13 Mar 2017

 

ဖောလစ်အက်ဆစ်သည် ရေတွင်ပျော်ဝင်နိုင်သော ဗီတာမင်အမျိုးအစားဖြစ်ပါသည်။ DNA နှင့် RNA ထုတ်လုပ်ရာတွင် ပါဝင်သော Nucleic acid ထုတ်လုပ်ရာတွင် အရေးပါပါသည်။ လူ့ခန္ဓာကိုယ်သည် Folic acid ကို မသိုလှောင်ထားနိုင်ပါ။ ထို့ကြောင့် ကျွန်တော်တို့နေ့စဉ် ဖောလစ်အက်ဆစ်ပါဝင်သော အစားအစာများကို စားသုံးရပါမည်။

ဖောလစ်အက်ဆစ်ပါဝင်သော အစားအစာများ
အသည်း၊ ကျောက်ကပ်၊ အစိမ်းရောင်ရှိသော အသီးအရွက်များ၊ ချိ(စ်)၊ မှို၊ ပဲကြီးစေ့၊ ကောက်ပဲသီးနှံများ၊ တစေးနှင့် ပန်းဂေါ်ဖီ၊ လိမ္မော်သီး၊ ငှက်ပျောသီး၊ ပဲနီလေး၊ ဆန်လုံးညို စသည်တို့တွင် ဗီတာမင် ဘီ ၉ (ဖောလစ်အက်ဆစ်) အများအပြား ပါဝင်ပါသည်။ 

 

လုပ်ငန်းဆောင်တာများ

------------------------

ဦးနှောက်၏ ပုံမှန်လုပ်ငန်းဆောင်တာများဖြစ်သော DNA နှင့် RNA ထုတ်လုပ်ရာတွင်အရေးပါပါသည်။ သားန္ဓေသားများ၏ ဦးနှောက်ဖွံ့ဖြိုးမှုအတွက်လည်း အလွန်အရေးပါသည်။ ထို့ကြောင့် ကိုယ်ဝန်ဆောင်မိခင်တိုင်းကို ဖောလစ်အက်ဆစ် အမြဲတိုက်ကျွေးနေကြတာပါ။ ကိုယ်ဝန်ဆောင်မိခင်များ၊ ကလေးငယ်များနှင့် ဆယ်ကျော်သက်များ၏ ဆဲလ်များလျင်မြန်စွာ ဖွံ့ဖြိုးရန်အတွက် ဖောလစ်အက်ဆစ်သည် အရေးပါသည်။ ဗီတာမင် ဘီ ၁၂ နှင့်အတူ ပူးပေါင်း၍ သွေးနီဥထုတ်လုပ်ရာတွင် ပါဝင်ပြီး ဘီ ၆၊ ဘီ ၁၂ တို့နှင့်အတူ ခန္ဓာကိုယ်တွင်းရှိ Homocysteine ခေါ် အမိုင်နိုအက်ဆစ်ကို ခန္ဓာကိုယ်တွင် လိုအပ်သော ပမာဏရအောင် ထိန်းသိမ်းပေးပါသည်။ ထို့ကြောင့် နှလုံး၏ လုပ်ငန်းဆောင်တာများကို Homocysteine ပမာဏလိုအပ်သည်ထက် မများအောင်၊ မလျော့အောင် ထိန်းသိမ်းခြင်းဖြင့် အထိုက်အလျောက်ကာကွယ်ပေးပါသည်။ 

ဖောလစ်အက်ဆစ်နှင့် အော်ဒီဆင် ရောဂါ
မကြာသေးမီက လေ့လာမှုများအရ ဖောလစ်အက်ဆစ်လျော့နည်းလျှင် အော်ဒီဆင် ပို၍ဖြစ်နိုင်ပါသည်။ ကိုယ်ဝန်ဆောင်ကာလအတွင်း ဖောလစ်အက်ဆစ်ကို သောက်သုံးခြင်းအားဖြင့် အော်ဒီဆင်ရောဂါ ဖြစ်ပွားမှုကို လျော့ချပေးပါသည်။ 

နှုတ်ခမ်းကွဲ၊ အာခေါင်ကွဲ ရောဂါ
မွေးရာပါ ရောဂါများဖြစ်သော နှုတ်ခမ်းကွဲ၊ အာခေါင်ကွဲကို ဖောလစ်အက်ဆစ် သောက်သုံးခြင်းဖြင့် ထိုသို့မွေးရာပါရောဂါများ ဖြစ်ပွားနှုန်းကို လျော့ကျစေပါသည်။ 

ဖောလစ်အက်ဆစ်လျော့နည်းချို့တဲ့လျှင် နုလုံးရောဂါဖြစ်ပွားနှုန်းမြင့်တတ်ခြင်း၊ လေဖြတ်မှုမြင့်တတ်ခြင်း၊ ကင်ဆာရောဂါအချို့ ပိုမိုဖြစ်ပွားနိုင်သည်။ အမျိုးသားများတွင် သုတ်ကောင်ရေ လျော့ကျပြီး မျိုးမအောင်နိုင်ခြင်း၊ အလွန်အမင်းစိတ်ဓါတ်ကျခြင်း၊ မှတ်ဥာဏ်လျော့နည်းခြင်း၊ ပုံမှန်မဟုတ်သော စိတ်တိုလွယ်ခြင်း၊ အလျင်စလိုဖြစ်ခြင်း၊ အလွယ်တကူဓါတ်မတည့်၍ ယားယံမှုများဖြစ်လာခြင်း၊ အရိုးသိပ်သည်းဆလျော့နည်းလာခြင်း စသည်တို့ဖြစ်နိုင်ပါသည်။

အဖြစ်များဆုံးဖြစ်သော သွေးအားနည်းရောဂါ (Folic acid deficiency anemia)
နေ့စဉ်လိုအပ်သော ဖောလစ်အက်ဆစ်ပမာဏကို ပုံမှန်မသောက်သုံးနိုင်လျှင် ဖောလစ်အက်ဆစ် ချို့တဲ့သော သွေးအားနည်းရောဂါဖြစ်ပါမည်။ သွေးနီဥ အလုံအလောက်မထုတ်လုပ်နိုင်ခြင်းကြောင့် ခန္ဓာကိုယ်ရှိ အခြားအစိတ်အပိုင်းများကို အောက်ဆီဂျင်လုံလောက်စွာမပေးစွမ်းနိုင်ပါ။ ထိုကဲ့သို့အခြေအနေမျိုးကို ကိုယ်ဝန်ဆောင်နှင့် နို့တိုက်မိခင်များတွင် အဖြစ်များပါသည်။ Sickle cell ရောဂါများ၊ အရက်အလွန်အကျွံသောက်သုံးသူများနှင့် ကျောက်ကပ်ရောဂါရှင်များသည် ဖောလစ်အက်ဆစ်အလုံအလောက် မစုပ်ယူနိုင်တော့ပါ။ သွေးအားနည်းခြင်းဖြစ်ပါသည်။ အဆစ်အမြစ်ရောင်ရောဂါ၊ ကင်ဆာရောဂါနှင့် အတတ်ရောဂါများတွင် အသုံးပြုသော ဆေးများသည် ဖောလစ်အက်ဆစ်ဓါတ်ကို လျော့နည်းစေပါသည်။ ဖောလစ်အက်ဆစ်လျော့နည်းခြင်းကြောင့် ဖြစ်တတ်သော ရောဂါလက္ခဏာများမှာ မောပန်းလွယ်ခြင်း၊ တစ်ကိုယ်လုံးအားမရှိသလို ခံစားရခြင်း၊ ပါးစပ်နားပတ်ဝန်းကျင်တွင် ရှနာကဲ့သို့နာနေခြင်း၊ သတိခဏခဏမေ့ခြင်း၊ စိတ်တိုလွယ်ခြင်း၊ အစာစားခြင်စိတ်လျော့နည်းခြင်း၊ ကိုယ်အလေးချိန်ကျဆင်းခြင်း စသည်တို့ဖြစ်ပါသည်။ 

ဖောလစ်အက်ဆစ်ကို ကလေးမွေးနိုင်သော အရွယ်ရှိသည့် သက်ငယ်အမျိုးသမီးတိုင်း ကိုယ်ဝန်ရှိသည်ဖြစ်စေ မရှိသည်ဖြစ်စေ သောက်သုံးသင့်ပါသည်။ ဒေါက်တာ ရစ်ချက်ဂျွန်ဆင်၏ လေ့လာချက်အရ ကိုယ်ဝန်မဆောင်ခင်ကတည်းက အမျိုးသမီးတစ်ယောက်သည် တစ်လခန့်အလိုကတည်းက ဖောလစ်အက်ဆစ်ကို ပုံမှန်မှီဝဲသင့်ပါသည်။ ကလေးမွေးနိုင်သော သက်ငယ်အမျိုးသမီးတိုင်း တစ်နေ့လျှင် ဖောလစ်အက်ဆစ် 0.4 မီလီဂရမ် သောက်သုံးသင့်ပါသည်။ 

ဖောလစ်အက်ဆစ်၏ ဘေးထွက်ဆိုးကျိုးများ
ဖောလစ်အက်ဆစ်ကို သောက်သုံးခြင်းကြောင့် ဖြစ်သော ဘေးထွက်ဆိုးကျိုးမှာ အင်မတန်နည်းပါးလှပါသည်။ ရှားရှားပါးပါး ဗိုက်အောင့်ခြင်း ဖြစ်တတ်ပါသည်။ ဖောလစ်အက်ဆစ်သည် ရေတွင်အလွယ်တကူပျော်ဝင်နိုင်သော ဗီတာမင်ဖြစ်သောကြောင့် ရေများများသောက်လျှင် ခန္ဓာကိုယ်မှ ထွက်သွားပါသည်။

Contact

General Inquiries

Please use this email address to contact me by email.

ceomoenaymin@mmcities.com

Connect with me