရွာမှာလည်း ထိုနည်းတူစွာပင် ရွှေဘိုကို ကြည့်လိုက်ပြန်တော့လည်း ထူးမခြားနား မြင်တွေ့နေရသည်။ မနက် ၉ နာရီမှ ည ၆ နာရီထိ တစ်နိုင်ငံလုံး တီးကြ၊ မှုတ်ကြ ကကြခုန်ကြ ရေတွေပတ်ကျနှင့် အချိန်ကိုက်ရက်ကိုက်ပြီး ၅ ရက်တိတိ အပျော်ကြီးပျော်ခဲ့ကြပေပြီ။ ခေတ်မှီ နည်းပညာများ တိုးတက်ထွန်းးကားလာသည့်အတွက် တစ်နိုင်ငံလုံးကို တစ်နေရာထဲမှနေ၍ စောင့်ကြည့်လို့ရလာခဲ့ပေပြီ။
မိုးမမြင်လေမမြင် ပျော်ခြင်တိုင်းပျော်ကြသူများ ရှိကြသလို ကမ္မဋ္ဌာန်းရိပ်သာကြီးများကို သွားရောက်ပြီး ၇ ရက်တရားစခန်း၊ ၁၀ ရက် တရားစခန်းများကို ၀င်ရောက်ကြပြီး ဒါန ဆိုတဲ့ လှူဒါန်းမှုတွေ၊ သီလ ဆိုတဲ့ ဆောက်တည်မှုတွေ၊ ဘာဝနာ ဆိုတဲ့ သမထ ဘာဝနာ၊ ၀ိပဿနာဘာဝနာများကို ပွားများအားထုတ်ကြပြီး မိမိရဲ့ ခန္ဓာကိုယ်ကြီး ဖောက်ပြန်ပျက်စီးတတ်တဲ့ ရုပ်တရား၊ ဒီဖောက်ပြန်ပျက်စီးမှုတွေကို စောင့်ကြည့်ပြီး သိနေတဲ့ နာမ်တရား၊ ဒီရုပ်တရား၊ နာမ်တရားတို့ရဲ့ မတည်မြဲတတ်တဲ့ သဘောဖြစ်တဲ့ အနိစ္စ၊ ဒိရုပ်တရား နာမ်တရားတို့ဟာ ခဏမစဲ သသဲသဲ ဖြစ်ပေါ်လာပြီး ပျက်စီးနေကြတာဘဲဆိုတဲ့ ဆင်းရဲနေတဲ့ သဘောတရားတွေဖြစ်တဲ့ ဒုက္ခ၊ ဒီရုပ်တရား၊ နာမ်တရားတို့ဟာ ကိုယ်ဖြစ်ချင်သလို မဖြစ်ရ၊ ကိုယ်စီမံသလိုမရတဲ့ အတွက်ကြောင့် ကိုယ့်အလိုသို့မလိုက်တဲ့အတွက်ကြောင့် အစိုးမရတဲ့ အနတ္တဆိုတဲ့ သဘောတရားတွေ၊ အနိစ္စ၊ ဒုက္ခ၊ အနတ္တ ဆိုတဲ့ လက္ခဏာရေးသုံးပါးကို အချိန်ပြည့် ဒလစပ်ရှုမှတ်ပွားများနေကြတာတွေကိုလည်း နည်းပညာများ၏ တိုးတက်ထွန်းကားလာမှုကြောင့် တစ်နေရာထဲကနေ တစ်နိုင်ငံလုံးဆောင်ရွက်နေကြတာတွေကို စောင့်ကြည့်နေခဲ့မိလေသည်။
တီးကြ၊ မှုတ်ကြ၊ ပျော်ကြ၊ ပါးကြ ရေတွေပက်ကြနှင့် ပျော်ပါးနေကြတာတွေကို ကြည့်လိုက်၊ ကမ္မဋ္ဌာန်းတရားပွားများအားထုတ်နေကြတာတွေကို ကြည့်လိုက်နှင့် ဒီနှစ်ခုကို နှိုင်းယှဉ်ကြည့်လိုက်တော့မှ အော် ဒါက ကုသိုလ်ပါလား၊  ဒါက အကုသိုလ်ပါလားဆိုပြီး ကုသိုလ်နှင့် အ ကုသိုလ်ကို ဝေဖန်ပိုင်းခြားပြီး ကြည့်နေမိရာက သတိသံဝေဂများ ရရှိ၍လာခဲ့ပေတော့သည်။
ဒီထက်မက သတိသံဝေကဂ ရစရာ အကြောင်းတရား တစ်ခုကလည်း ပေါ်ပေါက်လာခဲ့ပေသည်။ မိုးကုတ်ဝိပဿနာ တရားစခန်းမှ နံနက် ၃ နာရီဆိုလျှင် ယောဂီများကို အိပ်ယာက နှိုးတဲ့အနေနဲ့ တုံးမောင်းခေါက်ပါတယ်။ တုံးမောင်းခေါက်ပြီးတာနဲ့ ပခုက္ကူဆရာတော် ဘုရားကြီးရဲ့ အိပ်ယာနှိုးထ တရားက တဖြည်းဖြည်းပေါ်ထွက်လာခဲ့ပါတယ်။
ဆရာတော်ဘုရားကြီးရဲ့ အိပ်ယာနှိုးထ တရားကို မမျှော်လင့်ဘဲ နာကြားလိုက်မိရာက နားထောင်နားထောင်ရင်း ကြက်သီးမွေးညင်းများပင် ထလောက်အောင် ဘ၀သံသရာကြီးလည်ပတ်ရမှာကို ကြောက်ရွံ့၍ လာခဲ့ပေတော့သည်။
အဖန်ဖန် ပဋိသန္တေနေရအုံးမည့် ဒုက္ခ၊ အဖန်ဖန် အိုရအုံးမည့် ဒုက္ခ၊ အဖန်ဖန် နာရအုံးမည့် ဒုက္ခ၊ အဖန်ဖန် သေရအုံးမည့် ဒုက္ခ များကိုတွေးပြီး ရှေ့ဆက်ရမည့် ခရီးကို ကြောက်ရွံ့၍ လာခဲ့မိပေတော့သည်။
ယောဂီများလည်း ပခုက္ကူ ဆရာတော်ဘုရားကြီးရဲ့ အိပ်ယာနှိုးထ တရားတော်ကို အနည်းငယ်နာကြားနိုင်အောင် တင်ပြပေးလိုက်ရပါတယ်။

ဒေါင်.....ဒေါင်.....ဒေါင်....ဒေါင်....ဒေါင်
ယောဂီအပေါင်း သူတော်ကောင်းတို့
ယောဂီအပေါင်း သူတော်ကောင်းတို့
ယောဂီအပေါင်း သူတော်ကောင်းတို့

ယခု ဓမ္မရိပ်သာကြီး၌ တရားဝင် တရားအားထုတ်လျက်ရှိကြကုန်သော ရဟန်းရှင်လူ သူတော်ကောင်းအပေါင်းတို့အား အိပ်ယာမှထကြရန်အတွက် အချက်ပေးစည်မောင်းများ တီးခပ်လျက် နှိုးဆော်အပ်ပေပြီ သူတော်ကောင်းတို့..
အိုသူတော်ကောင်းအပေါင်းတို့၊ အိပ်ယာမှ ထကြကုန်လော့ မျက်နှာများ ထသစ်ကြပါကုန်လော့ ကိုယ်လက်များ သန့်စင်ကြပါကုန်လော့။ အိပ်ယာမှ ထကြပြီးလို့ လိုအပ်တဲ့ ပြုဖွယ်ကိစ္စ အ၀၀တို့ကို ပြင်ကြပါလော့။ ဆင်ခြင်ကြပါလော့။ အဆင်သင့်ဖြစ်ကြပါလော။့ ယောဂီအပေါင်း သူတော်ကောင်းတို့ထက် ကောင်းကင် အာကာဗွေက ငွေစန္ဒာ ဖိုးလမင်းကလည်း (၂၇) စင်းသော အသာဝနီ၊ ဘရဏီ၊ ကြတ္တိကာ၊ ရောဟဏီ၊ မိဂသီ ပုဏ္ဏဖုသျှစ သည့် ထောင်သောင်းကြယ်တာရာ နက္ခတ်အပေါင်းတို့ ခညောင်းကာ ကာရံပတ်လို့ လူ့ပြည်ကို ကြည့်လတ်ပြီးသော်

အို ယောဂီအပေါင်း သူတော်ကောင်းတို့ အိပ်ယာမှ ထကြကုန်လော့။ အမောင်လူသား အိပ်နေခဲ့တဲ့ နေ့တွေ ရက်တွေ နှစ်တွေကို ပြန်လည်ကာ ဂဏန်းချ၍ မှန်းဆလို့ ကြည့်လိုက်သော် သံသရာရှည်သမျှ အနေတွေစပ်လို့မို့ အသေတွေလည်း ထပ်ခဲ့ကြပြီး ဇာတိ၊ ဇရာ၊ ဗျာဓိ၊ မရဏ စသည့် ထောင်သောင်းဘေးအပေါင်းတွေကလည်း ကြုံခဲ့လှပေါ့။ ရှေ့ကိုလည်း ခန္ဓာအစဉ် ဥာဏ်မ၀င်လို့ ပဋိစ္စသမုပ္ပဒ်လည်လို့သာ စပ်နေကြလျှင်ဖြင့် အပါယ်လေးပါးဆိုတဲ့ နေရာဟာလည်း အမောင်လူသားရဲ့ နေရာသာ ဖြစ်တယ်လို့ ဘုရားရှင်ကိုယ်တော်မြတ်ကြီးက ဟောတော်မူခဲ့ပါတယ်။

အိုအမောင်လူသားယောဂီများတို့
သတိထား၍ စဉ်းစားသာကြည့်ကြပါတော့။ အိပ်ရေးမ၀လို့ အိပ်ယာက မထဘဲ ခန္ဓာအစဉ်ဥာဏ်မ၀င်ခဲ့လျှင်ဖြင့် အမောင်လူသားသည် ငရဲ၊ တိရစ္ဆာန်၊ ပြိတ္တာ၊ အသူရကယ်ဆိုတဲ့ အပါယ်လေးဘုံကို ကျရမည့်ဘေး အကျိုးတို့ အကန်းတို့ အနူတို့၊ အရွဲတို့၊ အဆွံ့တို့ ဖြစ်ကြရဦးမည့်ဘေး၊ ဇာတိဆိုတဲ့ ဒုက္ခ၊ ဇရာဆိုတဲ့ ဒုက္ခ၊ ဗျာဓိဆိုတဲ့ ဒုက္ခ၊ မရဏဆိုတဲ့ ဒုက္ခ။ ဒီ ဒုက္ခတွေနဲ့လည်း တွေ့ကြုံကြရဦးမည့်ဘေး၊ သြော် ဘေးတွေကလည်း များလိုက်ပါဘိ။ ဒီ ဘေးတွေနဲ့ အမောင်လူသား ဧကန်တွေ့ရ၊ ကြုံရ၊ ခံရဦးပေတော့မယ်။

အို အမောင်လူသား ယောဂီများတို့
အိပ်ရေးမ၀လို့ အိပ်ယာက မထဘဲ ပေတေတေလုပ်၍ နေကြလျှင်ဖြင့် အမောင်လူသားရဲ့ ရှေ့ရေးဟာ တကွက်ကလေးမှ ရတက်အေးစရာ မရှိပါလား။ အမောင်လူသား စဉ်းစားပါလော့ ၊ နိုးကြားပါလော့၊ ခန္ဓာအစဉ် ဥာဏ်မ၀င်လို့ ပဋိစ္စသမုပ္ပဒ် မရပ်မနား တက်ကာသာသွားနေကြလျှင်ဖြင့် ၀ိဥာဏ်၊ နာမ်ရုပ်၊ သဋာယတန၊ ဖဿဝေဒနာ၊ ခန္ဓာတွေ ဟာဖြင့် မရေမတွက်နိုင်အောင်ကြိမ်ဖန်များစွာ ရကြပေဦးတော့မည်။

အို ယောဂီအပေါင်း သူတော်ကောင်းတို့
ဇာတိ၊ ဇရာ၊ ဗျာဓိ မရဏ စသည့် ထောင်သောင်းသော အို၊ နာ၊ သေ၊ မွဲ၊ ကွဲ ဆိုတဲ့ ဘေးအပေါင်းတို့မှာ ကောင်းကောင်းကြီး လွန်မြောက်ကြရအောင် မိမိရဲ့ ခန္ဓာအစဉ်မှာ ဥာဏ်ဝင်လို့ဖြတ်ကြပါစို့ ယောဂီအပေါင်းသူတော်ကောင်းတို့။
စသည်ဖြင့် ဆရာတော်ကြီး၏ အိပ်ယာနှိုးထ တရားတော်ကို အစမှ အဆုံးနားမထောင်ဖြစ်ပေမယ့် မိမိကြားရသလောက်နှင့်ပင် သံဝေဂများရရှိနေပေတော့သည်။ ဆရာတော်ကြီး၏ အသံတော်ကို နာကြားရလျှင် ပို၍ပင် သံဝေဂများရရှိပြီး ဘ၀သံသရာကြီး လည်ပတ်ရမှာကို ကြောက်ရွံ့လာပေလိမ့်မည်။
ယခုလို နှစ်သစ်ကူး အခါသမယမှာ တရားစခန်းများကို သွားရောက်ပြီး ၀ိပဿနာကမ္မဋ္ဌာန်းတရားကို ပွားများအားထုတ်ကြသူများ ရှိကြသလို တီးကြ၊ မှုတ်ကြ၊ ကကြ၊ ခန်ကြ၊ ပျော်ကြ၊ ပါးကြ၊ ရေတွေပက်ကြနှင့် တစ်နိုင်ငံလုံး ပျော်မြူးနေကြသည်များကိုလည်း တွေ့ရှိနေရပေသည်။
အဲဒါကြောင့် တောင်မြို့မဟာဂန္ဓာရုံဆရာတော်ဘုရားကြီး အရှင်ဇနကာဘိဝံသ က ဒီလို စပ်ဆိုထားခဲ့ပေသည်။
လူတို့နေရာ ဤကမ္ဘာ တဏှာ အုပ်စိုးသည်
တဏှာစေရာ မနေသာ ဖွေရှာဆက်ရသည်
ရသည့် ဥစ္စာ ချစ်သူပါ စွံ့ခွါသွားရသည်
တကယ့်အရေး တကယ့်ဘေး ဘယ်သွေး ဘယ်သား မကယ်ပြီ
ဆိုပြီး စပ်ဆိုခဲ့ပေသည်။

တကယ်တော့ လူ့ဘ၀ရဘို့ဆိုတာ အင်မတန်မှာ ခဲရင်းလှပေသည်။ မိုးပေါ်က အပ်တစ်ချောင်းနှင့် မြေကြီးပေါ်က အပ်တစ်ချောင်း ထိပ်ခြင်းထိဘို့သာ လွယ်ရင်လွယ်မယ်။ လူ့ဘ၀ရရှိဘို့ဆိုတာ အင်မတန်မှ ခဲရင်းလှပါတယ်တဲ့။
အဲဒါကြောင့် လူ့ဘ၀ရရှိလာကြတဲ့ ခဏတာ ကာလလေးမှာ တွေ့ကြရ၊ ကြုံကြရ၊ ဆုံကြရတဲ့ ပုဂ္ဂိုလ်များနဲ့ ချစ်ချစ်ခင်ခင် တိုင်တိုင်ပင်ပင် မည်သူ့ကိုမျှ ရန်လိုမှု ၊ မုန်းတီးမှု၊ ကဲ့ရဲ့မှု၊ ပြစ်တင်မှုတွေ မထားကြဘဲ ဘ၀အဆက်ဆက်က တော်စပ်ခဲ့ကြရတဲ့ ဆွေတော်မျိုးတော်တို့နဲ့ ပြန်တွေ့ကြရတာဘဲလို့ သဘောထားပြီး လူတိုင်းအပေါ်မှာ သည်းခံခြင်း၊ ခွင့်လွှတ်ခြင်း၊ အနစ်နာခံခြင်းတို့ကို လက်ကိုင်ထားပြီး လူ့ဘ၀ကြီးကို တန်ဖိုးရှိရှိ ပြုမူကျင့်ကြံနေထိုင်ကြပြီး သကာလ လူတိုင်းအပေါ်မှာ မေတ္တာ၊ စေတနာ ထားပြီး နှစ်သစ်မှာ ဘ၀သစ်ကို တည်ဆောက်သွားကြပါကုန်စို့ ယောဂီအပေါင်း သူတော်ကောင်းတို့...။

Contact

General Inquiries

Please use this email address to contact me by email.

ceomoenaymin@mmcities.com

Connect with me