03 Aug 2016

 

ရုပ် ဆိုတာ -    အပူ၊ အအေး စတဲ့ အကြောင်းတရားတွေကြောင့် ဖောက်ပြန်ပျက်စီးတတ်တဲ့ သဘောတရားကို ပြဆိုတာဖြစ်တဲ့အတွက်ကြောင့် ရုပ်လို့ခေါ်ပါတယ်။
လူရဲ့ ခန္ဓာကိုယ်ကြီးဟာ မီးနဲ့တွေ့ရင်လောင်ကျွမ်းပျက်စီးတယ်။ အဲဒီလို အပူ အအေးတို့နဲ့ တွေ့ထိတဲ့အခါမှာ ဖောက်ပြန်ပျက်စီးတတ်တဲ့အတွက်ကြောင့် လူ့ရဲ့ ခန္ဓာကိုယ်ကြီးကို ရုပ်လို့ခေါ်ပါတယ်။

နာမ် ဆိုတာ -  အာရုံကို ယူတတ်၊ သိတတ်တဲ့ သဘောတရားဖြစ်တဲ့ စိတ်ကို ပြောတာ ဖြစ်ပါတယ်။ စိတ်ကိုမှ ထပ်မံခွဲခြားလိုက်ရင် စေတသိက်  ဆိုတာတွေ ရှိပါတယ်။

စေတသိက် ဆိုတာ - မူလစိတ်ကို မှီတွယ်ပြီး ဒီ မူလစိတ်ကိုဘဲ ချယ်လှယ်ပြီး စိတ်အမျိုးမျိုးဖြစ်အောင် ဖန်တီးတာကို ခေါ်ဆိုတာ ဖြစ်ပါတယ်။
လူမှာ လောဘဆိုတဲ့ လိုချင်တတ်မက်မှု စိတ်တွေ ဖြစ်ပေါ်လာရင် လောဘစိတ်ဖြစ်ပါတယ်။
ဒေါသ ဆိုတဲ့ ကြမ်းတမ်းခက်ထန်မှုတွေ ဖြစ်ပေါ်ရင် ဒေါသစိတ် ဖြစ်ပါတယ်။

အဲဒီလို လောဘစိတ်၊ ဒေါသစိတ်၊ မောဟစိတ်ဆိုတဲ့ စိတ်အမျိုးမျိုး ဖြစ်ပေါ်လာတာကို စေတသိက်လို့ ခေါ်ပါတယ်။ အဲဒီလို စေတသိက်မျိုးပေါင်း ၅၂ ပါး ရှိပါတယ်။ စားချင်တဲ့ စိတ်၊ သွားချင်တဲ့ စိတ်၊ လာချင်တဲ့ စိတ်၊ ထိုင်ချင်တဲ့ စိတ်၊ အိပ်ချင်တဲ့ စိတ်၊ အဲဒီလို စိတ်အမျိုးမျိုး ဖြစ်ပေါ်မှုဟာ လူမှာ ၅၂ ပါး ရှိပါတယ်။ အဲဒါတွေ အားလုံးကို ပေါင်းစုပြီး စေတသိက်လို့ သတ်မှတ်တာ ဖြစ်ပါတယ်။
အဲဒီ စိတ်နဲ့ စေတသိက်တို့ဟာ အာရုံသို့ ကိုင်းညွှတ်ပြီး အာရုံကို သိတတ်ကြလို့ သူတို့ကိုပေါင်းပြီး နာမ်လို့ ခေါ်ဆိုတာ ဖြစ်ပါတယ်။
လူတစ်ယောက်မှာ သို့မဟုတ် တိရစ္ဆာန်တကောင်မှာ စိတ် စေတသိက် နဲ့ ရုပ်တို့ဘဲ ရှိကြပါတယ်။ တနည်းအားဖြင့် ရုပ်နဲ့နာမ် နှစ်ပါးဘဲ ရှိကြပါတယ်။ 

နိဗ္ဗာန် ဆိုတာ  - ရုပ်၊ နာမ်တို့ရဲ့ ဒုက္ခခပ်သိမ်း ချုပ်ငြိမ်းရာ ဖြစ်တဲ့အတွက်ကြောင့် ခန္ဓာကိုယ်မှာ မရှိဘူးလို့ ဆိုရပါလိမ့်မယ်။

လူ့ရဲ့ ခန္ဓာကိုယ်မှာ ရုပ်ခန္ဓာက (၁) ပါး နာမ်ခန္ဓာက (၄) ပါး  စုစုပေါင်း ခန္ဓာ (၅) ပါး ရှိပါတယ်။

ရုပ်ခန္ဓာတစ်ပါး - ရူပက္ခခန္ဓာ

ရူပက္ခခန္ဓာ - ရုပ်တရားအားလုံးတို့ရဲ့ အပေါင်းအစု ခန္ဓာကိုယ်ကြီး တစ်ခုလုံးမှာ ပါဝင်တဲ့ အစိတ်အပိုင်းများကို ရူပက္ခခန္ဓာလို့ ခေါ်ဆိုတာ ဖြစ်ပါတယ်။

နာမ် ခန္ဓာ (၄) ပါး ဆိုသည်မှာ -

ဝေဒနက္ခန္ဓာ - ဝေဒနာတို့ရဲ့အပေါင်းအစု ထုံတယ်၊ ကျင်တယ်၊ ကိုက်တယ်၊ ခဲတယ်၊ နာတယ်၊ အောင့်တယ်၊ မွှေးတယ်၊ နံတယ် စသည်ဖြင့် ခံစားတတ်တဲ့ ဝေဒနာတို့ရဲ့ အပေါင်းအစုကို ခေါ်တာ ဖြစ်ပါတယ်။ စိတ်မှာ ဖြစ်ပေါ်တဲ့အတွက်ကြောင့် နာမ်ခန္ဓာလို့ ခေါ်တာ ဖြစ်ပါတယ်။

သညာကခန္ဓာ - သညာတို့ရဲ့ အပေါင်းအစု သညာဆိုတာ မှတ်သားထားတဲ့သဘော မောင်ဖြူ၊ မောင်နီ၊ ဒေါ်ညို စသည်ဖြင့် မွေးဖွားလာတဲ့ လူပုဂ္ဂိုလ်တွေက များပြားလွန်းတော့ ရောထွေးနေမှာစိုးလို့ သူ့ဟာ ကိုယ့်ဟာ မှတ်မိအောင် နာမည်တွေ နာမည်တွေပေးပြီး မှတ်သားထားတာကို သညက်ခန္ဓာလို့ ခေါ်ပါတယ်။ ငါ၊ သူ၊ တပါး၊ ယောက်ျား၊ မိန်းမ၊ ပုဂ္ဂိုလ်၊ သတ္တ၀ါ တွေဟာ သညာက္ခန္ဓာတွေပါဘဲ။ အမှန်တကယ်ရှိတာမဟုတ်ဘဲ မှတ်မိအောင် မှတ်သားထားတဲ့တရားတွေမို့ ပညတ်တရားတွေလို့ ခေါ်ဆိုပါတယ်။

သင်္ခါရက္ခန္ဓာ     - လူရဲ့ စိတ်ကို စေ့ဆော်မှူ တိုက်တွန်းမှု ဖြစ်တဲ့ စားချင်တယ်။ သွားချင်တယ်။ လာချင်တယ်။ ထိုင်ချင်တယ်။ ရပ်ချင်တယ် ဆိုတာ တွေဟာ သင်္ခါရ ခန္ဓာပါဘဲ။ စိတ်မှာ ဖြစ်ပေါ်တဲ့အတွက်ကြောင့် နာမ် ခန္ဓာထဲမှာ ထည့်ပါတယ်။ 

ဝိဥာဏာကခန္ဓာ - လူမှာဖြစ်ပေါ်တဲ့ စိတ်အားလုံးတို့ရဲ့ အပေါင်းအစုကို ၀ိဥာဏကခန္ဓာလို့ ခေါ်ပါတယ်။ စိတ်ကို ၀ိဥာဏ်လို့လဲ ခေါ်ကြပါတယ်။

ရုပ်ခန္ဓာ (၁) ပါး နာမ် ခန္ဓာ (၄) ပါးကို သိရှိနိုင်အောင်သာ တင်ပြပြီး နာမ်ခန္ဓာ (၄) ပါးကို အားလုံးစုပေါင်းပြီး နာမ်တစ်ခုကိုပဲ ကူပါတယ်။ အဲဒါကြောင့် လူရဲ့ ခန္ဓာကိုယ်မှာ ရုပ်နဲ့ နာမ် နှစ်ပါးသား ရှိပါတယ်။

အဲဒါကြောင့် လူရဲ့ ခန္ဓာကိုယ်မှာ သညာအနေနဲ့ မှတ်သားထားတဲ့ နာမည်တွေ၊ အခေါ်အဝေါ်တွေဟာ မှတ်မိအောင်သာ မှတ်သားထားတဲ့အတွက် အမှန်တကယ်ရှိတဲ့ တရားများ မဟုတ်ကြဘဲ လုပ်ကြံ ဖန်တီးထားတာတွေ ဖြစ်တဲ့အတွက်ကြောင့် ပညတ်တရားတွေလို့ ခေါ်ပါတယ်။

လူရဲ့ ခန္ဓာကိုယ်မှာ အမှန်တကယ် ရှိနေတာက ရုပ်နဲ့နာမ် နှစ်မျိုးသာ ရှိတာကြောင့် အမှန်ရှိ၊ တကယ်ရှိ၊ အဟုတ်ရှိတာကို ၊ ပရမတ်တရားတွေလို့ ခေါ်ဆိုတာ ဖြစ်ပါတယ်။

အဲဒါကြောင့် လူတစ်ယောက်မှာ မောင်ဖြူက ပညတ်
ရုပ်နဲ့နာမ်က ပရမတ်
ပညတ်နဲ့ ပရမတ်ကို ခွဲခြားသိဘို့ လိုအပ်ပါတယ်။ အဲဒီလို ပညတ်ကို ပညတ်မှန်းမသိ၊ ပရမတ်ကို ပရမတ်မှန်း မသိတာကို မောဟဖုံးနေတဲ့အတွက်ကြောင့် အ၀ိဇ္ဇာလို့ ခေါ်ပါတယ်။

မောဟ ဆိုတာ အာရုံရဲ့ သဘောအမှန်ကို မသိခြင်း၊ ဖုံးကွယ်ခြင်း သဘောဖြစ်ပါတယ်။ လူ၊ ခွေး၊ ကြောင် စသည်တို့ကို မြင်တဲ့အခါမှာ လူ၊ ခွေး၊ ကြောင် စသည်တို့ကို မြင်တဲ့အခါမှာ လူ၊ ခွေး၊ ကြောင် လို့ ထင်မြင်နေတာဟာ ရုပ်နာမ်တို့ရဲ့ သဘောအမှန်ကို မသိနိုင်လောက်အောင် မောဟက ဖုံးကွယ်ပေးထားလို့ပါဘဲ။

အမှန်က လူ၊ ခွေး၊ ကြောင် စသည်တို့ဟာ မှတ်မိအေင် သတ်မှတ်ထားတဲ့ ပညတ်တရားတွေပါဘဲ။ တကယ်ရှိ၊ အဟုတ်ရှိ၊ အမှန်ရှိတဲ့ ပရမတ်တရားဖြစ်တဲ့ ရုပ်နဲ့နာမ်ကို မြင်အောင်ကြည့်မှ အမှန်မြင်တဲ့ ၀ိဇ္ဇာဥာဏ် ဖြစ်ပါတယ်။

ဒီနေရာမှာ ကျေးဇူးတော်ရှင် တောင်ပုလု ကမ္ဘာအေး ဆရာတော်ဘုရားကြီးက ရုပ်နဲ့ နာမ်ကို ခွဲခြားသိနိုင်အောင် ၀ိပဿနာ အလုပ်ပေးတရားထဲမှာ ဆရာတော် ဘုရားကြီးကု ယခုလို ဟောကြားတော်မူခဲ့ပါတယ်။

သွားချင်တာက နာမ်၊ သွားရတာက ရုပ်
ရပ်ချင်တာက နာမ်၊ ရပ်ရတာက ရုပ်
ထိုင်ချင်တာက နာမ်၊ ထိုင်ရတာက ရုပ်
အိပ်ချင်တာက နာမ်၊ အိပ်ရတာက ရုပ်
သွားချင်တဲ့ စိတ် (ခေါ်) နာမ် ဖြစ်ပေါ်လို့ ရုပ်ခန္ဓာကြီးက ထပြီး သွားရတယ်။ ဒီလို သွားပြန်တော့လဲ မောင်ဖြူသွားနေတာမဟုတ်၊ မောင်နီသွားနေတာမဟုတ်၊ ပုဂ္ဂိုလ်၊ သတ္တ၀ါ၊ ငါ၊ သူ၊ တပါး၊ ယောက်ျား၊ မိန်းမသွားနေတာ မဟုတ် နာမ်နဲ့ ရုပ်သာ သွားနေတယ်လို့ သိနေရမှာ ဖြစ်ပါတယ်။ 
ရပ်ချင်တဲ့ စိတ် (ခေါ်) နာမ် ဖြစ်ပေါ်လို့ ခန္ဓာကိုယ်ကြီးက ရပ်နေရသော်လည်းပဲ မောင်ဖြူ ရပ်နေတာမဟုတ်၊ မောင်နီ ရပ်နေတာမဟုတ်၊ ပုဂ္ဂိုလ်၊ သတ္တ၀ါ၊ ငါ၊ သူ၊ တပါး၊ ယောက်ျား၊ မိန်းမ ရပ်နေတာ မဟုတ် နာမ်နဲ့ ရုပ်သာ ရပ်နေတယ်လို့ သိနေရမှာ ဖြစ်ပါတယ်။ 
ထိုင်ချင်တဲ့ စိတ် (ခေါ်) နာမ် ဖြစ်ပေါ်လို့ ခန္ဓာကိုယ်ကြီးက ထိုင်နေရသော်လည်းပဲ မောင်ဖြူ ထိုင်နေတာမဟုတ်၊ မောင်နီ ထိုင်နေတာမဟုတ်၊ ပုဂ္ဂိုလ်၊ သတ္တ၀ါ၊ ငါ၊ သူ၊ တပါး၊ ယောက်ျား၊ မိန်းမ ထိုင်နေတာ မဟုတ် နာမ်နဲ့ ရုပ်သာ ထိုင်နေတယ်လို့ သိနေရမှာ ဖြစ်ပါတယ်။ 
အိပ်ချင်တဲ့ စိတ် (ခေါ်) နာမ် ဖြစ်ပေါ်လို့ ခန္ဓာကိုယ်ကြီးက အိပ်နေရသော်လည်းပဲ မောင်ဖြူ အိပ်နေတာမဟုတ်၊ မောင်နီ အိပ်နေတာမဟုတ်၊ ပုဂ္ဂိုလ်၊ သတ္တ၀ါ၊ ငါ၊ သူ၊ တပါး၊ ယောက်ျား၊ မိန်းမ အိပ်နေတာ မဟုတ် နာမ်နဲ့ ရုပ်သာ ထိုင်နေတယ်လို့ သိနေရမှာ ဖြစ်ပါတယ်။ 

အဲဒီလိုဘဲ နေ့စဉ်နေ့တိုင်း အိမ်မှုကိစ္စတွေ လုပ်ကိုင်ဆောင်ရွက်ကြရင်း ရုံးသူရုံးသားများကလည်း ရုံးသူရုံးသား အလျှောက်၊ ကျောင်းသူကျောင်းသားများကလည်း ကျောင်းသူကျောင်းသားများ အလျှောက်၊ ဈေးသူဈေးသားများကလည်း ဈေးသူဈေးသားများ အလျှောက်၊ ချက်တဲ့ပြုတ်တဲ့ သူများကလည်း ချက်တဲ့ပြုတ်တဲ့အလျှောက်၊ မိမိတို့ လုပ်ကိုင်ဆောင်ရွက်နေကြရတဲ့ လုပ်ငန်းကိစ္စအ၀၀ပေါ်မှာ နာမ်နှင့်ရုပ်သာ လုပ်နေတယ်လို့ သိပြီး မှတ်နေရမှာ ဖြစ်ပါတယ်။

နေတံမမ နေသောဟ မသ္မိံ နမေသော အတ္တာဟိ ပဿတော စိတ္တံ သုဝိမဇ္ဇတိ အနူပါဒါ အာသဝေဟိ ဆိုပြီး ဆရာတော်ကြီးက ဟောတော်မူခဲ့ပါတယ်။ ဆိုလိုတဲ့ အနက် အဓိပ္ပါယ်ကတော့

ဧတံ - ဤ ရုပ်နာမ်တရားနှစ်ပါးသည် နမဇ - ငါမဟုတ် နာမ်ရုပ်သာ ဟုတ်၏၊ ဧသော - ဤ နာမ် ရုပ်တရားနှစ်ပါးသည် မေ - ငါ၏ နအတ္တာ- ကိုယ်မဟုတ် နာမ်ရုပ်သာ ဟုတ်၏။ ဏ္ဍုတိ - ဤသို့ ပဿတော ရှုမြင်တတ်သော ယောဂီပုဂ္ဂိုလ်အား အနူပါဒါ - တဏှာ မာန ဒိဋ္ဌိအားဖြင့် စွဲလမ်းခြင်း ဥပါဒါန် မရှိသည် ဖြစ်ဿ အာသစေဟိ - အာသဝေါ တရားလေးပါးတို့မှ စိတ္တံ စိတ်သည် သုဝိမုစ္စတိ - ကောင်းစွာလွတ်၏

နာမ်ရုပ်ကို တိတိကျကျ အမှန်တကယ်ထင်လျှင် ပုထုဇဉ်ပင် ဖြစ်သော်လည်း အာသဝေါတရားလေးပါး ကုန်ခမ်းသော ရဟန္တာ ပုဂ္ဂိုလ်များကဲ့သို့ ချမ်းသာစွာ နေရ၏ လို့ ဟောတော်မူခဲ့ပါတယ်။ 

ဆရာကြီး ဒေါက်တာ မင်းတင်မွန်ကလည်း မြတ်ဘာဝနာ စာအုပ်မှာ ရေးထားတာက အဲဒီလို အမှန်ရှိတာကို မသိ၊ အမှန်မရှိတာကို အမှားသိ နေတဲ့ သဘောဟ မောဟ ပါဘဲတဲ့။ ပြီးတော့ ရုပ်နာမ် ၂ ပါး (သို့မဟုတ်) ခန္ဓာ ၅ ပါးတို့ဟာ မပျက်မစီး တည်မြဲနေတဲ့ နိစ္စတရားတွေ မဟုတ်ဘူး။ ခဏမစဲ တသဲသဲ ပျက်နေကြတဲ့ အနိစ္စတရားတွေသာ ဖြစ်ကြတယ်။ ချမ်းသာတဲ့ သုခတရားတွေ မဟုတ်ဘူး။ ခဏ မစဲ တသဲသဲ ပျက်နေတဲ့ ဒဏ်ချက်ဖြင့် အနှိပ်စက်ခံနေရတဲ့ ဒုက္ခတရားတွေသာ ဖြစ်ကြတယ်။ အသက်ကောင်၊ လိပ်ပြာကောင်၊ အတ္တကောင် (ငါကောင်) စသည်တို့ မဟုတ်ကြဘူး။ ဘယ်တော့မှ မပျက်စီးဘဲ အစဉ်အမြဲတည်မြဲနေမဲ့ အနှစ်သာရလဲ မရှိ။ မိမိအလိုသို့လည်းမလိုက်၊ အတ္တကောင်လည်း မဟုတ်ကြတဲ့ အနတ္တတရားတွေသာ ဖြစ်တယ်။ တင့်တယ်တဲ့ သုဘတရားတွေ မဟုတ်ကြဘူး။ မတင့်တယ် ရွံစဖွယ်ဖြစ်တဲ့ အသုဘတရားတွေသာ ဖြစ်ကြတယ်။
အဲဒီလို အနိစ္စ၊ ဒုက္ခ၊ အနတ္တ အသုဘ ဆိုတဲ့ ရုပ်နာမ်တို့ရဲ့ သဘောအမှန်ကို မမြင်သိအောင် မောဟက ဖုံးကွယ်ထားတော့ ရုပ်နာမ်တွေဟာ နိစ္စဘဲ။ သုခဘဲ။ အတ္တဘဲလို့ ထင်မြင်စွဲယူလိုက်တယ်။ အမြင်မှား၊ အသိမှားတာက မောဟ စေတသိက်ဖြစ်ပြီး အယူအဆမှားတာက ဒိဋ္ဌိ စေတသိက် ဖြစ်ပါတယ်။ ရုပ် နာမ်တို့ဟာ နိစ္စ သုခ၊ အတ္တ သုဘ ပဲလို့ ထင်မြင်စွဲယူလိုက်တဲ့ အခါမှာ တဏှာ၊ ရာဂ စသည်ဖြင့် အမည်အမျိုးမျိုးရတဲ့ လောဘကလည်း အစွမ်းကုန် တပ်မက်တွယ်တာတော့တာပေါ့တဲ့။

လောဘ၊ ဒေါသ၊ မောဟ တို့ဟာ အကုသိုလ်တရားတို့ရဲ့ အရင်းအမြစ် မူလတွေပဲ စိတ်မှာလောဘ မောဟတို့ ယှဉ်လိုက်ရင် လိုချင်တတ်မက်တဲ့ လောဘစိတ် ဖြစ်ပေါ်လာတယ်။ စိတ်ကို ဒေါသ မောဟတို့ ခြယ်လှယ်ခွင့်ရရင် ဒေါသစိတ် ဖြစ်ပေါ်လာတယ်။ မောဟနဲ့ ၀ီစီကိစ္ဇာတို့ ယှဉ်တွဲပြီး စိတ်ကိုခြယ်လှယ်ခွင့်ရရင် ကုသိုလ်ရေးမှာ ယုံမှားသံသယဖြစ်မှု တွေဝေမှုတွေ ဖြစ်ပေါ်လာပါတယ်။
အလောဘ၊ အဒေါသ၊ အမောဟ၊ တရားတို့ဟာ လောဘ၊ ဒေါသ၊ မောဟ တရားတို့ရဲ့ ဆန့်ကျင့်ဘက် တရားတွေဘဲ အ လောဘက ကာမဂုဏ်အာရုံကို မလိုချင် မတပ်မက်တဲ့သဘော စွန့်လွှတ်ပေးကမ်းနိုင်တဲ့ သဘောဖြစ်တယ်။ အ ဒေါသက မကြမ်းတမ်းမခက်ထန်တဲ့ သဘော သည်းခံခွင့်လွှတ်တဲ့သဘော မေတ္တာသဘောဖြစ်တယ်။

အမောဟက အာရုံရဲ့ အမှန်သဘောကို ထိုးထွင်းသိမြင်တဲ့ ပညာသဘောဖြစ်တယ်။ စိတ်မှာ အလောဘ၊ အဒေါသ တို့ယှဉ်လိုက်ရင် မိမိရဲ့ ပစ္စည်းဥစ္စာတို့ကို မတပ်မက်မတွယ်တာတော့ဘဲ သူတပါးကောင်းစားရေးအတွက် စွန့်ကြဲပေးကမ်းလှူဒါန်းနိုင်လာတယ်။ မိမိကိုယ်ကျိုးတွေကို စွန့်ပြီး သူတပါးတို့ရဲ့ အကျိုးကို သယ်ပိုးထမ်းရွက်လာနိုင်တယ်။ သူတပါးတို့ရဲ့ ပြစ်မှား ကျူးလွန်မှုတွေကို သည်းခံခွင့်လွှတ်ပြီး မေတ္တာထားနိုင်လာတယ်။ ကောင်းမြတ်တဲ့ ကုသိုလ်စိတ်တွေ ဖြစ်ပေါ်လာတော့တာပါဘဲ။
အမောဟ ဆိုတဲ့ ပညာ စေတသိက်ဟာ အကုသိုလ်တရားတို့ရဲ့ ရှေ့ဆောင်အကြီးအကဲဖြစ်တဲ မောဟကို အမြစ်ပြတ်အောင် ပါယ်သတ်နိုင်တယ်။
သမထနဲ့ ၀ိပဿနာ ဘာဝနာတို့ကို ရှုပွားလို့ ရုပ်နာမ်တို့ရဲ့ အနိစ္စ၊ ဒုက္ခ၊ အနတ္တ၊ အသုဘ သဘောတို့ကို မှန်ကန်စွာ မြင်သိလာတဲ့အခါ ၀ိပဿနာဥာဏ် အဆင့်ဆင့်ဆိုတဲ့ ပညာတွေ ဖြစ်ပေါ်လာပြီး ရုပ်နာမ်တို့ရဲ့ သဘောအမှန်ကို မသိအောင် ဖုံးကွယ်ထားတဲ့ မောဟကို တွန်းလှန်ဖယ်ရှားနိုင်ပါတယ်။
အဲဒါကြောင့် ဆရာကြီး ဒေါက်တာမင်းတင်မွန်က မြတ်ဘာဝနာ စာအုပ်မှာ ယခုလို စပ်ဆိုထားပါသေးတယ်။

- ရုပ် နာမ်တို့ရဲ့ သဘောအမှန်ကို မသိအောင် ဖုံးကွယ်တာက မောဟဆိုတဲ့ အ၀ိဇ္ဇာ
- အမှန်မသိအောင် အမှောင်ချပြီး တွေဝေစေတာ အ၀ိဇ္ဇာ
-အမှန်ကိုမမြင် အမှားမြင်ပြီး အမှားထင်စေတာ အ၀ိဇ္ဇာ
-အမြဲမပြတ် တရစပ် ဖြစ်ချုပ်နေတာ ရုပ်နာမ်နှစ်ဖြာ
-ရုပ်နာမ်ဖြစ်ပျက် မမြင်သည့်အတွက် မြဲတယ်ထင်တာ အ၀ိဇ္ဇာ
-ရုပ်နာမ်ဖြစ်ပျက် မမြင်သည့်အတွက် ဆင်းရဲမထင်တာ အ၀ိဇ္ဇာ
- မမြဲဆင်းရဲ မမြင်သိဘဲ ငြိစွဲတွယ်တာ လောဘတဏှာ
- တဏှာထွက်ရာ ငါးခန္ဓာကို ငါဟု ယူတာ ဒိဋ္ဌိပါ
- တဏှာ ဒိဋ္ဌိ စွဲကပ်ငြိ အပါယ်ထိ မြုပ်ရပါ
-ဘ၀ သံသရာ ကျင်လည်ကာ လွန်စွာဆင်းရဲပါ
- ၀ဋ်ဆင်းရဲမှ လွတ်လိုက ရှုပါ့ ၀ိပဿနာ
- ရုပ် နာမ် သဘာဝ လွန်တိကျ သိမှမောဟကွာ
-ပညာအလင်းရောင် ထွန်းလင်းပြောင် မိုက်မှောင်ကင်းတော့တာ
- နိဗ္ဗာန်သာခေါင် ဘေးမဲ့သောင် မဂ်ဆောင်ရောက်မည်သာ

ရုပ်တရား နာမ်တရားတို့က ခဏမစဲတသဲသဲ ဖြစ်ပျက်နေတာကို မသိအောင် ဖုံးကွယ်ထားတာက မောဟဆိုတဲ့ အ၀ိဇ္ဇာပါဘဲ၊ အ၀ိဇ္ဇာက အမှန်သဘောကို မသိအောင် ဖုံးကွယ်ထားတော့ အနိစ္စ- မမြဲဘူးဆိုတာကို နိစ္စ - မြဲတယ်လို့ ထင်တယ်။
ဒုက္ခ - ဆင်းရဲပဲဆိုတာကို သုခ- ချမ်းသာတယ်လို့ ထင်တယ်။ အနတ္တ- ငါမဟုတ်ဘူးဆိုတာကို အတ္တ- ငါ လို့ထင်တယ်။ အသုဘ- မတင့်တယ်ဘူး ဆိုတာကို သုဘ- တင့်တယ်လို့ ထင်တယ်။ 
မြဲတယ်၊ ချမ်းသာတယ်၊ တင့်တယ်တယ်၊ ငါပဲ-ငါ့ဥစ္စာပဲ လို့ ထင်မှတ်မှားတော့ တဏှာက တပ်မက်စွဲလမ်းပါတော့တယ်။ အ၀ိဇ္ဇာနဲ့တဏှာတို့ကို အကြောင်းခံပြီး ကိလေသာတရားတွေ တိုးပွားလို့ ဆင်းရဲ ဒုက္ခတွေ ဆူဝေလာတော့တယ်။
အ၀ိဇ္ဇာနဲ့ တဏှာတို့ဟာ ဆင်းရဲခြင်းအားလုံးရဲ့ ရေသောက်မြစ်တွေဘဲ။ သည်ရေသောက်မြစ်တို့ကို အငုတ်မကျန်အောင် ပယ်လှန်ခုတ်ပိုင်းနိုင်ပါမှ ဆင်းရဲတွေအားလုံး ချုပ်ငြိမ်းသွားကြလိမ့်မယ်။ အငုတ်မကျန်အောင် ခုတ်ပိုင်းတဲ့နည်းက အ၀ိဇ္ဇာဖုံးကွယ်ထားတဲ့ အမှန်သဘောတွေကို အရှိအရှိအတိုင်းမြင်သိလာအောင် ၀ိပဿနာ ရှုတဲ့နည်းပါပဲ။
အဲဒါကြောင့် ဗုဒ္ဓမြတ်စွာက မဟာသတိပဋ္ဌာနသုတ် တော်မှာ
သမထ၊ ၀ိပဿနာ ရှုပွားခြင်းဆိုတဲ့ မဟာသတိပဋ္ဌာန် ခရီးလမ်းမကြီးဟာ-
- သတ္တ၀ါတို့ရဲ့ စိတ်ကို စင်ကြယ်စေဖို့
- စိုးရိမ်ခြင်း သောကနဲ့ ငိုကြွေးခြင်း ပရိဒေ၀တို့ကို လွန်မြောက်စေဖို့
- ကိုယ်ဆင်းရဲ၊ စိတ်ဆင်းရဲတို့ကို ချုပ်ငြိမ်းစေဖို့
-အရိယ မဂ်ကိုရဖို့နဲ့
- နိဗ္ဗာန်ကို မျက်မှောက်ပြုဖို့အတွက် တကြောင်းတည်းသော ခရီးလမ်းမကြီးဖြစ်တတ်လို့ ဟောတော်မူခဲ့ပါတယ်။

အဲဒါကြောင့် ယနေ့ လူ့ဘ၀ကို ရောက်ရှိလာကြတဲ့ ယောဂီသူတော်စင်အပေါင်းတို့သည်လည်း ရုပ်နာမ်တို့ရဲ့ သဘောအမှန်ကို သိရှိနိုင်အောင် သမထ ဘာဝနာ၊ ၀ိပဿနာ ဘာဝနာ များကို အားထုတ်ကြခြင်းဖြင့် ရုပ်နာမ်တို့၏ ချုပ်ငြိမ်းရာဖြစ်သော မြတ်နိဗ္ဗာန်ကြီးသို့ မျက်မှောက်ပြုနိုင်ကြပါစေ။

လူ နတ်ဗြဟ္မာ သတ္တ၀ါ အားလုံး ဘေးရန်ကင်းပျောက် ချမ်းသာသို့ ရောက်ရှိနိုင်ကြပါစေ။

ဝိဝေက 
ဓမ္မရောင်ခြည်

 

Contact

General Inquiries

Please use this email address to contact me by email.

ceomoenaymin@mmcities.com

Connect with me