03 Aug 2016

မေး ။    ။ ညီမ မင်္ဂလာပါ။ ညီမနာမည်လေး ပရိတ်သတ်ကြီးကို မိတ်ဆက်ပေးပါဦး။

ဖြေ ။    ။ ဟုတ်ကဲ့ ပရိသတ်ကြီး မင်္ဂလာပါ။ ညီမ နာမည်ကတော့ ရွှေအိမ်စည် ဖြစ်ပါတယ်။

မေး ။   ။ ညီမအသက် ဘယ်နှစ်နှစ်လဲ။

ဖြေ ။   ။ ညီမအသက် (၁၇) နှစ်ပါ။

မေး ။   ။ မော်ဒယ်လောကကို ဘယ်အချိန်က စ၀င်ခဲ့တာလဲ။ ပထမဆုံး စ၀င်ချိန်မှာ ကြုံတွေ့ရတဲ့ အတွေ့အကြုံလေးကို ပြောပြပေးပါ။

ဖြေ ။   ။ မော်ဒယ်လောကကို မြန်မာပြည် စပြန်ရောက်တဲ့အချိန်မှာ ဆရာဂျွန်လွင်ဆီမှာ သင်တန်းတက်ခဲ့ပါတယ်။ အဲဒီမှာ တက်ပြီးကတည်းက ကိုယ့်ဝါသနာကို သိလိုက်ရတယ်။ အဲဒီကနေစပြီး တောက်လျှောက် မော်ဒယ်လ် လုပ်ဖို့ စိတ်ကူးဖြစ်သွားတယ်။ အဲဒါနဲ့ ဆရာဂျွန်လွင်နဲ့ စာချုပ်ချုပ်ပြီး မော်ဒယ်လ် လုပ်ဖြစ်နေပါတယ်။

မေး ။   ။ ငယ်စဉ်တုန်းက ပြည်ပမှာ ပညာသွားသင်ခဲ့ဖူးလား။

ဖြေ ။   ။ ငယ်တုန်းက အသက် (၁၂) ကနေ (၁၇) ထိ အင်္ဂလန်မှာ အထက်တန်းကျောင်းသွားတက်ခဲ့တယ်။ ဆယ်တန်းပြီးတော့ မြန်မာနိုင်ငံမှာ အလည်ပြန်လာရင်းနဲ့ မော်ဒယ်လုပ်ဖြစ်သွားတယ်။

မေး ။   ။ ဒီနိုင်ငံမှာ ပညာရေးနဲ့ ပတ်သက်ပြီး ဘာတွေတက်ဖို့ စိတ်ကူးထားလဲ။

ဖြေ ။  ။ ဒီမှာတော့ ကျောင်းတက်ဖို့ စိတ်ကူးမရှိပါဘူး။ ဘာဖြစ်လို့လဲဆိုတော့ ဒီမှာ ကျောင်းပြန်တက်ရင် အစကနေ ပြန်လုပ်ရမှာမို့လို့ပါ။ ဒီကနေ အင်္ဂလန်ကို (၆) တန်းကတည်းက သွားခဲ့တာဆိုတော့ (၆) တန်းကနေ ပြန်စရမလို ဖြစ်နေပါတယ်။ အဲဒါကြောင့် ပညာရေးနဲ့ ပတ်သက်ပြီး ခဏ ရပ်နားထားပါတယ်။ ဒီမှာ စီးပွားရေး လုပ်ငန်းလေးတွေ အခြေကျပြီး သွားရင်တော့ အင်္ဂလန်မှာ သင်တန်းပြန်တက်မှာပါ။

မေး ။   ။ အဲဒီမှာ သင်တန်းတက်ရင် မော်ဒယ်လ်နဲ့ ပတ်သက်တဲ့ သင်တန်းပဲ တက်မှာလား။

ဖြေ ။   ။ မတက်ပါဘူး။ အခြားအသက်မွေးဝမ်းကြောင်းနဲ့ ပတ်သက်တာကိုပဲ တက်မှာပါ။ တက္ကသိုလ်တော့ပြီးအောင် တက်မှာပါ။

မေး ။  ။ ၀ါသနာက မော်ဒယ်လ်အလုပ်ကို ၀ါသနာပါတာဆိုတော့ အသက်မွေးဝမ်းကြောင်းအနေနဲ့ ဘယ်ဘာသာရပ်ကို အထူးပြုမှာလဲ။

ဖြေ ။  ။ ညီမစဉ်းစားမိတာကတော့ accountancy လုပ်ဖို့ စဉ်းစားနေတယ်။ တကယ်လို့ ပြန်သွားလို့ စိတ်မပြောင်းရင်လည်း accountancy ပဲ လုပ်ဖြစ်မှာပါ။ 

မေး ။  ။ နိုင်ငံခြားမှာ ကျောင်းပြန်တက်ရင် အနုပညာလုပ်ငန်းတွေ ရပ်နားထားမှာလား။

ဖြေ ။  ။ ရပ်နားဖြစ်ဖို့များပါတယ်။

မေး ။  ။ အဲဒီတော့ ဒီမော်ဒယ်လ်လောကမှာ ဘယ်အတိုင်းအတာအထိ လုပ်မယ်လို့ မှန်းထားလဲ။

ဖြေ ။   ။ ဒါကတော့ ပြောရခက်ပါတယ်။ အင်္ဂလန်မှာတော့ မော်ဒယ်လ် (၆) လ လုပ်ဖူးပါတယ်။ ဒါပေမဲ့ အင်္ဂလန်နဲ့ ဒီက culture မတူပါဘူး။ အဲဒီအတွက် ပထမဆုံးအနေနဲ့ တော်တော်လေးညှိုနိုင်းပြီး လုပ်လိုက်ရပါတယ်။

မေး ။   ။ အင်္ဂလန်မှာ မော်ဒယ်လ်လုပ်ဖူးတဲ့ အတွေ့အကြုံလေး ပြောပြပေးပါ။

ဖြေ ။   ။ အင်္ဂလန်မှာ (၆) လပဲဆိုတော့ ကျောင်းတက်နေရင်းနဲ့ ကျောင်းပိတ်ရက်အားတဲ့အချိန်မှာ မော်ဒယ်လ်ရှိုးလျှောက်ပါတယ်။ ပြီးတော့ မော်ဒယ်လ်ရှိုးလျှောက်တာနဲ့  Photo မော်ဒယ်လ် အဓိက လုပ်ပါတယ်။

မေး ။  ။ ဒီမှာ မော်ဒယ်လ်ကို ဘယ်လောက်ကြာအောင် လုပ်မှာလဲ။

ဖြေ ။   ။ ဒါကတော့ အချိန်အကန့်အသတ်မရှိပါဘူး။

မေး ။   ။ ညီမ Fashion  ပိုင်းနဲ့ ပတ်သက်ပြီး ဘယ်လို ပုံစံကို သဘောကျလဲ။

ဖြေ ။  ။ ညီမ အင်္ဂလန်မှာ (၄) နှစ်ဝန်းကျင်လောက်နေခဲ့တဲ့အတွက် ဒီရောက်တော့ ပူအိုက်တာကြောင့် အတိုအပြတ်တွေပဲ ၀တ်ဖြစ်ပါတယ်။ ညီမကြိုက်တာကတော့ free style ပါ။

မေး ။  ။ လူမှုကွန်ယက်မှာ ဟော့နေတဲ့ ကိုအေးနေ၀င်းနဲ့ ပတ်သက်နေမှုအကြောင်းလေးကို ရှင်းပြပေးပါ။

ဖြေ ။   ။ ဒီအကြောင်းကတော့  facebook ပေါ်မှာ တော်တော်လေး ကောလဟလတွေ ပြောနေကြပါတယ်။ ညီမတို့က သာမန်ခင်မင်မှုပဲ ဖြစ်ပါတယ်။ သူငယ်ချင်းမောင်နှမလိုပဲ ခင်ပါတယ်။ လူမှုကွန်ယက်မှာ ပျံ့နှံ့သလိုမျိုး လုံးဝမဟုတ်ပါဘူး။ ပြောချင်တဲ့သူတွေအမျိုးမျိုးပြောနေပေမဲ့လည်း ညီမဘက်ကတော့ ကိုယ့်လိပ်ပြာကို ကိုယ်လုံပါတယ်။ 

မေး ။  ။ ကိုအေးနေ၀င်းကရော ညီမကို ဘာတွေများ ကူညီပံ့ပိုးပေးတာရှိလဲ။ ဘယ်ကနေ ဘယ်လို စခင်ခဲ့တာလဲ။

ဖြေ ။   ။ ညီမတို့ ပွဲတစ်ခုမှ စပြီး ခင်ခဲ့တာပါ။ ခင်မင်မှုက အစ်ကို တစ်ယောက်လို ခင်ပါတယ်။ သူကလဲ အစ်ကိုတစ်ယောက်လိုပဲ ကူညီပံ့ပိုးပေးပါတယ်။

မေး ။  ။ ညီမမိဘတွေကရော ဒီအနုပညာလုပ်ငန်းနဲ့ ပတ်သက်ပြီး ဘယ်လိုမျိုး ကူညီပံ့ပိုးပေးလဲ။

ဖြေ ။   ။ ညီမကို မိဘတွေက အရာရာကို ထောက်ပံ့ပေးပါတယ်။ ဒါပေမဲ့ နောက်ပိုင်းမှာ ဖြစ်လာတဲ့ ကိစ္စတွေကိုတော့ သူတို့ဘက်က လုံးဝမကြည့်ရက်ပါဘူး။ ဒါပေမဲ့ အပြည့်အ၀ နားလည်ပေးပါတယ်။ အနုပညာလောကထဲကို ၀င်လာပြီဆိုကတည်းက အတိုက်အခိုက်ဆိုတာကတော့ ရှိမှာပဲ။ သူတို့ပြောတာကတော့ ကိုယ့်ဘက်က မှန်နေရင် အရာရာကို နားလည်ပေးလိုက်ပါတယ်။ သူတို့ဘယ်လောက်ပဲ ပြောပါစေ ညီမပြောချင်တာကတော့ ကိုယ့်လိပ်ပြာကိုလုံပါတယ်။

အခုလိုမျိုး ပြောကြားပေးတဲ့အတွက် ကျေးဇူးတင်ပါတယ်။
ညီမကလဲ ကျေးဇူးတင်ပါတယ်။

Contact

General Inquiries

Please use this email address to contact me by email.

ceomoenaymin@mmcities.com

Connect with me